အိမ်အကူ မကရင်မအတွက် တရားမ ျှတမှု ဘာလဲ၊ ဘယ်လဲ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် အုပ္ဖိုလ်ကျေးရွာ အပြင်ဘက်ရှိ သချိုၤင်းထဲတွင် မေလ ၂၀ ရက်ကမှ မြှုပ်နှံထားသော မြေပုံတခု ရှိနေသည်။ ရွာဓလေ့အရ မြေပုံပေါ်တွင် ဖျာတချပ်ကို ဝါးလုံးနှစ်လုံး ဖြင့် ဒေါင်လိုက်ဖိထားပြီး မြေစာခဲအနည်းငယ်ကို တင်ထားသည်။ အိမ်ရှင်နှိပ်စက်မှုကြောင့် သေဆုံးသည်ဟု ယူဆရသော မကရင်မ၏ အလောင်းမြုပ်နှံရာ မြေပုံ/ ဧရာဝတီ အဆိုပါမြေပုံထဲတွင် လဲလျောင်းနေသူမှာ အုပ္ဖိုလ်ကျေးရွာသူဖြစ်ပြီး အရွယ် မရောက်သေးသည့် ကလေး ၄ ဦး၏ မိခင် မုဆိုးမတယောက်ဖြစ်သည့် အသက် ၃၈ နှစ်အရွယ် ရှိ မခင်သန္တာဦး (ခေါ်) မကရင်မ ဖြစ်သည်။ ယောင်္ကျားဆုံးပါးပြီးနောက် ကျန်ရစ်သူ သားသမီး ၄ ဦးအတွက် ဝမ်းစာဖြည့်ပေးနိုင်ရန် လှည်းကူးမြို့နယ် အင်းတိုင် သံချပ်ကာတပ်ရင်း အရာရှိရိပ်သာရှိ တပ်မတော် အရာရှိနှင့် ဇနီးဖြစ်သူ ဥပဒေအရာရှိ ဒေါ်သိဂီၤစု၏ နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ရာမှ နှိပ်စက်ခံခဲ့ရပြီးနောက် ရွာသို့ ပြန်ရောက်လာကာ ယင်း ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ယူဆကြသည်။ မကရင်မ အိမ်အကူလုပ်ကိုင်ခဲ့သည့် နေအိမ်မှ အိမ်ရှင်အမျိုးသမီးက သူ၏နေရပ်ရွာသို့ မေလ ၁၉ ရက်နေ့က ပြန်လည်ပို့ပေးခဲ့သော်လည်း ရွာသို့ ရောက်ရှိပြီး နာရီပိုင်းအတွင်း သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ မကရင်မ သေဆုံးပြီးနောက် အလောင်းကို တွံ့တေးမြို့နယ် ဆေးရုံသို့ ပို့ဆောင်ပြီး ရင်ခွဲစစ်ဆေးခဲ့ရာတွင် အူအတွင်းပေါက်ပြဲ ဒဏ်ရာကြောင့် သေဆုံးခြင်းဖြစ်ကြောင်း မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ နေဝင်းသွင် က အတည်ပြုခဲ့သည်။ ဦးခေါင်း၊ ဝမ်းဗိုက်၊ ရင်ဘတ်၊ ခြေထောက်တို့တွင် ညိုမဲစွဲဒဏ်ရာ၊ စုတ်ပြဲဒဏ်ရာများတွေ့ရှိရပြီး အူသိမ်တွင် ပေါက်ပြဲသည့် ဒဏ်ရာနှင့် နီးကပ်သည့် ဝမ်းဗိုက်မှ ညိုမဲစွဲနေသော ဒဏ်ရာဒဏ်ချက်များအရ ခန္ဓာကိုယ်ပြင်ပမှ တုံးသောအရာနှင့် ထိခိုက်မှုကြောင့် အူပေါက်ခဲ့သည်ဟု ကောက်ချက်ချနိုင်ကြောင်း ဒေါက်တာ နေဝင်းသွင်က ဆိုသည်။ “အူပေါက်တာကို တွေ့ရတယ်။ အဲဒါကြောင့် သေဆုံးတဲ့အကြောင်းရင်းက အူပေါက်တာကြောင့်လို့ပဲ ပြောရ မယ်။ ဒါကလည်းပဲ သေနိုင်တာပဲ။ လိပ်ခေါင်းတော့ တွေ့ရတယ်။ ဒါပေမယ့် ရေဖျဉ်းဆွဲတဲ့ လက္ခဏာ မတွေ့ ရပါဘူး”ဟု ၎င်းက ဆိုသည်။ အဆိုပါ အူတွင်း ပေါက်ပြဲပြီး မစင်ရည်များ ခန္ဓာကိုယ်တွင်း ရက်အတော်ကြာ ပျံ့နှံ့နေမှုကြောင့် ခန္ဓာကိုယ်မှာ အပုတ်မြန်လာသဖြင့် ရင်ခွဲစစ် ဆေးမှုပြီး ရွာပြန်ရောက်သည်နှင့် ချက်ခြင်း မြေမြှုပ်လိုက်ရကြောင်း သိရသည်။ ရွာသို့ ပြန်ရောက်ပြီး မသေခင်အချိန်အတွင်း ဝေဒနာကို အတော်ခံစားလိုက်ရကြောင်း မျက်မြင် တွေ့လိုက်ရသည့် အုပ္ဖိုလ်ရွာသူ၊ ရွာသားများက ပြန်လည်ပြောပြသည်။ “ပါးစပ်နဲ့ နှာခေါင်းထဲက အစိမ်းရည်တွေ ထွက်ကျနေတော့ ကိုယ်တောင် မမြင်ရက်တော့ဘူး။ ရေညှိရောင်လို အစိမ်းရည်တွေ”ဟု အုပ္ဖိုလ်ရွာသူ ဒေါ်ဌေးဌေးမော်က ဆိုသည်။ အလောင်းကို စစ်ဆေးခဲ့သည့် ဒေါက်တာ နေဝင်းသွင်က အဆိုပါ အစိမ်းရောင်ရည်များမှာ သည်းခြေရည်များ ဖြစ်နိုင်ပြီး ဆေးရုံသို့ ရောက်ရှိလာချိန်တွင်လည်း ကရင်မ၏ အသက်မဲ့ ခန္ဓာကိုယ် ပါးစပ်နှင့် နှာခေါင်းတို့မှ အဝါရောင် မစင်ရည်များ စီးကျနေဆဲဖြစ်ကြောင်း ပြောပြသည်။ လက်တလောတွင် ကရင်မ၏ သေဆုံးမှုနှင့် ပတ်သက်ပြီး ရာအိမ်မှူး ဦးအေးသောင်းက တရားလိုလုပ်ကာ ခလောက်ချိုက် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း ခတ္တိယကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏစိုးက ပြောသည်။ အိမ်ရှင်ဒေါ်သိင်္ဂီစုကိုမူ လူသတ်မှု ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီးထားသော်လည်း အမှုဖြစ်စဉ် အသေးစိတ်ကိုတော့ စစ်ဆေးဆဲကာလ ဖြစ်နေ၍ ဖြေကြားနိုင်ခြင်း မရှိသေးကြောင်း ခလောက်ချိုက် ရဲစခန်းမှ စခန်းမှူး ရဲအုပ်မျိုးချစ်ဆွေ က ဧရာဝတီသို့ ပြောသည်။ ရဲအုပ်က “၃၀၂ က အာမခံလို့မရဘူး အဲဒါကြောင့် ကျနော်တို့ ရဲစခန်းမှာပဲ သူ (ဒေါ်သိင်္ဂီစု)ကို ဖမ်းဆီးထားတယ်။ ကျနော်က စစ်ဆေးဆဲ မို့လို့ ပြောပြလို့ မရသေးလို့ ပါခင်ဗျာ” ဟု ဆိုသည်။ သူ မသေဆုံးမီ ၁ နာရီအတွင်း အိမ်နီးချင်းများကို အိမ်ရှင်၏ နှိပ်စက်မှုဒဏ်ကြောင့် ရရှိခဲ့သော