Thursday, August 3, 2017

The Voice

မြန်မာ့ပထမလုံခြုံရေးနှင့် ဥပဒေ အကျိုးဆောင်အဖွဲ့ အမှု ၂၀ ဖော်ထုတ်နိုင်ပြီဟုဆို ရန်ကုန်၊ ဩဂုတ် ၂ ရဲအရာရှိဟောင်း၊ တပ်မတော် ထောက်လှမ်းရေးဟောင်းများဖြင့် ဖွဲ့စည်းထားသော မြန်မာ့ပထမလုံခြုံရေးနှင့် ဥပဒေ အကျိုးဆောင်အဖွဲ့ထံ ငါးလအတွင်း လာရောက် အပ်နှံထားသော အမှုပေါင်း ၄၀ ကျော်အနက် အမှု ၂၀ ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း အဆိုပါအဖွဲ့ထံမှ သိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယာယီ လုပ်ကိုင်ခွင့်ပြုထားသော်လည်း တရားဝင် လုပ်ကိုင်ခွင့် မှတ်ပုံတင် မကျသေးသည့် အဆိုပါအဖွဲ့ထံ သက်သေပျောက်၊ လူ ပျောက်၊ တရားခံပျောက်၊ အာမခံပျောက်၊ ပစ္စည်းပျောက်နှင့် အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့် ပတ်သက်သော အမှုများ လာရောက် အပ်နှံရာတွင် လူပျောက်၊ ပစ္စည်းပျောက်နှင့် အိမ်ထောင်ရေး ဖောက်ပြန်မှုနှင့် ပတ်သက်သော အမှုများကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။ “လုပ်ငန်းလိုင်စင် မရသေးပေမယ့် အရှိန်အဟုန် ကောင်းကောင်းနဲ့ လည်ပတ်နိုင်နေပါပြီ။ လုပ်ငန်းက ခုနစ်ဆယ် ရာခိုင်နှုန်းလောက်တော့ အောင်မြင်တယ်။ အများဆုံး အပ်နှံတာက လူပျောက်၊ ပစ္စည်းပျောက်၊ အိမ်ထောင်ရေးမှာ လင်မယားချင်း မသင်္ကာမှုတွေပါ။ တချို့လည်း အပ်နှံသူက ဝန်ဆောင်ခ မပေးနိုင်လို့ ရပ်ပစ်လိုက်တာလည်း ရှိတယ်”ဟု အဆိုပါအဖွဲ့မှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးညွှန့်က ဆိုသည်။ မြန်မာ့ပထမလုံခြုံရေးနှင့် ဥပဒေ အကျိုးဆောင်အဖွဲ့၏ ရုံးချုပ်ကို သန်လျင်မြို့နယ်၊ အောင်ချမ်းသာကုန်း၊ အမှုထမ်းရပ်ကွက်၊ ဘောဂလမ်းတွင် ဖွင့်လှစ်ထားခဲ့ပြီး ဦးဆောင် ကော်မတီဝင် ဆယ်ဦးက ကြီးကြပ် ဆောင်ရွက်ပြီး နိုင်ငံအနှံ့ အမှုလိုက် စုံစမ်းပေးမည့်အဖွဲ့ဝင် ၁၀ဝ ခန့်ရှိကာ မြို့နယ်ပေါင်း ၃၀ ကျော်တွင် တိုးချဲ့ထားကြောင်း၊ ရန်ကုန်မြို့ အခြေစိုက်အဖွဲ့တွင် လူဦးရေ ၃၀ ဦး ခန့်ထားကြောင်း အဆိုပါ အဖွဲ့ထံမှ သိရသည်။ ရန်ကုန်အခြေစိုက်အဖွဲ့ဝင် ၃၀ ဦး တွင် အမှုလိုက် စုံစမ်းရာတွင် ကျွမ်းကျင်အဆင့်၊ အလယ်အလတ်အဆင့်၊ သာမန် အဆင့်ဟူ၍ သုံးမျိုး ခွဲခြားထားပြီး အချို့ကို အချိန်ပိုင်း စုံစမ်းပေးရန် ခန့်အပ်ထားပြီး ဝန်ထမ်းများကို လစာစနစ်အပြင် အချိန်ပိုင်း စွမ်းဆောင်မှုအလိုက် ငွေပေးကြောင်း မြန်မာ့ပထမ လုံခြုံရေးနှင့် ဥပဒေ အကျိုးဆောင် အဖွဲ့ထံမှ သိရသည်။ “ရန်ကုန်မြို့တွင်း အလုပ်အပ်ရင် ကားတစ်စီးနဲ့ လူနှစ်ယောက် ထည့်ပေးပြီး စုံစမ်းပေးတယ်။ တစ်နေ့ကို အချိန် ၈ နာရီ အလုပ် လုပ်ရရင် ငွေကျပ် တစ်သိန်းနှုန်း ဝန်ဆောင်ခ ယူဖို့ သတ်မှတ်ထားတယ်။ နယ်ဝေးပြီးတော့ ခက်ခက်ခဲခဲ စုံစမ်းဖော်ထုတ်ရမယ်ဆိုရင် ဒီဈေးနဲ့ မရတော့ဘူးပေါ့”ဟု မြန်မာ့ပထမလုံခြုံရေးနှင့် ဥပဒေအကျိုးဆောင် အဖွဲ့တွင် အချိန်ပိုင်း ဝင်ရောက် လုပ်ကိုင်နေသော သန်လျင်မြို့နယ်မှ အမျိုးသားတစ်ဦးက ဆိုသည်။ အဆိုပါအဖွဲ့ကို စတင်ဖွဲ့စည်းစဉ်က အလွတ်စုံထောက်လုပ်ငန်းဟု အမည်ပေးထားသော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီထံ လုပ်ငန်းလိုင်စင် လျှောက်ထားရာတွင် အဆင်မပြေခြင်းကြောင့် မြန်မာ့ပထမလုံခြုံရေးနှင့်ဥပဒေ အကျိုးဆောင်အဖွဲ့ဟူ၍ အမည်ပြောင်းလဲကာ ကုမ္ပဏီလုံခြုံရေး၊ လူပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံရေးနှင့် စုံစမ်းထောက်လှမ်းရေးတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။
Source : https://goo.gl/D7WHU9
via IFTTT

No comments:

Post a Comment