Thursday, May 24, 2018


ဝန်ထမ်းငယ်များ လာဘ်ပေးလာဘ်ယူမှု နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်သာ အရေးယူ ဟု ဆို လုပ်ပိုင်ခွင့် သိပ်မရှိဘဲ ရာထူးငယ်များတွင် တာဝန်ထမ်းသော အစိုးရ ဝန်ထမ်းများ လာဘ်ပေးလာဘ်ယူမှု ဖြစ်ပေါ်ပါက အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အရေးမယူဘဲ နိုင်ငံ့ဝန်ထမ်း ဥပဒေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနထံသို့ လွှဲပြောင်း၍ ထိရောက်စွာ အရေးယူမှု ပြုလုပ်ကြောင်း သိရသည်။ မေလ ၂၃ ရက်က ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အဋ္ဌမ ပုံမှန် အစည်းအဝေးအပြီးတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ဦးအောင်ကြည်က မီဒီယာများ အား ယင်းသို့ ဖြေကြားပေးခြင်း ဖြစ်သည်။ မြေစာရင်းဦးစီးဌာန စာရေး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး အများစုတို့ အောက်ခြေ၌ ဖြစ်ပွားနေသည့် အဂတိ ပြဿနာများမှာ အဂတိ လိုက်စားမှု ဥပဒေနှင့် ငြိစွန်းနေသော်လည်း အမှုများ သေးငယ်သည့် အတွက် ဝန်ကြီးဌာနဘက်သို့ လွှဲပြောင်း ပေးကြောင်းကို နမူနာပေး ပြောဆိုသည်။ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနှင့် အရေးမယူသော်လည်း သက်ဆိုင်ရာ ဝန်ကြီးဌာနဘက်သို့ လွှဲပြောင်းပေးပြီး နိုင်ငံ့ ဝန်ထမ်း ဥပဒေ၌ လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ အရေးယူနိုင်သည့် ပြဌာန်းချက်များကို တိတိကျကျ ပြဌာန်း ထားကြောင်း ၎င်းက ရှင်းပြသည်။ နိုင်ငံ့ဝန်ထမ်း ဥပဒေ၌ ဝန်ထမ်းများ စည်းကမ်းဖျောက်ဖျက်ခြင်း၊ တာဝန်ပျက်ကွက်ခြင်း သို့မဟုတ် ကိုယ်ကျင့် တရားပျက် ပြားခြင်းနှင့် အကျုံးဝင်သည့် ကိစ္စဖြစ်ပါက သက်ဆိုင်ရာ ဝန်ထမ်း အဖွဲ့အစည်း အကြီးအမှူးသည် ဌာနဆိုင်ရာ နည်းလမ်း အရ အရေးယူနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ နည်းဥပဒေ၌လည်း လုပ်ငန်းခွင်အတွင်း လာဘ်ပေးလာဘ်ယူခြင်း တံစိုးလက်ဆောင်ပေးခြင်း သို့မဟုတ် ယူခြင်းတို့ အ တွက် ကျူးလွန်သော ဝန်ထမ်းအား ပြစ်မှုပြစ်ဒဏ် တမျိုးမျိုး ချမှတ်ရာတွင် ပြစ်မှု သဘာဝနှင့် ဝန်ထမ်း၏ ပြုလုပ်မှု သို့ မဟုတ် တာဝန်ပျက်ကွက်မှု တို့ကို ချင့်ချိန် ထောက်ရှုပြီး ဥပဒေ ပုဒ်မ ၅၃ တွင် သတ်မှတ်ထားသော ဝန်ထမ်း စည်းကမ်း ဆိုင်ရာ ပြစ်ဒဏ် ၉ မျိုး အနက် သင့်လျော်သည့် ပြစ်ဒဏ် ၁ ရပ်ကိုဖြစ်စေ ပြစ်ဒဏ် ၁ ရပ်ထက် ပို၍ ဖြစ်စေ ချမှတ်နိုင်ဟု ဖော်ပြထားသည်။ ဝန်ထမ်း