ဝေဒနာများနှင့် ဒဏ်ရာများကို အနီးအနားတွင်ရှိနေသည့် တရွာထဲသူ ဒေါ်ဌေးဌေးမော် နှင့် လာရောက် ကြည့်ရှုနေသူများကို ပြောလည်းပြော လက်တွေ့လည်း ပြသခဲ့သည်ဟု ဒေါ်ဌေးဌေးမော် ကိုယ်တိုင်က ဧရာဝတီသတင်းထောက်ကို ပြန်လည် ပြောပြသည်။ မကရင်မ နှင့် သူ၏ သားသမီးများ “ကျမကို နှိပ်စက်တဲ့ဒဏ်မခံနိုင်ဘူးတဲ့ ကျမကိုဆွဲကြိုး ခိုးတယ်ဆိုပြီးတော့ ခေါင်းကို ကျောက်ပျဉ်နဲ့ ထုတယ်တဲ့ ခြေ ထောက်ကိုလည်း ကန်တယ်တဲ့။ ဟောဒီမှာကြည့်ပါဦး ဆိုပြီး လှန်ပြတယ်” ဟု ဒေါ်ဌေးဌေးမော်က ပြောသည်။ ဆွဲကြိုးခိုးသည်ဟုဆိုကာ မေးလိုက်၊ ရိုက်လိုက်၊ အခန်းပိတ်ထားလိုက်ဖြင့် နှိပ်စက်၊ ရိုက်နှက်ပြီး ၅ ရက်ခန့် အခန်းပိတ်ထားကာ ထမင်းလည်း မကျွေးဘဲ ပြန်ကာနီးအချိန်မှ အမည်မသိ ဆေးတမျိုးကို အတင်းတိုက်ကျွေး ခဲ့ကြောင်း ကရင်မ၏ ပြောကြားချက်များကို အခြေခံကာ ဒေါ်ဌေးဌေးမော်က ပြန်လည်ပြောပြသည်။ မိသားစုနှင့် အမှတ်တရ ရိုက်ကူးထားသည့် ဓာတ်ပုံများတွင် ကျန်းမာဝဖြိုးလျက်ရှိသည့် မကရင်မသည် အိမ်အကူအဖြစ် လုပ်ကိုင်ပြီး သူ မသေဆုံးခင် ရွာသို့ ပြန်လည် ရောက်ရှိလာသည့် ပုံပန်းသဏ္ဍန်မှာ ညိုမဲပိန်လှီနေသဖြင့် ရွာရှိလူများက အံ့သြမိပြီး သူ့ကို မှတ်မိအောင်ပင် မနည်းကြည့်ယူခဲ့ရကြောင်း မကရင်မအိမ်သို့ လာရောက်ကြည့်ရှုခဲ့သူူ အချို့က ပြောသည်။ ရဲတပ်ဖွဲ့သည် အိမ်ရှင်ဒေါ်သိဂီၤစုကို ဖမ်းဆီးထားပြီးဖြစ်သော်လည်း ယနေ့အထိ စစ်ဆေးမှု အခြေအနေများကို ထုတ်ပြန်ကြေညာခြင်း မရှိသေးပါ။ မကရင်မ၏ ဖြစ်စဉ်ကို ကြားသိရသူတိုင်း၊ မသေဆုံးမီခံစားလိုက်ရသည့် ဝေဒနာကို မြင်တွေ့လိုက်ရသူများစွာက မကရင်မအတွက် တရားမ ျှတမှုကို လိုလားနေကြသည်။ သေဆုံးသွားသည့် မကရင်မတွင် အသက် ၁၆ နှစ် အရွယ် သား၊ ၁၅ နှစ်၊ ၁၂ နှစ်နှင့် ၁၀ နှစ်အရွယ်ရှိ သမီး ၃ ဦး ကျန်ရစ်ခဲ့ပြီး ကလေး ၄ ဦးအနက် အကြီး ၂ ယောက်မှာ ကျောင်းမတက်တော့ဘဲ အငယ် ၂ ယောက်ကိုမူ အဒေါ်ဖြစ်သူက ကျောင်းထား ပေးမည်ဖြစ်သဖြင့် ပထမတန်းနှင့် ဒုတိယတန်းကို ပြန်လည်တက်ရောက်ကြမည် ဖြစ်ကြောင်း သိရသည်။ မကရင်မ မိသားစုနေထိုင်ရာအိမ်သည် ရှေ့မျက်နှာစာ တံခါးမရှိသော ဓနိကာ သွပ်မိုးထားသည့် ဝါးတိုင်များကို