“ဥပါဒါန် ရုပ်ရှင်အတွက် အပြင်မှာ ရက်အတော်ကြာ ဘုန်းကြီးဝတ်ခဲ့တယ်”ဆိုတဲ့ ခိုင်ထူးသာ လတ်တလော ရုံတင်ပြသနေတဲ့ “ဥပါဒါန်” ဆိုတဲ့ ရုပ်ရှင်ကားကြီးမှာ ဦးပဉ္ဇင်း ဝဏ္ဏသိရီအဖြစ် သရုပ်ဆောင်ထားတဲ့ ခိုင်ထူးသာကို ဒီဇာတ်ကားမှာ သရုပ်ဆောင်မှု ပီပြင်တဲ့အတွက် ပရိသတ်များက အားပေးလျက်ရှိပါတယ်။ ခိုင်ထူးသာက အပြင်မှာ ဆရာဝန်တဦးဖြစ်ပြီး ဥပါဒါန်ရုပ်ရှင်ကတော့ သူရဲ့ ပထမဆုံး ပါဝင်ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ကားကြီးပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ခိုင်ထူးသာက တောင်ကြီး၊ ရန်ကုန် အပါအဝင်”ဥပါဒါန်” ရုံတင်တဲ့မြို့တိုင်းမှာ ပရိသတ်နဲ့ ကိုယ်တိုင်သွားရောက် တွေ့ဆုံတဲ့အခါ ပရိသတ်ရဲ့ အားပေးမှုကို ရရှိနေတယ်လို့ သိရပါတယ်။ သရုပ်ဆောင်သစ်လည်း ဖြစ်ပေမယ့် ကျရာ ဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်သစ် ခိုင်ထူးသာကို သတင်းထောက် မန်းသူက အခုလို တွေ့ဆုံ မေးမြန်းထားပါတယ်။ မေး။ ။ သရုပ်ဆောင်အနေနဲ့ “ဥပါဒါန်” ရုပ်ရှင်က ပထမဆုံးလို့ ထင်တယ်။ ဒီဇာတ်ကားမှာ သရုပ်ဆောင်ဖြစ်တဲ့ အကြောင်း သိချင်ပါတယ်။ ဖြေ။ ။ ကျနော်တို့ အိမ်က ရှုတင်အိမ်ဆိုတော့ ဒါရိုက်တာတွေ အဝင်အထွက် များတယ်။ မြခွာညိုက အောင်ကောင်းကျော် အိမ်ရာလေ။ တကယ်လုပ်ဖြစ်တာကတော့ သိပ်မကြာသေးဘူး။ ကျနော် 3rd MB စတက်တုန်းကမှ အိမ်စငှား ဖြစ်တာပါ။ အဲဒီမှာ ဒါရိုက်တာဦးညိုကြီး ဆိုတာကို ရှုတင်အိမ် အကြမ်းကို လာကြည့်ဖို့ ခေါ်ပြတယ်။ သူကအဆင်ပြေ၊ မပြေ လာကြည့် ရင်းနဲ့ သား ရုပ်ရှင်ရိုက်ဖို့ ဝါသနာပါလားတဲ့။ လုပ်ကြည့်ချင်တယ်လို့။ ကျနော်က ငယ်ငယ်ကတည်း က ဝါသနာ ပါတာတော့ မဟုတ်ဘူး။ လုပ်ကြည့်ချင်တာပေါ့။ မေး။ ။ အဲဒီမှာ ဇာတ်ကား စရိုက်ဖြစ်ခဲ့တာလား။ ဖြေ ။ ။ ကျနော် လုပ်ကြည့်ချင်တယ်ဆိုတော့ ဦးညိုကြီးကသူ ရသလောက် သင်ပေးမယ်ပေါ့ ။ ဒါနဲ့ပဲ သူနဲ့ရိုက်ကွင်းတွေ လိုက်တယ်။ သူ့ရဲ့ရှုတင်တွေမှာ ထရိန်နင်တွေ ဆင်းတယ်။ သူပြောပြတာတွေလည်း ကောင်းပါတယ်။ သူတော်ပါတယ်။ ဒါပေမယ့် သူနဲ့က သိပ်ကီး မကိုက်ဘူးနဲ့ တူပါတယ်။ အံဝင်ဂွင်ကျနားလည်ခြင်း မရှိသေးဘူး ။ အဲဒီလိုနဲ့ တနေ့ Star World က ပရိုဂျူဆာက အိမ်မှာ လာရိုက်တယ်လေ ။ သူက သင်ချင်ရင် မောင်အောင်( ရူပဗေဒ) ဆိုတာ အရမ်းကောင်း တယ်တဲ့။ သူကအိမ်မှာ သင်တန်းလည်း ဖွင့်ထားတယ်ဆိုတာနဲ့ ဆရာ့ဆီမှာ သွားသင်ဖြစ်တယ်။ ဒီလိုနဲ့ ဇာတ်ကားရိုက်ဖို့ ဖြစ်လာတာပေါ့။ မေး။ ။ သင်တန်းတက်လိုက်လို့ ဒီကားမှာ သရုပ်ဆောင်ဖြစ်တာတော့ မဟုတ်လောက်ဘူး။ ဘယ်လိုရိုက်ခွင့် ရခဲ့တာလဲ။ ဖြေ။ ။ သရုပ်ဆောင် ရွေးချယ်တာတွေတော့ မရှိပါဘူး။ ဆရာကကျတော့ သွားရင်း၊ လာရင်းနဲ့မှ ဇာတ်ကောင်တွေ ရှာတာ။ ကျနော်က သင်တန်းတက်နေရင်းနဲ့ တနေ့မှာ သင်တန်းသူ တယောက်ကို နဂါးမယ်တော် ဝင်စီးတယ်။ အဲဒီမှာ ကျနော်ကလည်း ဘာဖြစ်မှန်းမသိ ၊ မျက်ရည်တွေ ကျလာတယ်။ တခါမှ မငိုဖူးဘူး။ ငိုရဖို့်ဆိုတာလည်း အရမ်းခက်ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်လာတော့ ထူးဆန်းတယ်ပေါ့နော်။ နောက်နေ့ ကျနော့်ကို မေးတယ်။ ကိုရင်ဝတ်ထားတဲ့ ဓာတ်ပုံရှိလားပေါ့။ ဓာတ်ပုံပြလိုက်တော့ သူသိပ်သဘောမကျဘူး။ Physically သဘော မကျပေမယ့် Mentally လေ့လာမှု အရတော့ အဆင်ပြေနိုင်မယ် ထင်တယ်လို့ သူကတွက်ထားတယ်။ အိမ်ကိုလည်း ကားရိုက်တွေလာနေရင်းနဲ့ ဇာတ်လမ်းပြတယ်။ အိမ်ကလူတွေအားလုံးက သဘောကျတယ်။ သူရိုက်ဖို့ အတွက် ယုံကြည်ချက်ရှိသွားတယ်။ သူကိုယ်တိုင်ပိုက်ဆံထုတ်ပြီး ရိုက်မယ်ဆိုပြီး လုပ်တယ်။ ဒီနေရာမှာ ကျနော်ဖြစ်ဖို့ကတော့ ဘုန်းကြီးစိတ်ဖြစ်ဖို့ ဘုန်းကြီးဝတ်မှ ရမယ်တဲ့။ ဝတ်နိုင်လားတဲ့။ ဝတ်မယ်ဆိုတော့ တွံတေးဘုန်း ကြီးကျောင်းက တွံတေးဆရာတော်ကြီးဆီမှာ ဘုန်းကြီးဝတ်ရတယ်။ ကားမရိုက်ခင် နှစ်လလောက် အလိုမှာပေါ့။၂၇ ရက်ဝတ်ရတယ်။ ဝတ်နေတုန်း သူလာပြီး အကဲခတ်တယ်။ ကြိုက်ပြီဆိုမှ ရိုက်ဖို့စီစဉ်တာ။ မေး။ ။ သရုပ်ဆောင်မှုကို သင်တန်းမှာသင်တာရှိတာပေါ့ ။ ဘုန်းကြီးဝတ်နဲ့ကျတော့ သင်ကြားမှုက ဘယ်လို သင်ကြားခဲ့တာလဲ။ ဖြေ။ ။ ဇာတ်ညွှန်းကိုတော့ ပေးထားတယ်။ ဘုန်းကြီးအဓိက မှာတာက အမှတ်နဲ့ နေဖို့ပဲ ။ သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာ အားလုံး ဘုန်းကြီးပီသအောင်သင်တယ်။ မေး ။ ။ ကိုယ့်အတွက် ပထမဆုံး ရုပ်ရှင်ကားကြီးမှာ ချက်ခြင်းပေါက်သွားစေဖို့ သိပ်မသေချာတဲ့ ဘာသာရေးကား၊ အယူအဆ အတိမ်းအစောင်း မခံတဲ့ဇာတ်မျိုးကို ဘာကြောင့်ရိုက်ဖြစ်တာလဲ။ ဖြေ။ ။ ဟောက်ဆာဂျင် ဆင်းနေတဲ့ နောက်ဆုံးလမှာ ထူးထူးခြားခြား ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ သိလိုစိတ်တွေ ပြင်းပြ လာတယ်။ အဲဒါကြောင့် ဘာသာရေးကားကို ရိုက်ဖြစ်သွားတာ။ ပြီးတော့ ကျနော်က သူများ မလုပ်တာကို လုပ်ကြည့်ချင်တဲ့ စိတ်ရှိတာ ငယ်ငယ်ကတည်းက။ ဒီဘာသာရေး ဇာတ်လမ်းကိုလည်း ကြိုက်လွန်းလို့။ ဦးအောင်ကို ယုံကြည်တာလည်း ပါတယ်။ မေး။ ။ ဇာတ်လမ်းထဲမှာ ဥပါန်ဒါန်အစွဲ ကိုယ့်အပေါ် စွဲနေတဲ့ ဒါယိကာမ အတွက် အလုပ်လုပ်ပေးရင်း ရဟန္တာဖြစ်သွားတဲ့ သရုပ်ဆောင်ကွက် ပါတယ်။ သရုပ်ဆောင်မှုအတွက် စိုးရိမ်စိတ်တွေ ရှိခဲ့လား။ ဖြေ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီနောက်ဆုံးခန်းပဲ Heavy လို့ ခံစားမိတာလေ။ ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီးတော့ ။ ဒါပေမယ့် အရမ်းတော့ စိုးရိမ်မှု မရှိဘူး။ ယုံကြည်မှုတခု ရှိနေတယ်။ ဘာသာရေးနဲ့ ပတ်သက်ပြီးတော့ပဲ စိတ်ထဲမှာ ထည့်ထားပြီး ဘုရားကိုပဲ အာရုံပြုနေလိုက်တော့ အဆင်ပြေသွားပါတယ်။ ရိုက်တဲ့အချိန်ကလည်း ညဘက်ကြီးဖြစ်နေတော့ ခက်ခက်ခဲခဲ ဖြစ်မယ် ထင်တာလေ။ တွံတေးတောကြီးတန်းထဲမှာ ရိုက်တာ။ မေး။ ။ ဥပါန်ဒါန်ဇာတ်ကားထဲက