UNFC တပ်ပေါင်းစုထံ SSPP/SSA နှုတ်ထွက်စာတင် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSPP/SSA) အဖွ့ဲသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တပ်ပေါင်းစုထံ နှုတ်ထွက်စာတင်ထားကြောင်း သတင်းရရှိသည်။ “ဝ” ပြည်သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA) ဦးဆောင်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ဖြင့် ဖွဲ့စည်း ထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးရေး ကော်မတီ (FPNCC) အစည်းအဝေးတွင် SSPP/SSA ဒုဥက္ကဋ္ဌ ဖြစ်သည့် ဗိုလ်ချုပ် စဝ်ခွန်ဆိုင် တင်ပြခဲ့ခြင်းဖြစ်သည်။ “သြဂုတ်လ ၁၂ ရက်နေ့မှာ UNFC ဥက္ကဋ္ဌ နိုင်ဟံသာကို ကျနော်တို့ အကြောင်းအရာရေးပြီးတော့မှ UNFC အဖွဲ့မှ နှုတ်ထွက်ခွင့် တင်ပြခြင်း ဆိုတဲ့ စာကို ပေးပို့ပြီးသားဖြစ်ပါတယ်ဆိုတဲ့ အကြောင်း ဒီနေရာမှာ ပြန်ပြီးတော့ ကြေညာအပ်ပါတယ်ခင်ဗျာ” ဟု အစည်း အဝေး တင်ပြချက် ရုပ်သံတွင် တွေ့ရှိရသည်။ FPNCC အတွင်းရေးမှူး အစည်းအဝေး တက်ရောက်နေသော TNLA မှ ဒုဥက္ကဋ္ဌ တာဂျူတ်ဂျား ကလည်း “ဟုတ်ပါတယ်။ ကျနော်တို့ FPNCC မှာ SSPP က ပြောတယ်။ ကျနော်တို့ UNFC မှာ နှုတ်ထွက်စာ တင်ထားပြီးပြီလို့ ပြောလာတယ်။ သူတို့ ပြောတာပါ” ဟု ပြောသည်။ SSPP/SSA နှုတ်ထွက်စာ တင်ထားမှုနှင့် ပတ်သက်၍ UNFC ထံ ဆက်သွယ်မေးမြန်းသော်လည်း မရရှိပေ။ သို့သော်လည်း SSPP/SSA ကိုနှုတ်ထွက်ခွင့် ပြုမည်ဆိုပါက UNFC တပ်ပေါင်းစု အင်အား ထပ်လျော့သွားမည်ဖြစ်သည်။ SSPP/SSA အား UNFC တပ်ပေါင်းစုမှ နှုတ်ထွက်ခွင့် ပြုလျင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်တစ်ယူနီယံ (LDU) နှင့် ရခိုင်အမျိုးသားကောင်စီ (ANC) တို့ ၄ ဖွဲ့သာ ကျန်ရှိတော့မည်ဖြစ်သည်။ SSPP/SSA သည် မူလက UWSA ဦးဆောင်သော FPNCC တွင်လည်း မြောက်ပိုင်းမဟာမိတ် အဖွဲ့များနှင့် အတူ ပါဝင် ထားသလို UNFC တွင်လည်း တပ်ပေါင်းစု အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည်။ ယခုကဲ့သို့ UNFC တပ်ပေါင်းစုထံ နှုတ်ထွက်စာတင်ခြင်းသည် FPNCC တွင် လုံးလုံးလျားလျား ပေါင်းစည်းလိုက်ခြင်းကို ပြနေသည်။ FPNCC သည် UWSA၊ SSPP/SSA၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – မိုင်းလား အဖွဲ့ (NDAA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် – ကိုးကန့်အဖွဲ့ (MNDAA) နှင့် ရက္ခိုင့် တပ်မတော် (AA) တို့နှင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ UNFC ကတော့ အစိုးရနှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးနိုင်ရေး အတွက် ၎င်းတို့ အဆိုပြုထားသော အချက် ၈ ချက်အပေါ်တွင် ညှိနှိုင်းဆွေးနွေးနေသည့် အခြေ အနေပေါ်တွင်ရှိပြီး FPNCC ကတော့ အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုများ ရပ်တန့်နေသည်။ The post UNFC တပ်ပေါင်းစုထံ SSPP/SSA နှုတ်ထွက်စာတင် appeared first on ဧရာဝတီ.
Source : http://ift.tt/2vTKsmR
via IFTTT
No comments:
Post a Comment