ပလတ်စတစ်ကြိုးများသုံးကာ ချည်ထားသည့် အိမ်ဟု ခေါ်လို့ရရုံ အိမ်တလုံးသာဖြစ်သည်။ ကြမ်းခင်းများ ကျဲကျဲခင်းထားသည်။ ညဘက်မီးထွန်းရန် ဘက်ထရီအိုးတလုံးနှင့် မီးသီးတလုံးမှ လွဲပြီး အခြား အသုံးအဆောင် ပစ္စည်း တခုတလေမှ မရှိသော ထိုနေအိမ်တွင် မိဘမဲ့သားသမီး ၄ ဦးသာ ကျန်ရစ်ခဲ့ပြီ ဖြစ်သည်။ ထိုနေအိမ်၏ ခြေရင်းအိမ်ရှေ့တွင် အမျိုးသမီးတဦး ကလေးငယ်ကို ပေါင်ပေါ်သို့ တင်ကာ ထိုင်နေသည်။ ထိုအမျိုးသမီးသည် ကရင်မ၏ ညီမဖြစ်သူ မခင်ဦးဖြစ်သည်။ ရွာသို့ ပြန်လည်ရောက်ရှိလာသည့် အမဖြစ်သူ နောက်ဆုံးအချိန်ကို မမီလိုက်ကြောင်း ပြောပြသည်။ “ဒီကထွက်သွားတော့ ချောမှချော။ အသားကိုဖွေးနေတာပဲ ထောင်ထောင်မောင်းမောင်းကြီး အခု သေသွားတဲ့ ပုံက တော်တော်အဖြစ်ဆိုးတယ်” ဟု မခင်ဦးက ပြောသည်။ အမဖြစ်သူ ထွက်သွားသည့် အချိန်ကတည်းက ဖုန်းအဆက်အသွယ်ပင် မရရှိခဲ့သော်လည်း ပြန်လာမည့် အချိန်ကို ကလေးများနှင့် အတူမျှော်ခဲ့ကြခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။ “ကလေးတွေက အမေ မလာဘူးနော်။ ဖုန်းနံပတ်ရော ဆိုတော့ မရှိဘူးပေါ့။ အော် မရှာတော့ပါဘူး။ သီတင်းကျွတ် တန်ဆောင်တိုင် လာမှာပဲပေါ့ မျှော်နေတာပေါ့” ဟု တူမများနှင့်အတူ အမကို မျှော်နေသည့်အကြောင်းကို မခင်ဦး က ပြောပြသည်။ မကရင်မ၏ သားကြီးဖြစ်သူ မောင်နိုင်နိုင်က “၃ တန်းထိ နေခဲ့တယ် သာအဖေဆုံးတဲ့နှစ်က ထွက်လိုက်ရတာပေါ့။ စီးပွားရေးက ကျပ်သွားတော့ အမေကလည်း အဲဒီအချိန်က သိပ်မလုပ်စားတတ်တော့ ထွက်လိုက်ရတာပေါ့။ သားလည်း အဲဒီအချိန်က စပြီးတော့ အလုပ်လုပ်တာ” ဟု ပြောသည်။ မိသားစု၏ ဝမ်းရေး၊ နေရေးထိုင်ရေးအတွက် သားဖြစ်သူနှင့် အစ်မဖြစ်သူ တားနေသည့်ကြားမှ ကရင်မသည် ရွာကို စွန့်ခွာပြီး အိမ်အကူ သွားရောက် လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ “အမေအလုပ်သွားတာက စားဝတ်နေရေး ကျပ်တည်းတာကြောင့်ပေါ့။ အမေက ရန်ကုန်မှာ အလုပ်သွား လုပ်မယ်တဲ့ သားကတောင် တားသေးတယ် သွားမလုပ်နဲ့လို့ သားဘာသာ လုပ်ကျွေးမယ်လို့။ သားတဲ့ ဒီမှာ နေတော့လည်း အလုပ်မရှိဘူး ရန်ကုန်မှာပဲ သွားလုပ်မယ်လို့ ပြောသွားတယ်” မောင်နိုင်နိုင်က မိခင်မသွားခင် ပြောခဲ့သည်များကို