မြန်မာ့စီးပွားရေး စိတ်မပူရန် စီမံ/ဘဏ္ဍာ ဝန်ကြီးအသစ်ပြော မြန်မာ့ စီးပွားရေးကဏ္ဍအတွက် ပြည်သူများစိတ်မပူကြရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဖြစ် ခန့်အပ်ခံရသူ ဦးစိုးဝင်းက ပြောကြားသည်။ ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး အသစ် ဦးစိုးဝင်းက ကတိသစ္စာပြုရန် ပထမဆုံးအကြိမ် တက်ရောက်လာခဲ့ပြီး အစည်းအဝေးအပြီး မီဒီယာများ၏ မေးမြန်းမှုများကိုဖြေကြားခြင်း ဖြစ်သည်။ ပြည်ထောင်စု ဝန်ကြီး က “စိန်ခေါ်မှုတွေကတော့ အများကြီးပေါ့နော်။ ဒီစိန်ခေါ်မှုတွေကို လျှော့တွက်လို့တော့ မရဘူး။ ကျနော်တို့ အဖွဲ့တွေ လေးလေးနက်နက် တိုင်ပင်ပြီးတော့ လုပ်သွားမှာပါ” ဟု ပြောသည်။ ထို့ပြင် ပြည်သူများအနေနှင့် စီးပွားရေးအတွက် စိတ်မပူဘဲ သူ၏ ကြိုးပမ်းဆောင်ရွက်မှုများကို စောင့်ကြည့် ပေးစေလိုကြောင်းနှင့် အစိုးရသက်တမ်းကျန်ရှိသည့် ၂ နှစ်တာကာလအတွင်းမှ လုပ်စရာရှိသည်များကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးကဆိုသည်။ ဝန်ကြီး ဦးစိုးဝင်း က “ရတဲ့ အပိုင်းက ပြင်ရမှာပဲ။ ဘယ်အပိုင်းရယ်လို့ သတ်မှတ်ချက် မရှိဘူး။ ဦးစားပေးကဏ္ဍ အများကြီးပဲ။ အခုလက်ရှိ ကျနော်တို့ အဖွဲ့လိုက်ရွေးတုန်းပဲ ရှိပါသေးတယ်” ဟု ပြောသည်။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးအသစ်အနေဖြင့် စီးပွားရေးကဏ္ဍများ ဆောင်ရွက်ရာတွင် လွတ်လပ်စွာ လုပ်ကိုင်ခွင့် ပေးထားပြီး လိုအပ်ချက်များရှိပါက နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်ချက်ကို မသိမသာ ခံယူသွားမည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးသန်းစိုးက “အသုံးစရိတ်နဲ့ ဝင်ငွေ ကိစ္စ၊ ရင်းနှီးမြှပ်နှံမှုမှာယုံကြည်မှု ရလာအောင် ဥပဒေ ပြုတဲ့ အပိုင်းမှာ လိုအပ်တဲ့ ဥပဒေတွေ၊ ဝန်ကြီးဌာနအချင်းချင်း ချိတ်ဆက်တဲ့ အခါမှာ အားနည်းတဲ့ အပိုင်းတွေ အဲဒီအပိုင်း ၃ ပိုင်းကိုပဲ အရင်လုပ်ပါ။ ကျန်တာတွေ ခဏဖယ်ထားပါဦး။ ဒါဆိုရင် အဆင်ပြေမှာပါ” ဟု ဧရာဝတီသို့ ပြောဆိုသည်။ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းသည် အဂတိလိုက်စားမှုဖြင့် တိုင်ကြားခံရပြီး ကော်မရှင်မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ရာထူးမှ နုတ်ထွက်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ဘဏ်လုပ်ငန်းဆိုင်ရာပညာရှင် တဦးလည်းဖြစ်သည့် အသက် ၈၀ အရွယ် ဦးစိုးဝင်းကိုဝန်ကြီး အသစ် အဖြစ် ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။ ဝန်ကြီးသစ်၏ အသက်အရွယ်ပိုင်းအရ တာဝန်များထမ်းဆောင်ရာတွင် လုပ်ငန်းများဆောင်ရွက်ရာတွင် နှေးကွေးမှုများ ရှိနိုင်ကြောင်းပြည်သူများအကြား ဝေဖန်မှုများရှိခဲ့သည်။ ထိုကဲ့သို့ဝေဖန်မှုများရှိသည့် အပေါ် ဝန်ကြီးက “အသက်အရွယ်အားဖြင့် စိုးရိမ်သင့်ပါတယ်။ ကွေးသောလက် မဆန့်မီ၊ ဆန့်သောလက် မကွေးမီအချိန်မရွေး ဖြစ်သွားနိုင်ပါတယ်။ ကျနော် ကျန်းမာရေးကိုတော့ အထူး ဂရုစိုက်ပါတယ်” ဟု ဆိုသည်။ UMFCCI မှ ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး က “ အဓိက ကလုပ်ငန်းရှင် ပြည်သူတွေ ခံစားနေရတာကို လေ့လာ သုံးသပ်ပြီး အကောင်းဆုံး အခြေအနေရောက်အောင် ဖော်ဆောင်နိုင်လိမ့်မယ်လို့ မြင်ပါတယ်။ သူဟာရှေ့မှီ၊ နောက်မှီ ဖြစ်သလို၊ ပညာရှင် တယောက်လည်း ဖြစ်တဲ့ အတွက် လုပ်နိုင်လိမ့်မယ်လို့ မြင်ပါတယ်” ဟုဧရာဝတီသို့ ပြောသည်။ စီမံ/ဘဏ္ဍာဝန်ကြီးသစ် ဦးစိုးဝင်းမှာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၏ ဗဟိုစီးပွားရေး ကော်မတီ အဖွဲ့ဝင်လည်း ဖြစ်ပြီး စီးပွားရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများရှိကာ ကျွမ်းကျင်သူ တဦးလည်း ဖြစ်ကြောင်းသိရသည်။ လက်ရှိ မြန်မာနိုင်ငံ၏ စီးပွားရေး၌ အရေးပါသည့် ဆောက်လုပ်ရေးကဏ္ဍ ကျဆင်းခြင်းငွေကြေးဖောင်းပွမှု မြင့်တက်ခြင်း နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လျော့ကျခြင်းစသည်တို့ ဖြစ်ပေါ်လျှက်ရှိပြီး ပြည်သူများအလုပ်အကိုင် အခွင့်အလမ်းနည်းပါးခြင်း တို့ကိုလည်း ကြုံတွေ့နေရကြောင်းသိရသည်။ The post မြန်မာ့စီးပွားရေး စိတ်မပူရန် စီမံ/ဘဏ္ဍာ ဝန်ကြီးအသစ်ပြော appeared first on ဧရာဝတီ.
Source : https://ift.tt/2LqBuV5
via IFTTT
No comments:
Post a Comment