ဦးကျော်မင်းဆွေ အာမခံရရှိရန် ၉ ကြိမ်မြောက် လျှောက်ထားမည် ရန်ကုန်၊ ဩဂုတ် ၂ တပ်မတော်က ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲထားမှုကို အချုပ်ဖြင့် ရင်ဆိုင်နေရသော The Voice Daily အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ အာမခံရရှိရန် ဩဂုတ်လ ၄ ရက်နေ့တွင် ၉ ကြိမ်မြောက်အဖြစ် ထပ်မံ လျှောက်ထားမည်ဖြစ်ကြောင်း ဥပဒေ အကျိုးဆောင် ဦးခင်မောင်မြင့်က ပြောကြားသည်။ ဆက်သွယ်ရေး ဥပဒေဖြင့် တရားစွဲဆိုမှုများတွင် စွပ်စွဲခံရသူ အများစု၏ အာမခံ လျှောက်ထားမှုကို သက်ဆိုင်ရာ တရားသူကြီးများက ရာဇဝတ် ကျင့်ထုံးပုဒ်မ ၄၉၇ (၁) အရ ဆေးစာမလိုဘဲ ခွင့်ပြုခဲ့ကြပြီး တပ်မတော်က တရားစွဲဆိုထားသော ဦးကျော်မင်းဆွေအတွက် အာမခံလျှောက်ထားမှုမှာ အကြိမ်ကြိမ် ပယ်ချခံရခြင်းကြောင့် စွပ်စွဲခံရသူကို ကျူးလွန်ခြင်း ရှိ မရှိ မဆုံးဖြတ်ရသေးခင် ကြိုတင် အပြစ်ပေးသည့်သဘော သက်ရောက်နေကြောင်း ဦးခင်မောင်မြင့်က ဆိုသည်။ “အခုနောက်ဆုံး Myanmar Now က ကိုဆွေဝင်းအတွက် ဂုဏ်သိက္ခာအရ ၄၉၇ (၁)နဲ့ အာမခံ လျှောက်တာ မဟာအောင်မြေမြို့နယ် တရားသူကြီးက ခွင့်ပြုတယ်၊ Eleven မီဒီယာက အယ်ဒီတာချုပ် ကိုဝေဖြိုး တာမွေတရားရုံးမှာ လျှောက်တာ ၄၉၇ (၁) ပါ၊ ပုသိမ်က လူ့အခွင့်အရေး လှုပ်ရှားသူ ဦးထွန်းထွန်းဦးလည်း ၄၉၇ (၁) နဲ့ လျှောက်တာပါ၊ အားလုံး အာမခံ ရခဲ့ပါတယ်၊ ဦးကျော်မင်းဆွေကျမှ အကြိမ်ကြိမ် ပယ်ချခံနေရတာ”ဟု ဥပဒေအကျိုးဆောင် ဦးခင်မောင်မြင့်က ဆိုသည်။ မတ်လ ၂၆ ရက်နေ့ထုတ် The Voice နေ့စဉ်ထုတ် သတင်းစာတွင်ဖော်ပြခဲ့သော “ကျည်ထောင်စုသစ္စာ”သရော်စာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီနှင့် ညှိနှိုင်းမှု မပြီးဆုံးခင်မှာပင် တပ်မတော်က သတင်းမီဒီယာ ဥပဒေ ပုဒ်မ ၂၃ ကို ဖောက်ဖျက်၍ ဗဟန်းမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့ရုံမက ဗဟန်းမြို့နယ် တရားရုံးတွင် ထပ်မံဦးတိုက် လျှောက်ထားခဲ့ခြင်း ဖြစ်သည်။ သတင်းမီဒီယာ ဥပဒေကို ဖောက်ဖျက်ပြီး အမှုဖွင့်ခဲ့ခြင်းကြောင့် ဇွန်လ ၂ ရက်နေ့တွင် ဗဟန်းမြို့မ ရဲစခန်းက မေးခွန်းအချို့ကို စစ်မေးရန် ကျန်ရှိသဖြင့် ရဲစခန်းသို့ လာရောက်ပေးရန် အကြောင်းကြားသဖြင့် ထပ်မံ သွားရောက်ခဲ့သော ဦးကျော်မင်းဆွေမှာ ဖမ်းဆီးခံခဲ့ရပြီး အများပြည်သူ ရုံးပိတ်ရက်ဖြစ်သော ဇွန်လ ၃ ရက် စနေနေ့တွင် ဗဟန်းမြို့နယ် တရားသူကြီးက တရားရုံးဖွင့်၍ ရမန်ပေးခဲ့ရုံမက အာမခံ လျှောက်ထားမှုကို အကြိမ်ကြိမ် ပယ်ချခဲ့သည်။ အာမခံ လျှောက်ထားမှုကို ပယ်ချခံရမှုနှင့်ပတ်သက်၍ ဦးကျော်မင်းဆွေက “တရားစီရင်ရေး မဏ္ဍိုင်အောက်က ဝန်ထမ်းတစ်ဦးအနေနဲ့ ဥပဒေနဲ့အညီ အာမခံ လျှောက်ထားမှုမှာ အာမခံ ပေးသင့် မပေးသင့်ဆိုတာ တရားမျှတစွာ စီရင်ဆုံးဖြတ်နိုင်ရမယ်။ တရားသူကြီးက အာမခံ ပယ်ချလိုက်တာနဲ့ပတ်သက်ပြီး ဘာမှမပြောလိုပါဘူး။ ဒါ သူ့သမိုင်း သူရေးတာပါ။ နိုင်ငံ့ဝန်ထမ်း နိုင်ငံက ထောက်ပံ့တဲ့လစာ စားနေတဲ့ဝန်ထမ်း