ပြန်လည်ပြောပြသည်။ မိခင် အလုပ်သွားလုပ်ခဲ့သည့် ၆ လတာကာလအတွင်းတွင် ငွေ ၈သောင်း ကို အလုပ်သွားလုပ်ရန် ခေါ်ယူသွားသည့် အမျိုးသား ထံမှ ၁ ကြိမ် ရရှိခဲ့ဖူးကြောင်း မောင်နိုင်နိုင်က ပြောသည်။ မကရင်မ မသေဆုံးခင် ပြောပြခဲ့သော ဆွဲကြိုးခိုးယူသည်ဟု စွပ်စွဲမှုနှင့် ပတ်သက်ပြီး သူ၏ နေပုံထိုင်ပုံ၊ စိတ်နေ စိတ်ထားများကို သိကြသည့် တရွာထဲ အတူနေထိုင်ကြသူများက ဆွဲကြိုးခိုးယူခဲ့သည်ဟူသည့် ကိစ္စသည် မဖြစ်နိုင်ကြောင်း တထစ်ချပြောဆိုသည်။ “ကျနော်တို့ရွာက လူတွေရှိတယ် ကြားမိလားမေးကြည့် ကျနော့်အနေအထားနဲ့ မကြားဘူး။ ဂတ်ထဲမှာ သွားရှင်းသံလည် မကြားဘူး ဘာခိုးမှုနဲ့မှ။ မရှိတာ၊ ရှိတာထား ရိုးရိုးတန်းတန်း ငတ်ချင်တဲ့အခါ ငတ်တယ် တောက်တိုမယ်ရတော့ သူ့ဘာသာ လုပ်စားနေတာပဲ။ မရှိဘူး အဲဒီစရိုက်တော့” ဟု အုပ္ဖိုလ်ကျေးရွာ ရာအိမ်မှူး ဦးအေးသောင်းက ပြောသည်။ ထို့ပြင် ကရင်မ ကိုယ်တိုင်ကလည်း အိမ်ရှင်များကို သူ မခိုးယူခဲ့ကြောင်း ရှင်းပြခဲ့သည်ဟု မသေဆုံးခင် ဒေါ်ဌေးဌေးမော်နှင့် အခြားလာရောက်ကြည့်ရှူသူများကို ပြောပြခဲ့ကြောင်း ရာအိမ်မှူးက ဆိုသည်။ လာရောက်ပို့ဆောင်သူ အိမ်ရှင်ကမူ ရေဖျဉ်းဆွဲခြင်းနှင့် လိပ်ခေါင်းရောဂါကြောင့် လက်မခံလိုတော့သဖြင့် ပြန်လည်လာရောက် ပို့ဆောင်သည်ဟုဆိုကာ ဦးအေးသောင်းအပါအဝင် ရွာလူကြီးများကို လက်မှတ်ပင်ထိုးခိုင်းခဲ့ပြီး မကရင်မ လိုရာသုံးရန်ဟုဆိုကာ ငွေကျပ် ၁၈၀၀၀၀ ကို ပေးခဲ့သေးကြောင်း၊ မကရင်မကိုလည်း ငြင်းဆန်နေသည့်ကြားမှ အတင်းလက်မှတ် ထိုးစေခဲ့ကြောင်း ဦးအေးသောင်းက ဆက်ပြောသည်။ ကရင်မ၏ သေဆုံးမှုနှင့် ပတ်သက်ပြီး ဒေသခံလူမှုရေးအဖွဲ့အစည်း အချို့နှင့် တရွာတည်းနေ ဒေသခံများက တရားရင်ဆိုင်နိုင် ရေးအတွက် ဝိုင်းဝန်းကူညီပေးသွားမည်ဖြစ်ကြောင်း ပြောဆိုလျက်ရှိသည်။ “မတရားညှဉ်းပန်း နှိပ်စက်ခံရတယ်ဆိုတဲ့ အသိက ဝင်တဲ့အခါ ကျနော်တို့ ဘယ်လိုမှ နေလို့ မရဘူး။ ဒီဘက်ကလည်း အရမ်းဆင်းရဲနွမ်းပါးတဲ့ မိသားစု ဖြစ်တယ်။ ကျန်ရစ်ခဲ့တာလည်း ကလေးတွေပဲဆိုတော့ ကျနော်တို့ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ကူညီမယ်။ တရားရင်ဆိုင်တဲ့အခါ အားမငယ်အောင်၊ သွားရေး