Wednesday, May 23, 2018


စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးကျော်ဝင်း အဂတိလိုက်စားမှုဖြင့် စစ်ဆေးခံနေရ လက်ရှိ ရာထူးတာဝန်မှ နုတ်ထွက်တော့မည်ဟု သတင်းများထွက်ပေါ်နေသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်းသည် အဂတိလိုက်စားမှု ရှိကြောင်း မေလ ၃ ရက်နေ့တွင် တိုင်ကြားခံရသဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ဥက္ကဋ္ဌ ဦးအောင်ကြည်က ယနေ့ နေပြည်တော်တွင် သတင်းထောက်များကိုပြောသည်။ “သူတို့ဆီက ကျနော်တို့ဆီကို ရောက်လာတဲ့ တိုင်ကြားစာက ၃ရက်နေ့မှာ ရောက်တယ်။ ကျနော်တို့ ၇ ရက်နေ့မှာ အဖွဲ့ ဖွဲ့တယ်။ ပြီးတာနဲ့ ကျနော်တို့ အမြန်ဆုံး စစ်တယ်။ သက်သေတွေ စစ်ရတာရှိတယ်။ စာရွက်စာတမ်းတွေ ကြည့်ရတာရှိတယ်။ အခုချိန်မှာ ပြီးသလောက်ဖြစ်နေပြီ”ဟု အမျိုးသား လွှတ်တော်တွင် သတင်းထောက်တဦး၏ မေးခွန်းကိုဖြေကြားခဲ့သည်။ တိုင်ကြားစာနှင့် ပတ်သက်၍ ကော်မရှင် အနေဖြင့် စိစစ်မှုများ သေသေချာချာ ဆောင်ရွက်လျှက်ရှိပြီး၊ မကြာမီ အချိန်ကာလအတွင်း နိုင်ငံတော် သမ္မတနှင့် လွှတ်တော် ဥက္ကဋ္ဌများထံသို့ တင်ပြသွားမည်ဟု ယင်းကော်မရှင်ထံမှ သိရသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဝန်ကြီး ဦးကျော်ဝင်း၏ နေအိမ်သို့ ဝင်ရောက်စစ်ဆေးနေကြောင်း၊ အထူးစုံစမ်းရေးဦးစီးဌာနမှ ဦးကျော်ဝင်း၏ သားဖြစ်သူ နှင့် ပတ်သက်၍လည်း စစ်ဆေးမှုများ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်မှုများရှိသလို ဦးကျော်ဝင်းကိုလည်း နိုင်ငံခြားခရီးစဉ် ကန့်သတ်ခံထားရသည်ဟု သိရသည်။ ၎င်းကို အသေးစိတ် စုံစမ်း စစ်ဆေးမှုများနှင့် ပတ်သက်၍ “ကျနော်တို့ ပြောဖို့ တာဝန်မရှိပါဘူး။ ဘာလို့လဲ ဆိုတော့ စစ်ဆေးတယ်ဆိုတာ ကျနော်တို့က တရားရုံးမှာ စစ်ဆေးသလိုမျိုး အပြစ်ရှိလို့ တရားစွဲလို့ စစ်ဆေးတာမျိုး မဟုတ်သေးပါဘူး” ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ ဥက္ကဋ္ဌ ဦးအောင်ကြည် ကဆိုသည်။ ထိုကဲ့သို့ ကော်မရှင်သို့ ရောက်ရှိလာသည့် တိုင်ကြားစာများကို စိစစ်သည့် အခါတွင် အချိန်အားဖြင့် အများဆုံး ၃ လအထိ ကြာမြင့်သည့် တိုင်ကြားမှုများလည်းရှိကြောင်း၊ သေချာ စိစစ်ပြီးမှ ဥပဒေနှင့် ညှိစွန်းမှု မှန်ကန်ပါက တိုင်ကြားခံရသူမှာ ဝန်ကြီးဌာန (သို့မဟုတ်) သက်ဆိုင်ရာ ဝန်ထမ်းများ၏ အရာရှိများထံသို့ အကြောင်းကြား၍ ယင်းတို့၏ သဘာတူညီချက်ရမှသာလှျှင် ရဲစခန်း၌ အမှုဖွင့် အရေးယူရကြောင်း ဦးအောင်ကြည်က ရှင်းပြသည်။ “သူတို့ဘက်က ခွင့်ပြုချက် ပေးပြီဆိုမှ ကျနော်တို့က သက်ဆိုင်ရာ ရဲစခန်းမှာ စပြီးတော့ အမှု ဖွင့်ရတာပါ။ အဲဒီအချိန်ကျမှ ဖြစ်စဉ် ဖြစ်ရပ်ကို ကျနော်တို့က အကျိုးသင့် အကြောင်းသင့် ပြောလို့ရတာ ဖြစ်ပါတယ်။ လူသားတဦးချင်းရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်ပါတယ်” ဟု ဦးအောင်ကြည်က ဆိုသည်။ ဝန်ကြီး ဦးကျော်ဝင်း သတင်း ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်လာပြီး နောက်ပိုင်းတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်သည် အဂတိလိုက်စားမှုနှင့် စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး အဖွဲ့ ၆ ဖွဲ့ဖြင့် ဖွ့ဲစည်းကာ ကြိုတင် စုံစမ်းမှု ၁၈ မှုကိုလည်း ဆောင်ရွက်လျှက်ရှိကြောင်း မေလ ၁၃ ရက်နေ့က ကော်မရှင်မှ ထုတ်ပြန်ခဲ့သည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားစာ တလကို ပျှမ်းမျှ ၆၀၀ ရောက်ရှိပြီး၊ ပြည်ထဲရေး ဝန်ကြီးဌာနကို အများဆုံးတိုင်ကြားခံရပြီး ၃လအတွင်း တိုင်ကြားစာ စုစုပေါင်း ၁၇၈၁ စောင်လက်ခံရရှိသည်ဟု ၂၀၁၈ခုနှစ် မတ်လအတွင်းက ယင်းကော်မရှင်မှ သတင်းထုတ်ပြန်ခဲ့သည်။ ဆက်စပ်ဖတ်ရှုရန် – စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးကျော်ဝင်း နှုတ်ထွက်မလား The post စီမံ/ဘဏ္ဍာ ဝန်ကြီး ဦးကျော်ဝင်း အဂတိလိုက်စားမှုဖြင့် စစ်ဆေးခံနေရ appeared first on ဧရာဝတီ.
Source : https://ift.tt/2xb0NrY
via IFTTT

No comments:

Post a Comment