အထူးသဖြင့် တရားစီရင်ရေးပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေက သာမန်ပြည်သူတွေထက် သူတို့တွေက မိမိလုပ်ဆောင်ချက် မိမိပြောစကားတွေမှာပါ တရားဥပဒေကျကျ ရှိရမယ်။ သမာသမတ် ကျရမယ်။ ဒါပဲ ကျွန်တော်ပြောချင်ပါတယ်”ဟု ဇွန်လ ၁၆ ရက်နေ့က တတိယအကြိမ် အာမခံ လျှောက်ထားမှု အပြီးတွင် တရားရုံးမှ အထွက်တွင် ဦးကျော်မင်းဆွေက မှတ်ချက်ပေး ပြောကြားသည်။ နေပြည်တော် ပြန်ကြားရေးဝန်ကြီး ဌာနတွင် ဇူလိုင်လ ၂၇ ရက်နေ့ မွန်းလွဲပိုင်းကပြုလုပ်သော တပ်မတော်နှင့် သတင်းမီဒီယာများ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံပွဲတွင် တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ရဲဝင်းက “ကိုကျော်မင်းဆွေ ကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က ဖိအားပေးထားတာ ဘာမှ မရှိဘူး”ဟု ပြောကြားခဲ့သည်။ တပ်မတော်နှင့် သတင်းမီဒီယာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တွေ့ဆုံမှု မတိုင်ခင် နှစ်ရက်အလို ဇူလိုင် ၂၅ ရက်နေ့တွင် အမျိုးသားလွှတ်တော်၌ ပြုလုပ်သော ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ချက် ဥပဒေကြမ်းကို ဆွေးနွေးရာတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသက်မင်းက “အာမခံပေးရန် မသင့်ပါကြောင်း တင်ပြအပ်ပါတယ်”ဟု ဆွေးနွေးခဲ့သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက တင်သွင်းခဲ့သော ပြင်ဆင်ချက် ဥပဒေကြမ်းကို ဩဂုတ်လ ၂ ရက်နေ့က ပြုလုပ်သော အမျိုးသား လွှတ်တော် အစည်းအဝေးတွင် အတည်ပြုခဲ့ရာ ဥပဒေကြမ်း ကော်မတီက တင်ပြထားသည့်အတိုင်း ဆက်သွယ်ရေးဥပဒေပါ ၆၆ (က)၊ (ခ) နှင့် (ဃ) တို့ပါပြစ်မှုများကို အာမခံ ပေးနိုင်သည့်ပြစ်မှုများအဖြစ် သတ်မှတ်ခဲ့သည်။ ဆက်သွယ်ရေးဥပဒေ ၆၆ (ဃ) ဖြင့် တရားစွဲဆိုမှုများတွင် ယခင်အစိုးရ လက်ထက်က ၇ မှုရှိခဲ့သော်လည်း လက်ရှိ အစိုးရလက်ထက်တွင် တရားရုံးတင် တရားစွဲဆိုခံရသည့် အမှုပေါင်း ၇၃ မှုရှိပြီး ထိုအမှုများထဲတွင် တပ်မတော်က တရားစွဲခဲ့သောအမှု ၇ မှု၊ NLD ပါတီက တရားစွဲခဲ့သောအမှု ၆ မှုနှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ကြားလူများက တရားစွဲခဲ့သောအမှု ၈ မှုရှိကြောင်း ဆက်သွယ်ရေး ဥပဒေဆိုင်ရာ သုတေသနအဖွဲ့ထံမှ သိရသည်။ ဆက်သွယ်ရေး ဥပဒေ ၆၆ (ဃ)ဖြင့် သတင်းမီဒီယာသမားများအပေါ် အရေးယူထားသော အမှု ၁၀ မှုတွင် သတင်းသမား ၁၈ ဦး တရား ရင်ဆိုင်နေရပြီး ကျည်ထောင်စုသစ္စာ သရော်စာနှင့်ပတ်သက်၍ တပ်မတော် တရားစွဲဆိုထားသော The Voice နေ့စဉ်ထုတ် သတင်းစာမှ ဦးကျော်မင်းဆွေတစ်ဦးသာ အာမခံ မရဘဲ အမှု ရင်ဆိုင်နေရသည်။ “ပြီးခဲ့တဲ့ နောက်ဆုံးအကြိမ် ရုံးချိန်မှာ မြို့နယ် ဥပဒေအရာရှိက မကန့်ကွက်ပါဘူးလို့ ပြောတာတောင် တရားသူကြီးက ပယ်ချခဲ့တာပါ”ဟု တရားခွင်သို့ သွားရောက် လေ့လာသူတစ်ဦးက မှတ်ချက်ပေးသည်။
Source : https://goo.gl/m2VJja
via IFTTT
No comments:
Post a Comment