Monday, August 7, 2017

The Voice

ကြက်ဥတစ်လုံး ၄၀ ကျပ် ပြည်၊ ဩဂုတ် ၆ H1N1 ရာသီတုပ်ကွေးနှင့် H5N1 (ကြက်ငှက်တုပ်ကွေးရောဂါ) ဖြစ်ပေါ်နေခြင်းကြောင့် ပြည်မြို့တွင် တစ်ပတ်အတွင်း ကြက်ဥဝယ်ယူသူ နည်းပါးသွားပြီး ကြက်ဥဈေးသည် သုံးပုံတစ်ပုံခန့် ဈေးထိုးကျသွားပြီး တစ်လုံးကို ကျပ် ၄၀ ခန့်အထိဖြစ်ကြောင်း၊ ပြည်မြို့ ကြက်ဥ၊ ကြက်သား ရောင်းဝယ်ရေး လုပ်ကိုင်သူများက ပြောကြားသည်။ ပြီးခဲ့သည့် ဩဂုတ်လဆန်းပိုင်းမှ စတင်ကာ ရာသီတုပ်ကွေး၊ ကြက်ငှက် တုပ်ကွေးများကြောင့် အများစုသည် ရောဂါ ဖြစ်မည်ကို စိုးရိမ်၍ ဝယ်ယူမှု နည်းလာပြီး ဈေးကျလာရခြင်းဖြစ်ကြောင်း ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။ “အရင်နှစ်တွေက ဒီလောက်ကြီးထိ တစ်ခါမှ ဈေးမကျဘူး။ အခုက လူတုပ်ကွေးရော ကြက်ငှက်တုပ်ကွေးရော ရောပြီး ဒီကပဲ ကူးသလိုလိုနဲ့ ဘယ်သူမှ မဝယ်ရဲကြတော့ဘဲ ဈေးကျသွားတယ်”ဟု ရွှေဟင်္သာ ကြက်ဥ၊ ကြက်သွန် ရောင်းဝယ်ရေးမှ ဦးကျော်မိုးထွန်းက ပြောဆိုသည်။ လက်လီရောင်းချသူများသည် ယခင် ဈေးထက် ထက်ဝက်ခန့် ဈေးလျှော့ ရောင်းချနေသော်လည်း အရောင်းအဝယ် မဖြစ်၍ အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ ထားဝယ်မြို့တွင် ကြက်ငှက်တုပ်ကွေး ရောဂါဖြစ်ပွားနေသည့်အတွက် ပြည်မြို့ရှိ ကြက်ခြံများကိုလည်း လိုက်လံ စစ်ဆေးခြင်း၊ အသိပညာပေးခြင်းနှင့် ကျန်းမာရေးဌာနနှင့် ပူးပေါင်း၍လည်း ကြက်ဥ၊ ကြက်သားစားပါက ရောဂါမကူးစက်နိုင်ကြောင်းကို အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း ပြည်မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင်တင်မြင့်က ပြောဆိုသည်။ “အခုဖြစ်နေတဲ့ H1N1 က ကြက်ဥ၊ ကြက်သားတွေက နေလုံးဝမကူးပါဘူး။ ကြက်ငှက်တုပ်ကွေးက ကြက်ကြက်ခြင်းပဲ ကူးစက်မြန်တာ ရှိတယ်”ဟု ၎င်းက ဆိုသည်။ လက်ရှိ ပြည်မြို့တွင် ဩဂုတ်လ ၃ ရက်နေ့မှ စတင်ကာ ကြက်ဥတစ်လုံးလျှင် ယခင် ၉၇ ကျပ်၊ အောက်ဈေး ၈၅ ကျပ်မှ လက်ရှိ ၅၅ ကျပ်၊ အောက်ဈေး ၄၀ကျပ် အထိ လျော့ကျသွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
Source : https://goo.gl/17UeZj
via IFTTT

No comments:

Post a Comment