ဘင်္ဂလားဒေ့ရှ် မကူညီ၍ ARSA ခေါင်းဆောင်များကို မဖမ်းနိုင်ကြောင်း မြန်မာ အစိုးရပြော ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်များတွင် ပါဝင်ခဲ့ကြသည့် မွတ်ဆလင် အကြမ်းဖက်သမား ၃၀၀၀ ကျော် စာရင်းကို ဓာတ်ပုံ၊ ကိုယ်ရေးအချက်အလက်များနှင့် တကွ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပေးပို့ထားသော်လည်း ယနေ့အချိန်ထိ အကြောင်းပြန်ခြင်း မရှိကြောင်း မြန်မာ အစိုးရဘက်မှ ထုတ်ဖော်ပြောကြားသည်။ ARSA ခေါင်းဆောင်များနှင့် ထောက်ခံသူများသည် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒုက္ခသည်စခန်းများတွင် နေထိုင်လျက်ရှိပြီး နိုင်ငံ တကာ သတင်းများတွင် တရားဝင် ဖော်ပြချက်များအရ ဒုက္ခသည်စခန်းနှင့် ကိုက် ၁၀၀ သာ ကွာဝေးသည်ဟု ဖော်ပြထားကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မနေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ “ဘင်္ဂလားဒေ့ရှ်မှာ နေပြီးတော့ ဒီဘက်ကို အကြမ်းဖက် လာလာလုပ်နေတဲ့ ARSA ခေါင်းဆောင်တွေကို ဘင်္ဂလားဒေ့ရှ် အကူအညီ မရဘဲ ဘယ်လိုမှ မဖမ်းနိုင်ဘူး။ နှိမ်နင်းလို့ မရဘူး။ ဒါပေမယ့် အဓိက အရေးကြီးတာက ဘင်္ဂလားဒေ့ရှ် အနေနဲ့လည်း စဉ်းစားဖို့ လိုတာက ဒီကောင်တွေ အကြမ်းဖက် အစွန်းရောက် ARSA တွေ ရှိနေသ၍ သူ့နယ်စပ်လည်း မလုံခြုံဘူး”ဟု ၎င်းက ပြောသည်။ ARSA ခေါင်းဆောင်များသည် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းတွင် ရှိနေပြီး ဘင်္ဂလားဒေ့ရှ်ဘက်သို့လည်း အထောက်အထားများ ပေးထားကြောင်း၊ လူ ၃၀၀၀ ကျော်စာရင်းတွင် ဓာတ်ပုံနှင့်တကွ ကိုယ်ရေးအချက်အလက်များပါ ပေးထားသော်လည်း ယနေ့အချိန်အထိ ပြန် မရကြောင်း သိရသည်။ ARSA အဖွဲ့ဝင်များသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင် တရားဝင် နေထိုင်နိုင်သကဲ့သို့ ပြည်တွင်းမှာလည်း ယခုထိ ရှိနေကြောင်း၊ ဘူးသီးတောင်၊ မောင်တောဒေသမှ တိုင်းရင်းသားများ တောတိုးသည့်အခါ မကြာခဏ ARSA နှင့် ထိပ်တိုက်တိုးလေ့ရှိကြောင်း၊ ARSA ခေါင်းဆောင်နှင့် အဖွဲ့ကို ယနေ့အချိန်အထိ အရေးယူမပေးနိုင်သူ အစိုးရတွင် တာဝန်ရှိကြောင်း ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောသည်။ “အခု ကျနော်တို့ကို အကြမ်းဖက်ပြီး ထွက်သွားသူတွေကို လက်ခံဖို့ပဲ လုပ်နေတယ်။ ပြန်လာတဲ့အထဲမှာ ARSA တွေ မပါဘူးလို့ မပြောနိုင်ဘူး။ နယ်စပ်ကို ဖြတ်ပြီး ပြန်ဝင်လာတဲ့သူတွေ ရှိတယ်။ ဘူးသီးတောင်၊ ဂူတာပြင် ကျေးရွာမှာ အိမ်ခြေ ၅၀ လောက် ဖြစ်နေပြီ။ ဘယ်သူမှ လာမစစ်ဘူး။ အစိုးရက လက်ရှောင်နေတယ်လို့ မြင်တယ်”ဟု ၎င်းက ပြောသည်။ အစိုးရကမူ မြန်မာပိုင်နက်ဖြစ်သည့် ၂ နိုင်ငံ နယ်စပ်မျဉ်းတွင် ဝင်ရောက်နေထိုင်သူများကို ဝင်ရောက်ရှင်းလင်းလိုသော်လည်း တဖက်က နိုင်ငံရေး ထောင်ချောက်ဆင်ထားသဖြင့် စိတ်ရှည်စွာဖြင့် လုပ်ဆောင်နေရကြောင်း၊ မြန်မာ-ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ သဘောတူညီချက်များ အရ ယင်းနယ်စပ်မျဉ်းတွင် မည်သူမျှနေထိုင်ခွင့် မရှိကြောင်း မြန်မာ အစိုးရ၏ ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောသည်။ “ကျနော်တို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ ဝင်ရှင်းတာနဲ့ ဝိုင်းအော်ကြလိမ့်မယ်။ ဒီမှာ ခိုကိုးရာမဲ့သူတွေကို အတင်း လူမဆန်စွာ နှိမ်နင်းပါတယ် ဆိုပြီး ဖြစ်အောင် ဆင်ထားတာ။ ပြီးရင် ဆွလည်းဆွတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်က ပြောတာတော့ ဒီလူတွေကို သူတို့ မထောက်ပံ့ဘူး။ ဒါပေမယ့် နိုင်ငံတကာ အကူအညီတွေ ပေးတာကိုတော့ ခွင့်ပြုထားတဲ့ သဘောပြောတယ်”ဟု ၎င်းက ရှင်းပြသည်။ ယင်းဒုက္ခသည်များနှင့်အတူ ARSA ကို အဓိက ထောက်ပံ့သူ ဒီးမိုလ်ဟာမက်ဆိုသူ ရှိနေပြီး ၎င်းကိုယ်တိုင်လည်း ထုတ်ပြန်ချက်များ ထုတ်ပြန်ထားကြောင်း၊ ARSA ခေါင်းဆောင်များ၏ နိုင်ငံတကာ အင်တာဗျုးများတွင် ရွာ ၁၄ ရွာမှ ၎င်းတို့၏ အမာခံများ တရွာလျှင် လူ ၂၀၀ ရှိပြီး ၎င်းတို့ကို စုစည်း၍ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားထားသည်ဟု သိရသည်။ ထို့ကြောင့် မြန်မာ အစိုးရက ARSA အကြောင်းကို နိုင်ငံတကာမှ ပိုမိုသိရှိစေရန် မြန်မာ အခြေစိုက် သံရုံးများနှင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အခြေစိုက် သံရုံးများသို့ သတင်းအချက်အလက်များ မျှဝေပေးလျက်ရှိကြောင်း၊ နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ နိုင်ငံတကာအဖွဲ့အစည်းရုံးများ၊ လုံခြုံရေး ကောင်စီ အဖွဲ့ဝင် နိုင်ငံများထံသို့ပါ ပေးပို့သွားရန် မြန်မာ အစိုးရက စီစဉ်လျက်ရှိသည်။ “အဲဒီအတွက်လည်း ကျနော်တု့ိ ကွာလတီ Product နဲ့ ပတ်သက်လို့လည်း ကိုမျိုးမြင့်မောင် (ပြန်ကြားရေး အမြဲတန်း အတွင်းယန်)တို့ နဲ့ ပေါင်းပြီး လုပ်နေတယ်။ အပြင်က ကျွမ်းကျင်တဲ့သူတွေ၊ မီဒီယာပေါ့နော်။ Editing ကျွမ်းကျင်တဲ့သူတွေ တကယ့် အဆင့်ရှိတဲ့ဟာ တခု ဖြစ်အောင် ကျနေ်ာတို့ လုပ်နေပါတယ်။ ပြီးရင်တော့ အမြန်ဆုံး ဖြန့်ဝေသွားပါ့မယ်”ဟု ဦးဇော်ဌေးက ပြောပြခဲ့သည်။ The post ဘင်္ဂလားဒေ့ရှ် မကူညီ၍ ARSA ခေါင်းဆောင်များကို မဖမ်းနိုင်ကြောင်း မြန်မာ အစိုးရပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2x7eRmf
via IFTTT
No comments:
Post a Comment