အိုင်စီစီကို တုန့်ပြန်ရန် အစိုးရနှင့် တပ်မတော် ခွဲခြားနေ၍ မဖြစ်ကြောင်း သမ္မတရုံးပြော ရခိုင်အရေးကြောင့် မြန်မာခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)သို့ ပို့ဆောင်နိုင်ရေး နိုင်ငံတချို့က ကြိုးပမ်းလာ မှုကို တုန့်ပြန်ရာတွင် အစိုးရနှင့် တပ်မတော်ဟူ၍ ခွဲခြားနေ၍ မဖြစ်ဘဲ ယခုကိစ္စသည် တိုင်းပြည်၏ အချုပ်အခြာ အာဏာနှင့် သက်ဆိုင် သော ကိစ္စတခု ဖြစ်ကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက မနေ့က နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ မေလ ၂၃ ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်သည့် အစိုးရ၏ ဒုတိယနှစ် ဆောင်ရွက်ချက်များ သတင်းစာ ရှင်းလင်းပွဲတွင် ဧရာဝတီ သတင်းဌာန၏ မေးခွန်းကို ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “ပထမတုန်းက တပ်မတော်ခေါင်းဆောင်တွေကိုပဲ ICC တင်ဖို့ ပြောတယ်။ အခုနောက်ပိုင်း အစိုးရခေါင်းဆောင်တွေပါ ပါလာပြီဆိုတော့ အဲဒါကို ကျနော်တို့က ပြောချင်တယ်။ ပြောချင်တာက ပြည်သူတွေကြားမှာက ထွေပြားမှုတွေ ရှိနေတယ်။ ဒါက စစ်ခေါင်းဆောင်တွေကိုပဲ ပစ်မှတ်ထားတယ် ထင်နေတာ။ မဟုတ်ပါဘူး။ တခါတည်း ရှင်းမှာပါ”ဟု ဦးဇော်ဌေးက ပြောသည်။ မေလ ၂၂ ရက်နေ့က ဗြိတိန်နိုင်ငံ အခြေစိုက် ဂါးဒီယန်းသတင်းစာတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားလျက်ရှိသည့် ပဋိပက္ခများနှင့် ပတ် သက်၍ မြန်မာအစိုးရကို ICC သို့ တင်ပြရန် ဗြိတိန်ပါလီမာန် အမတ်များက အားပေးထောက်ခံရမည် ဖြစ်ကြောင်း ရေးသားထားသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ်နိုင်ငံက မြန်မာဘက်က ရပ်တည်ချက်ကိုလည်း မေးခွန်းထုတ်ထားသည်။ မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများ၏ ခရီးစဉ် မတိုင်မီက မြန်မာ တပ်မတော် ခေါင်းဆောင်များကိုသာ ICC သို့ တင်ရန် နိုင်ငံတကာ အသိုင်းအဝန်းက ပြောဆိုခဲ့သော်လည်း ယင်းခရီးစဉ်အပြီးတွင် အစိုးရခေါင်းဆောင်များ အပါအဝင် မြန်မာ အစိုးရ တရပ်လုံးကိုပါ ICC လမ်းကြောင်းသို့ တွန်းတင် ပြောဆိုချက်များ ရှိလာကြောင်း တွေ့ရှိရပြီး ရခိုင်အရေးကို ဦးဆောင်ဖြေရှင်းနေ သည့် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ပြဿနာ၏ အစိတ်အပိုင်းတခုအဖြစ် ပုံဖော်လာကြသည်။ ကုလအပါအဝင် နိုင်ငံတကာမှ ပုဂ္ဂိုလ်များသည် လေထဲတွင်သာ ရှိနေသည့် ဇာတ်ကြောင်းပုံပြင်များကို အခြေခံပြီး မြန်မာနိုင်ငံကို စွပ်စွဲမှု များ ပြုလုပ်နေသော်လည်း မြန်မာ အစိုးရက မငြင်းဆိုဘဲ ခိုင်မာသည့် အထောက်အထားများ ပေးရန် တောင်းဆိုပြီး ဖြစ်ကြောင်း၊ ယခု လည်း ICC အဖွဲ့ဝင် မဟုတ်သည့် မြန်မာကို နိုင်ငံတကာနှင့် ICC သမိုင်းတွင် မရှိဘူးသေးသည့် အကွက်ဆန်း များဖြင့် ပြုလုပ်လာ ပါကလည်း လက်ခံမည် မဟုတ်ကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။ ဦးဇော်ဌေးက“ဒါက ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာ အာဏာ သက်ဆိုင်တယ်။ နိုင်ငံတိုင်းဟာ ကိုယ့်ရဲ့ အချုပ်အခြာ အာဏာကို ပိုင်ပါတယ်။ ဘယ် နိုင်ငံကမှ လာပြီး စော်ကားလို့ မရပါဘူး။ သို့သော် အကြောင်း အကြောင်းတွေကြောင့် ဖြစ်လာတယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ကတော့ ICC မန်ဘာ ဖြစ်တဲ့အတွက် အဲဒီပုံစံကို မြန်မာနိုင်ငံကို လုပ်လာရင် ကမ္ဘာပေါ်မှာ တခါမှ မဖြစ်ဘူးသေးတဲ့ ဖြစ်စဉ်မျိုးနဲ့ လာလုပ်လို့ကတော့ လက်မခံဘူး”ဟု ပြောသည်။ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) အနေဖြင့် မြန်မာပြည်သို့ တိုက်ရိုက်ဝင်စရာ အကြောင်း မရှိသလို ဝင်၍လည်း မရကြောင်း၊ ဗြိတန် ဦးဆောင်သည့် အနောက်နိုင်ငံများ၏ ဖန်တီးမှုများသာ ရှိနေပြီး အကယ်၍ ICC ဝင်မည် မြန်မာ့ တပ်မတော်က လက်ခံမည် မဟုတ်ကြောင်း ရခိုင် အမျိုးသားပါတီမှ အတွင်းရေးမှူး ဦးဦးလှစောက ပြောသည်။ မြောက်ဦးမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ၎င်းက “အရင်ကတော့ တပ်ကို ချတာ တို့နဲ့ မဆိုင်ဘူးဆိုပြီး ပြောနေကြတာ။ NLD တွေက အဲဒီလို ထင်ပြီး ပြောနေကြတာ။ မဟုတ်ဘူး။ အကုန်လုံးချမှာလို့ ကျနော်ပြောခဲ့တယ်။ အဲဒီတော့ ဒီနေရာမှာ ဗြိတိန်ကို မေးရမှာက သူတို့ရဲ့ အမွေဆိုးကြီးဖြစ်တဲ့ So Called ရိုဟင်ဂျာ ဆိုတာချည်းကို ဘယ်တုန်းကမှ မရှိခဲ့တာချည်းကို အတင်းလုပ်နေတာဟာ ရခိုင်ကို အာဂျင်တာနဲ့ ဝင်လာတယ်ဆိုတာ အရမ်းရှင်းသွားပြီ”ဟု ဧရာဝတီသို့ ပြောသည်။ မြန်မာပြည်ကို ICC လမ်းကြောင်းသို့ တင်နိုင်ရန် နည်းလမ်း ၂ ခု ရှိပြီး ပထမနည်းလမ်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ် ချက်ဖြင့် တင်သည့် လမ်းကြောင်းနှင့် ICC အဖွဲ့ဝင် နိုင်ငံဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၏ အဆိုပြုချက်ဖြင့် နိုင်ငံတကာတွင် ဖိအားပေး လုပ်ဆောင်မည့် လမ်းကြောင်းတို့ဖြစ်ကြောင်း၊ သို့သော် ယင်းနည်းလမ်းများသည် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိသည့် အစိုးရများအတွက်သာ ဖြစ်သင့်ကြောင့် သမ္မတရုံးက ပြောသည်။ “သက်ဆိုင်ရာနိုင်ငံ အစိုးရက မလုပ်ချင်တာ။ စုံစမ်းစစ်ဆေးမှုတွေ မလုပ်ချင်ဘူး။ စုံစမ်းစစ်ဆေးအရေးယူမှုတွေ မလုပ်နိင်ဘူး။ တာဝန်ခံမှု၊ တာဝန်ယူမှု မရှိဘူး။ မရှိနိုင်တဲ့ အခြေအနေဖြစ်နေရင် ICC ဝင်လို့ရတယ်ဆိုတဲ့ သဘော။ အခု မြန်မာ အစိုးရက မလုပ်ချင်တာလည်း မဟုတ်ဘူး။ မလုပ်နိုင်တာလည်း မဟုတ်ဘူး။ လုပ်မယ်။ ကျနော်တို့ ပြောနေတာက ချိုးဖောက်မှုတွေရှိတယ်ဆိုရင် ခိုင်မာတဲ့ အထောက်အထားပေး။ ပေးရင် စစ်မယ်။ စစ်ပြီးရင် ဥပဒေနဲ့ အညီ အရေးယူမယ်”ဟု ဦးဇော်ဌေးက ပြောသည်။ ၎င်းက ဆက်၍ “ကမ္ဘာမှာ Refugee Crisis တွေ ဖြစ်တဲ့အခါ ဆီးရီးယားကလူတွေ ဥရောပကို သွားတယ်။ အဲဒီမှာလည်း ဥရောပ နိုင်ငံတွေကလည်း ခွဲတမ်းချပြီး ယူရတယ်။ အဲဒီလို အဲဒီနိုင်ငံကြောင့် ကမ္ဘာကို လူတွေရောက်သွားတဲ့ ကိစ္စကြောင့် ဆီးရီးယားကို ICC တင်လားဆိုတာ့ မတင်ဘူး။ အလားတူ အရှေ့ အလယ်ပိုင်း နိုင်ငံတော်တော်များများမှာလည်း ဖြစ်တယ်။ သို့သော် အဲဒီနိုင်ငံတွေမှာလည်း ICC မတင်ခဲ့ဘူး”ဟု ထောက်ပြခဲ့သည်။ ယခုအခါ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အဓမ္မပြုကျင့်ခံရသူများ ရှိပါက အမှုဖွင့်နိုင်ရေး အစိုးရက ကူညီပေးမည့်အပြင် နစ်နာမှု ရှိသည် ဆိုသောသူများကိုလည်း လုံခြုံရေး အပြည့်ပေးမည် ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းတွင်ပါ အမှုဖွင့်နိုင်ရေး စီစဉ်ပေးမည် ဖြစ်ပြီး နောက်ဆုံး ကိုယ်ဝန်ဆောင်သူများ အနေဖြင့် DNA စစ်မည်ဆိုပါကလည်း ဆောင်ရွက်ပေးမည်ဟု မြန်မာ အစိုးရဘက်က ထုတ်ဖော်ပြောဆိုခဲ့သည်။ The post အိုင်စီစီကို တုန့်ပြန်ရန် အစိုးရနှင့် တပ်မတော် ခွဲခြားနေ၍ မဖြစ်ကြောင်း သမ္မတရုံးပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2Lqrw6L
via IFTTT
No comments:
Post a Comment