Monday, June 4, 2018


နိုင်ငံတွင်း အန္တရာယ်ရှိ တံတားစာရင်း ယခုလကုန် ထုတ်ပြန်မည် ဆောက်လုပ်ရေး ဝန်ကြီးဌာနက အန္တရာယ်ရှိတံတားများကို ပြည်ပပညာရှင်များဖြင့် ပူးပေါင်းစစ်ဆေးနေလျှက်ရှိပြီး ထိုစစ်ဆေးမှုရလဒ်များကို ယခု လကုန်ပိုင်းတွင် ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောသည်။ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် ဇွန်လ ၄ ရက်က ပြုလုပ်သော အမျိုးသားအဆင့် မြို့ပြဆိုင်ရာမူဝါဒ၊ မူဘောင် အလုပ်ရုံဆွေးနွေးပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ဝန်ကြီး ဦးဟန်ဇော် က “လကုန်ရင် ရီပို့ထွက်ပါလိမ့်မယ်။ အခုတော့ တရုတ်ပညာရှင်အဖွဲ့တွေနဲ့ တံတား ၁၁ စီး စစ်ပြီးပြီ။ ဂျပန်ပညာရှင်တွေနဲ့ ၁၁ စီး စစ်ပြီးပြီ။ ကိုရီးယားနဲ့ ၃ စီး၊ မြန်မာပညာရှင်တွေက ကျန်တဲ့တံတားတွေ လိုက်စစ်နေပါတယ်။ တချို့အရေးကြီးတဲ့ တံတားတွေ၊ အထူးအားဖြင့် မကွေးတိုင်းက မယ်ဇလီတံတားဆိုရင်တော့ ချက်ချင်းပြန်ပြီးတော့ အသစ်ဆောက်ဖို့လုပ်နေပါတယ်” ဟု ပြောသည်။ ထို့အပြင် ကြံ့ခိုင်မှုအားနည်းသော တံတားများကိုလည်း ပထမအဆင့် အနေဖြင့် ယခင်ခွင့်ပြုတန်ချိန်ထက် လျှော့ချကာ ဖြတ်သန်းစေပြီး ချို့ယွင်းချက်အပေါ် မူတည်ကာ ဆက်လက်ပြုပြင်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။ “အဲဒီတော့ တံတားတွေအားလုံး တဖြည်းဖြည်းနဲ့တော့ အစားထိုးသွားမှာ” ဟု ဝန်ကြီး ဦဟန်ဇော်က ဆက်၍ ရှင်းပြသည်။ ကြိုးတံတားများသည် တောင်ပေါ်ဒေသနှင့် ရေပြင်ဧရိယာ ကျယ်ပြန့်သည့် နေရာဒေသများတွင် တည်ဆောက်လေ့သည့် တံတားအမျိုးအစား ဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး လွယ်ကူပြီး သံကူကွန်ကရစ် အမျိုးအစား တံတားများ လွယ်ကူစွာ တည်ဆောက်နိုင်သည့် ဒေသများတွင် ကြိုးတံတားများကို အသုံးမပြုစေလိုကြောင်း ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီ အဖွဲ့ဝင်၊ ရွှေကျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောသလေးစောက ပြောသည်။ ဦးစောသလေးစော က “ကျနော်တို့ဒေသတွေမှာ ကြိုးတံတားတွေက အဲလောက်ထိ မလိုအပ်ဘူး။ တကယ်တန်းက သံကူကွန်ကရစ်တွေ ဆောက်လို့ရတယ်။ သံကူကွန်ကရစ်ကို အမျိုးမျိုးလုပ်နိုင်တဲ့ အနေအထားမှာ ပစ္စည်းတွေ သယ်ယူလို့လွယ်တဲ့ ဒေသတွေမှာ ကြိုးတံတား မသုံးသင့်ဘဲ သံကူကွန်ကရစ် တွေနဲ့ သွားတာက ပိုပြီးဘေးကင်း စိတ်ချရပါတယ်။ ဘဏ္ဍာငွေပိုပြီး ကုန်ကျတာ ရှိတာမှန်ပေမယ့် ရေရှည်အတွက်ကျတော့ သံကူကွန်ကရစ်နဲ့ သွားတာပဲ အကောင်းဆုံးဖြစ်မှာပါ” ဟု ပြောသည်။ ဧရာဝတီတိုင်းဒေသကြီးရှိ မြောင်းမြကြိုးတံတားသည် ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁ ရက်နံနက်ပိုင်းက ၁၆ တန် ခြောက်ဘီး ကုန်တင်ယာဉ် တစီးဖြတ်သန်းစဉ် တံတားကျိုးကျမှု ဖြစ်ပေါ်ခဲ့ပြီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ အသက်ဆုံးရှုံးမှုဖြစ်ပွားခဲ့သည်။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ဂျိုင်းကော့ကရိတ် ကြိုးတံတားမှာလည်း သက်တမ်းနှင့် ခံနိုင်ဝန်လျော့ကျလာမှုကြောင့် ဧပြီလ ၁၉ ရက်မှ စတင်ကာယာဉ်နှင့် ကုန် ၁၃ တန် အောက်သာ ဖြတ်သန်းခွင့်ပြုခဲ့ပြီး ယာဉ်နှင့်ကုန် ၁၃ တန် အထက်ရှိသော ယာဉ်များကို ယင်းကြိုးတံတား ဘေးရှိ Pontoon တံတားပေါ်မှာ ဖြတ်သန်းကြရမည် ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ခဲ့သည်။ မြန်မာနိုင်ငံတွင် မြောင်းမြကြိုးတံတား အပါအဝင် ကြိုးတံတားအစင်း ၃၀ ခန့်ရှိပြီး ကျန်ကြိုးတံတားများ ဘေးအန္တရာယ် ကင်းရှင်းစွာ ဆက်လက် အသုံးပြုနိုင်စေရေးအတွက် ဂျပန်နိုင်ငံ၊ တရုတ်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ ပညာရှင်များဖြင့် တံတားများ၏ ကြံ့ခိုင်ရေးကို စစ်ဆေးလျှက် ရှိကြောင်း သိရသည်။ ပြည်သူများ အနေဖြင့်လည်း ကြိုးတံတားများအပေါ်တွင် သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်ခြင်းမပြုရန်နှင့် သတ်မှတ်အရှိန်နှုန်း အတိုင်းသာ မောင်းနှင်ကြရန်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ The post နိုင်ငံတွင်း အန္တရာယ်ရှိ တံတားစာရင်း ယခုလကုန် ထုတ်ပြန်မည် appeared first on ဧရာဝတီ.
Source : https://ift.tt/2JfffAC
via IFTTT

No comments:

Post a Comment