စည်းကမ်းဆိုင်ရာ ပြစ်ဒဏ် ၉ မျိုးမှာ စာဖြင့် သတိပေးခြင်း၊ နှစ်တိုးလစာ ရပ်ဆိုင်းခြင်း၊ ရာထူးတိုးမြှင့်ခြင်းကို ရပ် ဆိုင်းခြင်း၊ လစာနှုန်းအတွင်း လစာလျှော့ချခြင်း၊ ရာထူးအဆင့် လျှော့ချခြင်းတို့အပြင် ရာထူးမှ ထုတ်ပယ်ခြင်း၊ ဝန်ထမ်း အဖြစ်မှ ထုတ်ပစ်ခြင်း အစရှိသည်တို့ ပြုလုပ်နိုင်ပြီး ဝန်ထမ်းအား ပြစ်ဒဏ်ချမှတ်သည့်အခါ ပညာပေး ပြုပြင်ရေးနှင့် စည်း ကမ်း ထိန်းသိမ်းမှု ထိရောက်ရေးတို့ကို ဦးတည်ချက် ထားရမည်ဟု ပါရှိသည်။ အပြစ်ပေးရာတွင်လည်း တရားမျှတရေးနှင့် စည်းကမ်းထိန်းသိမ်းမှု ထိရောက်စေရေး အတွက် ပြစ်မှုနှင့် ပြစ်ဒဏ်လိုက် လျောညီထွေ ရှိစေရန် ဂရုပြုဆောင်ရွက်ရမည်ဖြစ်ပြီး ဝန်ထမ်းဘဝ၌ နာလန်မထူ အညွှန့်တုံးစေမည့် အပြစ်ပေးခြင်းမျိုး မဖြစ်စေဘဲ ဝန်ထမ်းကောင်းတဦး ပြန်လည်ဖြစ်လာစေရန် ပြုပြင်ပေးရေးကို ရှေးရှုရမည်ဟု ဖော်ပြပါရှိသည်။ အသေးစား စက်မှု လက်လုပ်ငန်း ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ် က “တိုင်တဲ့သူက ၅ သိန်းယူ လို့ တိုင်လိုက်တယ်။ အဲဒီလူနဲ့ သိန်းကို သောင်းနဲ့ချီပြီး အဂတိ လိုက်စားတဲ့ သူလို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ပဲ သိမ်းကြုံးယူရင် ထောင်ဒဏ်က အများကြီးကျမှာ။ အခု ဒီလို လုပ်တယ်ဆိုတာ မျှတယ်လို့ ယူဆတယ်။ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေနဲ့လည်း အရေးယူလို့ ရတယ်လေ” ဟု ဧရာဝတီသို့ ပြောသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားစာ ပျှမ်းမျှ အနေနှင့် ၁ လလျှင် အစောင်ရေ ၆၀၀ ခန့် ရောက်ရှိ ပြီး ယင်း တိုင်ကြားစာများထဲတွင် ပြည်ထဲရေး ဝန်ကြီးဌာနကို အများဆုံး တိုင်ကြားခံရပြီး ၃ လအတွင်း တိုင်ကြားစာ စုစု ပေါင်း ၁၇၈၁ စောင် လက်ခံရရှိသည်ဟု ယခုနှစ် မတ်လ အတွင်းက ကော်မရှင်က သတင်းထုတ်ပြန် ခဲ့သည်။ သမ္မတ ဦးဝင်းမြင့် လက်ထက်၌ ပထမဆုံးအနေဖြင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှုးချုပ် ဒေါက်တာ သန်းထွဋ် အား ကျပ်သိန်း ၁၅၀၀ ကျော် အဂတိလိုက်စားကြောင်း တွေ့ရှိရသဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှုဖွင့် အရေးယူထားသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ၏ အခန်း ၁၀ ပြစ်မှုနှင့် ပြစ်ဒဏ်များ၌ ပုဒ်မ ၅၅ အရ နိုင်ငံရေး ရာထူး လက်ရှိဖြစ်သူ မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ၁၅ နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပြီး ပုဒ်မ ၅၆ တွင် နိုင်ငံရေး ရာထူးလက်ရှိဖြစ်သူမှအပ အခြား လုပ်ပိုင်ခွင့် အာဏာရှိသူ မည်သူမဆို လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်း ခံရလျှင် ထိုသူကို ၁၀ နှစ် ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ဟု ပါရှိသည်။ ထို့ပြင် ပုဒ်မ ၅၇ ၌ နိုင်ငံရေး ရာထူးလက်ရှိ ဖြစ်သူနှင့် လုပ်ပိုင်ခွင့် အာဏာရှိသူမှအပ အခြားမည်သူမဆို လာဘ်ပေးလာဘ် ယူမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်း ခံရလျှင် ထိုသူကို ၇ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ငွေဒဏ်ပါ ချမှတ် နိုင်ကြောင်း ဖော်ပြထားသည်။ ပုဒ်မ ၅၅ မှာ ဒုဝန်ကြီးနှင့် ဒုဝန်ကြီးအထက်ဖြစ်ပြီး ပုဒ်မ ၅၆ မှာ ညွှန်ချုပ်နှင့် ယင်းအောက် ဖြစ်ကာ ပုဒ်မ ၅၇ မှာ အားလုံးပါဝင်ကြောင်း သိရသည်။ အဂတိလိုက်စားမှုဖြင့် ကျော်စော သတင်းထွက်နေသူများကို စုံစမ်းစစ်ဆေး အရေးယူနိုင်မည့် အဂတိ လိုက်စားမှု တိုက် ဖျက်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို မေလ ၂၃ ရက်က ကျင်းပသည့် အမျိုးသားလွှတ်တော်တွင် အတည် ပြုခဲ့သည်။ ယခု မေလအတွင်း၌လည်း ရွှေတံခါးမှူး Facebook စာမျက်နှာတွင် ထွက်ပေါ်ခဲ့သည့် အကောက်ခွန် ညွှန်ကြားရေးမှူး ဦးယဉ်မင်းအောင်၏ လာဘ်စားရာတွင် အချင်းချင်း စည်းစည်းလုံးလုံး ညီညီညွှတ်ညွှတ်နှင့် ပူးပေါင်း လုပ်ကိုင်ကြရန် ပြောကြားခဲ့မှု အပေါ် ၎င်းနှင့်အတူ ပါဝင်ပတ်သက်သူများကို နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့် အညီ စုံစမ်းစစ်ဆေးရေး အဖွဲ့ဖြင့် စစ်ဆေးရန် စီစဉ်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနမှ သိရသည်။ ထို့ပြင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို လာဘ်ယူကာ ဆက်လက်တူးဖော်ခွင့်ပြုခဲ့သော တပ်မတော်အရာရှိကြီးများနှင့် တရားမဝင်သစ်များ ဖမ်းမိမှုတွင် ဖမ်းဆီးထားသူနှစ်ဦးအား လွှတ်ပေးကာ ပိုင်ရှင်မဲ့အဖြစ် အမှုဖွင့်ခဲ့သည့် ကျောက်ဆည်မြို့ စခန်းမှူးနှစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ ဝင် ၅ ဦးအား သက်ဆိုင်ရာဝန်ကြီးဌာနအောက်ရှိ အာဏာပိုင်အဖွဲ့အစည်းများက ဌာနတွင်း စုံစမ်း အရေးယူမှုများ ပြုလုပ်ခဲ့သည်။ The post ဝန်ထမ်းငယ်များ လာဘ်ပေးလာဘ်ယူမှု နိုင်ငံ့ဝန်ထမ်း ဥပဒေနှင့်သာ အရေးယူ ဟု ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2J3vHqM
via IFTTT

No comments:

Post a Comment