သရုပ်ဆောင်မှုကနေ ဘာရလိုက်လဲ။ ဖြေ။ ။ သရုပ်ဆောင်တယ်ဆိုတာ ဘာလဲဆိုတာကို နားလည်လိုက်တယ်။ ကျနော်အရင်က နားမလည်တဲ့အရာတခုကို နားလည်လိုက်တယ်။ အဲဒါက အမြတ်ပဲပေါ့ ။ ပြီးတော့ ဘုန်းဘုန်းကြီးပေးတဲ့ မြင့်မြတ်ပြီး ရခဲတဲ့ တရားတွေကို ရလိုက်တယ်။ ဒါကတော့ ဘဝအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာပေါ့လေ။ မေး။ ။ အခုဆိုရင် ဒီဇာတ်ကားကို နယ်တွေမှာ ရုံတင်နေပြီ၊ ကိုယ်တိုင်လည်း ပရိသတ်တွေနဲ့ တွေ့ဆုံတယ်။ ပရိသတ်အသံ ဘယ်လိုကြားရလဲ။ ဒီကတဆင့် ဘယ်လိုဆက်သွားဖို့ စိတ်ကူးမိပြီလဲ။ ဖြေ။ ။ အဲဒီကားရိုက်တုန်းကလည်း ကျနော်က ဦးပဉ္ဇင်း ဝဏ္ဏသီရိ အနေနဲ့ပဲ နေခဲ့တယ်။ အခုကြည့်တော့လည်း ဦးပဉ္ဇင်း ဝဏ္ဏသီရိလို့ပဲ မြင်တယ်။ အဲဒီလိုဖြစ်အောင်ပဲ နောက်ကားတွေမှာလည်း လုပ်ချင်ပါတယ်။ တကယ်က အဲဒီလိုဖြစ်ဖို့ ဆိုတာကလည်း အကြောင်းတွေ အများကြီး တိုက်ဆိုင်ဖို့ လိုတယ်ပေါ့လေ။ အချိန်တွေ အများကြီး ဖန်တီးပေးဖို့လည်း လိုပါတယ်။ ပရိသတ်တွေဆီက အရမ်းကောင်းတယ်ဆိုတာတွေကြားတယ် ကိုယ့်ကို ဦးပဉ္ဇင်းလို့်ပဲမြင်တယ်။ ကျနော်ကလည်း ပရိသတ်တယောက်အနေနဲ့ အဲဒီလိုပဲမြင်တော့ ပရိသတ်နဲ့ကျနော် ထပ်တူကျပါတယ်။ ခိုင်ထူးသာ လို့်တောင်မသိတော့ဘဲ ဦးပဉ္ဇင်းဝဏ္ဏသီရိလို့ပဲ မြင်တယ်။ အရမ်း ဝမ်းသာတယ်။ ဒီကားမှာ ဒီဇာတ်ရုပ် ၊ နောက်တကားမှာ နောက်ဇာတ်ရုပ်လို့ မြင်စေ ချင်တယ်။နောက်ပြီး ဇာတ်ရုပ်ကိုမှတ်မိနေတာကို ပျော်ပါတယ်။ အဲဒီလို မဖြစ်ခဲ့ရင်လည်း ကျနော်ကြိုပြီး တောင်းပန်ပါတယ်လို့ ပရိသတ်ကိုပြောချင်ပါတယ်။ သရုပ်ဆောင်တာ တော်တော်ကိုခက်ခဲလို့လေ ၊ ပထမဆုံးကားမှာ ဒါရိုက်တာရဲ့ အကူအညီလည်း အများကြီးလိုအပ်ပါတယ်။ ကောင်းတယ်ဆိုလည်း ကျနော်တယောက်ထဲကြောင့် မဟုတ်ပါဘူး။အားလုံး တဖွဲ့လုံးကောင်းလို့်သာ ကောင်းသွားတာပါ။ မေး။ ။ ဥပါဒါန် အပြီး နောက်ထပ်လှုပ်ရှားမှုတွေ ရှိဦးမလား။ ဖြေ။ ။ နောက်ထပ် လှုပ်ရှားမှုက ရှင်ဥပ္ပါဂုတ္ထ ကိုယ်တော်ကြီး ဇာတ်ကားပါ။ ရိုက်ထားပြီးပါပြီ။ အန်တီ ဝါဝါဝင်းရွှေတို့ လုပ်တာပါ။ မေး။ ။ ခိုင်ထူးသာက ဘာသာရေးကားတွေနဲ့ အကျိုးပေးနေတာပေါ့။ ဖြေ။ ။ အဲဒီလိုပဲ ပြောရမှာပေါ့။ ဒါလည်း အကြောင်းတရားပေါ့။ မေး။ ။ ဆရာဝန် အနုပညာရှင်ဆိုပြီး နောက်တယောက် ထပ်ပေါ်လာပြီဆိုတော့ ပညာနဲ့ အနုပညာ ဆိုတဲ့ ပညာနှစ်ခုကြား ခိုင်ထူးသာ ဘယ်လို ဆုံးဖြတ် လုပ်ကိုင်မှာလဲ။ ဖြေ။ ။ ကျနော့်ရဲ့ Final Destination နောက်ဆုံးအဓိက စိတ်ကူးက ဘုန်းကြီး အပြီးဝတ်ချင်တာပေါ့။ အဲဒီကားရိုက်နေရင်းကလည်း စိတ်ဝင်လာတယ်။ သေချာတာကတော့ ကျန်ခဲ့တဲ့ သင်္ကြန်တုန်းကပေါ့ ။ ကျနော်က ဘုန်းကြီးဝတ်နေရင်းနဲ့ အပြီးဝတ်ချင်တယ်ဆိုတော့ အမေကခွင့်မပြုဘူး။ ဥပါန်ဒါန်ကားထဲက လိုပဲပေါ့ ။ သင်္ကန်းတွေလည်း အတင်းဆွဲချွတ်ပြစ်နေတဲ့ အမေကို ငဲ့ပြီးတော့ ဒီကားထဲက ဦးပဉ္ဇင်းဝဏ္ဏသီရိ လိုတော့ ပါရမီ မပြည့်သေးဘူး။ အမေသေမှာ စိုးလို့။ အဲဒီ ရည်မှန်းချက်မရောက်ခင်မှာ လောကအတွက် အကောင်းဆုံးဖြစ်မယ့် အရာတွေအားလုံး ကျနော်လုပ်သွားမယ်။ မေး။ ။ ဒါဆို အဲဒီစိတ်ရှိနေတော့ ပုံစံအစုံနဲ့ သရုပ်ဆောင်ဖို့အတွက်က ခိုင်ထူးသာအတွက် အခက်အခဲများ ဖြစ်နေမလား။ ဖြေ။ ။ အင်း ဟုတ်တယ်။ ကျနော့်အတွက် စိန်ခေါ်မှုဖြစ်နေတယ်။ ဥပမာ – ဒေါသထွက်ရမယ့် အခန်းဆို ဒေါသ စိတ်က မကောင်းဘူးလို့ ကျနော့်စိတ်က သိနေတော့ ဘယ်လိုဖြစ်မလဲ ကျနော်လည်း မသိသေးဘူး ။ စဉ်းစားလို့ မရသေးဘူး။ ရောက်လည်း ရောက် မလာသေးဘူးလေ။ ခိုင်ထူးသာကို “ဥပါဒါန်” အပြီး”ရှင်ဥပ္ပါဂုတ္ထ” ဇာတ်ကားမှာလည်း ရဟန္တာဇာတ်ရုပ်နဲ့ တွေ့ရဦးမှာပါ ။ The post “ဥပါဒါန် ရုပ်ရှင်အတွက် အပြင်မှာ ရက်အတော်ကြာ ဘုန်းကြီးဝတ်ခဲ့တယ်”ဆိုတဲ့ ခိုင်ထူးသာ appeared first on ဧရာဝတီ.
Source : https://ift.tt/2s5KFCV
via IFTTT
No comments:
Post a Comment