လာရေးအခက်အခဲ မရှိအောင် ကူညီသွားမယ်။ အမှန်တရား ပေါ်ပေါက်တဲ့ အထိ ကူညီသွားမယ်”ဟု စိတ္တသုခလူမှု ကူညီရေးအသင်းမှ ဒုတိယဥက္ကဋ္ဌ ကိုဖြိုးဝေအောင် က ပြောသည်။ မိခင်ဖြစ်သူ ကရင်မ၏ သေဆုံးမှုနှင့် ပတ်သက်ပြီး တရားဥပဒေ နည်းလမ်းများကိုမူ နားမလည်သော်လည်း ကျန်ရစ်ခဲ့သည့် ညီမများကိုမူ တတ်နိုင်သမျှ ကျွေးမွေးစောင့်ရှောက်မည် ဖြစ်ကြောင်း သားဖြစ်သူ မောင်နိုင်နိုင်က ဆိုသည်။ ညီမ ဖြစ်သူ ဒေါ်ခင်ဦးကလည်း “ကလေးတွေ မရှိဘူးဆိုရင် ကျမပေးမယ် ကျမကျွေးမယ် ကျမငတ်နေရင် သူတို့မောင်နှမ ၄ယောက်ငတ်မယ်။ ကျမမျက်စိနှစ်လုံးစုံမှိတ်တာနဲ့ သူတို့ဘာသာသူတို့လုပ်ကိုင်စားပေါ့ အမ မရှိဘူးဆိုတော့ ကျမကျွေးမယ်မွေးမယ် ဆုံးမမယ်”ဟု ပြောသည်။ ထို့ပြင် ကလေးငယ် နှစ်ဦးကိုလည်း ကျောင်းပြန်ထားနိုင်ရန် ကြိုးစားမည်ဖြစ်ကြောင်း တူဝရီး နှစ်ယောက်လုံးက ပြောသည်။ ခလောက်ချိုင့်ရွာ သင်္ချိုင်းမြေပုံထဲတွင် လဲလျောင်းနေပြီဖြစ်သော မကရင်မကမူ သားဖြစ်သူ၏ စကားကိုရော၊ ညီမဖြစ်သူ၏ စကားကိုပါ မကြားနိုင်တော့ပါ။ သားသမီးများဘဝနှင့် ဝမ်းစာအတွက် မြို့တက်ကာ အိမ်အကူ အဖြစ် အလုပ်လုပ်ကိုင်ခဲ့သည့် မကရင်မ ချန်ထားနိုင်ခဲ့သည့် တခုတည်းသော အရာမှာ ရွာလူကြီးများကို သူ့အိမ်ရှင်က ပေးသွားခဲ့သည့် ငွေကျပ် ၁၈၀၀၀၀ သာ ဖြစ်သည်။ မကရင်မကဲ့သို့ အိမ်ရှင်များ၏ နှိပ်စက်ညှဉ်းပန်းနှိပ်စက်ခံရကာ သေဆုံးခြင်း၊ သေရာပါဒဏ်ရာများကျန်ရစ်ခဲ့ရသူများစွာ မြန်မာနိုင်ငံတွင် ရှိနေသည်။ အချို့မှာ ငွေဖြင့် ဖုံးဖိလိုက်ပြီး အမှုကျေအေးလိုက်ကြရသည်။ တရားမ ျှတမှု လိုလားသူများက တရားစွဲဆိုကြသည်။ ထောင်ကျသွားသည့် အိမ်ရှင်များရှိသလို တရားရင်ဆိုင်နေဆဲ၊ ထွက်ပြေးလွတ်မြောက်နေဆဲ သူများလည်းရှိသည်။ ထိုကဲ့သို့ အိမ်ရှင်အိမ်ငှား ပြဿနာများ လျော့နည်းပပျောက်အောင် အိမ်ရှင်အိမ်အကူနှင့် ပတ်သက်သည့် ဥပဒေ၊ နည်းဥပဒေများ ရေးဆွဲရေး၊ ပေါ်ထွက်ရေး ဥပဒေပညာရှင်များက အစိုးရကို တိုက်တွန်းနေကြသည်။ The post အိမ်အကူ မကရင်မအတွက် တရားမ ျှတမှု ဘာလဲ၊ ဘယ်လဲ appeared first on ဧရာဝတီ.
Source : https://ift.tt/2J633oN
via IFTTT
No comments:
Post a Comment