တိုင်းအစိုးရနဲ့ စည်ပင် ကားဝယ်ဖို့ ဘဏ္ဍာကော်မတီ လက်မခံ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စည်ပင်သာယာရေးကော်မတီတို့မှ ၂၀၁၈-၁၉ ခုနှစ် ရသုံးမှန်းခြေငွေစာရင်း(လျာထားချက်)တွင် ကားဝယ်ယူရန် ဘတ်ဂျက်တင်ထားမှုအား ခွင့်မပြုသင့်ကြောင်း တိုင်းဒေသကြီး ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီက ယနေ့ဇွန်လ ၁ ရက်နေ့ တိုင်းလွှတ်တော်အစည်းအဝေးတွင် တင်ပြသည်။ ၂၀၁၈-၁၉ ခုနှစ် လျာထားဘတ်ဂျက်တွင် တိုင်းအစိုးရအနေဖြင့် Ford ကား ဆယ်စီးဝယ်ယူရန် ကျပ်သန်းတထောင်၊ မြို့တော်စည်ပင်သာယာရေး ကော်မတီမှ ရုံးသုံးယာဉ်များဝယ်ယူရန် ကျပ် ၂၆၄၄ သန်းအား တင်ပြထားခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်း Double Cap ကား ၂၁ စီးအား ဝယ်ယူရန် ကျပ် ၁၀၅၀ သန်း တင်ပြထားကြောင်း သိရသည်။ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက “ ကိုကိုးကျွန်းမပါ ၄၄ မြို့နယ်အတွက် စုစု ပေါင်းဝယ်တဲ့ ကားအစီးရေဟာ ယခုနှစ် အပါအဝင်ဆိုရင် ၅၇ စီးရှိနေပါပြီ။ မြို့နယ်၊ ခရိုင် အုပ်ချုပ်ရေးမှူးတွေကို တစီးစီ ပေးမယ်ဆိုရင်တောင် ပိုနေပြီ ဖြစ်ပါတယ်၊ ဒါကြောင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေနဲ့ စည်ပင်သာယာ ရေးကော်မတီမှာ တင်ပြထားတဲ့ မော်တော်ယာဉ်တွေကို ဝယ်ဖို့တန်ဖိုးငွေကျပ် ၃၆၄၄ သန်းကို မြို့နယ်တွေမှာ လိုအပ်တဲ့ဖွံ့ဖြိုးရေးနဲ့ တည်ဆောက်ရေးလုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်ရန်အတွက် ခွင့်ပြုပေးရန် မသင့်ပါ၍ ဖြတ်တောက်သင့်ပါတယ်”ဟု လွှတ်တော်တွင် ပြောသည်။ တိုင်းအစိုးရအဖွဲ့၏ ကားဝယ်မည့်ကိစ္စနှင့် ပတ်သက်ပြီး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက ဝေဖန်ဆွေးနွေးခဲ့ကြပြီး ဘတ်ဂျက်ချွေတာ သုံးစွဲနေရသည့် အခြေအနေတွင် ပြည်သူများအတွက် ပိုမိုလိုအပ်သည့်နေရာတွင်သာ ဘတ်ဂျက်ကို သုံးစွဲသင့်ကြောင်းလည်း ထောက်ပြဆွေးနွေးကြသည်။ တိုင်းဒေသကြီး ပြည်သူ့ငွေစာရင်း ကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က “ ကားဝယ်မယ့်ကိစ္စက အစိုးရဘက်နဲ့ဆွေးနွေးတော့ သူတို့ပြဿနာတွေတင်ပြတယ်၊ ရှိတဲ့ကားတွေကလည်း အတော်လေးပျက်စီးနေပြီ၊ VIP တွေ၊ ဧည့်ကြိုဖို့၊ လူကြီးစီးဖို့တွေအတွက် ခဏခဏ မဝယ်ရအောင် တခါတည်းအမြင့်ကား ဝယ်တဲ့သဘောပြောတာပေါ့၊ ငွေပမာဏက များတော့ ကန့်ကွက်မှုတွေရှိလာတာပါ”ဟု ပြောသည်။ ဘဏ္ဍာရေးကော်မတီ၏ တင်ပြချက်တွင် စည်ပင်သာယာရေးကော်မတီ၏ သာမန်ရငွေရှင်လင်းချက်အား စုပေါင်းဖော်ပြထားသည့်အတွက် စိစစ်ရန်ခက်ခဲပြီး လာမယ့်နှစ်မှစ၍ သီးခြားတခုချင်းစီသာ ဖော်ပြရန်လည်း တင်ပြခဲ့သည်။ ရန်ကုန်မြို့တော်ဘဏ်မှာ နိုင်ငံခြားဘဏ်လုပ်ငန်းများ လုပ်ဆောင်ရန် ငွေကျပ်သန်းပေါင်း ၆၈၀၀ ထည့်ဝင် ရန်အတွက် တင်ပြမှုကိုလည်း ပြည်သူအခွန်ဘဏ္ဍာများ ဆုံးရှုံးနိုင်ချေရှိသည့်အတွက် ခွင့်မပြုသင့်ကြောင်း ဘဏ္ဍာရေးကော်မတီက ဆိုထားသည်။ ပြည်သူငွေစာရင်းကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်က “လျာထားဘတ်ဂျက်တွေကို စိစစ်ပြီး ဖြတ်တောက်တယ်ဆိုတာက အစိုးရအနေနဲ့ မသုံးရတာတော့ မဟုတ်ဘူး၊ တခြားလိုအပ်တဲ့နေရာတွေမှာ ပိုသုံးဖို့ရွေ့လိုက်တာပါပဲ”ဟု ပြောသည်။ စည်ပင်ကောက်ခံရငွေများ၊ ဘက်ဂျက်ပိုငွေများ ထည့်သွင်းရာ မြို့တော်ဘဏ်လီမိတက်၏ အမြတ်ငွေ ရရှိမှုအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာရေးနှစ်တွင် ၁၃၄၆.၅၅၂ သန်း၊ ၂၀၁၆- ၁၇ ခုနှစ်တွင် ၁၆၀၃.၅၀ သန်း၊ ၂၀၁၇-၁၈ ခုနှစ်တွင် ၁၅၃၅.၅၀ သန်းနှင့် ၂၀၁၈ ခုနှစ် ၆ လ ဘတ်ဂျက်တွင် ကျပ် ၈၂၂ သန်းအား အမြတ်ငွေအဖြစ် ဖော်ပြထားသော်လည်း မည်သည့်နေရာတွင် သုံးစွဲထားကြောင်း မည်သည့် ဘဏ္ဍာရေးနှစ်တွင်မှ ဖော်ပြထားခြင်း မတွေ့ရှိရကြောင်းလည်း ဘဏ္ဍာရေးကော်မတီက ပြောသည်။ စည်ပင်သာယာရေး ကော်မတီမှ ရာနှုန်းပြည့် မတည်ရင်းနှီးမြုပ်နှံထားသည့် မြို့တော်ဘဏ်နှင့် ပတ်သက်၍ တိုင်းဒေသကြီး စာရင်းစစ်ချုပ်က စာရင်းစစ်ဆေးခြင်း မရှိခဲ့သည့်အတွက် စည်ပင်၏ ဘဏ္ဍာရေး လုပ်ငန်းများအား စစ်ဆေးရာတွင် မြို့တော်ဘဏ်၏ လုပ်ငန်းများကိုလည်း ထည့်သွင်းစစ်ဆေးပေးရန် ပြည်သူ့ငွေစာရင်းကော်မတီက တင်ပြထားသည်။ ရုပ်ရှင်ရုံဆိုင်ခန်းငှားခများနှင့် ပတ်သက်၍လည်း လာမည့်ဘဏ္ဍာရေးနှစ်မှ စတင်ကာ ကာလပေါက်ဈေးများ အတိုင်း တိုးမြှင့်ကောက်ခံသင့်ကြောင်းလည်း ဘဏ္ဍာရေးကော်မတီက အကြံပြုထားသည်။ မြို့တော်ဂေါက်ကွင်း အခြားအသုံးစရိတ်အနေဖြင့် တင်ပြထားသည့် ကျပ် ၁၀၇.၆၅ သန်းနှင့် ပတ်သက်၍ ၂၀၁၈ ဘဏ္ဍာရေးနှစ် ၆ လဘတ်ဂျက်တွင် ကျပ် ၁၅၃၅.၅၀၀ သန်းအား သုံးစွဲခွင့်ပြုထားပြီးဖြစ်သည့်အတွက် ထပ်မံတောင်းခံငွေအား ဖြတ်တောက်သင့်ကြောင်းလည်း တင်ပြခဲ့သည်။ ပြည်သူ့ငွေစာရင်းကော်မတီအနေဖြင့် ၂၀၁၈-၁၉ ခုနှစ် လျာထားဘက်ဂျက်မှ မှားယွင်းမှုများ၊ မလုပ်သင့်သည့် စီမံကိန်းများ၊ ပေါက်ဈေးထက် ပိုမိုတောင်းခံထားသည့် တင်ပြမှုများ စိစစ်ဖြတ်တောက်ခဲ့ရာတွင် ကျပ် ၇၃၀၀၁ သန်းအား လျော့ချနိုင်ခဲ့ကြောင်းလည်း သိရသည်။ တိုင်းအစိုးရ၏ ၂၀၁၈-၁၉ ခုနှစ် လျာထားဘတ်ဂျက်နှင့်ပတ်သက်ပြီး လာမည့် ဇွန်လ ၄ ရက်နေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတဦးက လွှတ်တော်တွင် ပြန်လည်ရှင်းလင်းဆွေးနွေးဖြစ်ပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူမည်ဖြစ်ကြောင်း သိရသည်။ ဆက်စပ်ဖတ်ရှုရန်–သိန်း ၁၀၀၀ တန် Ford ကား ၁၀ စီးဝယ်ရန်တင်ပြချက် ဝေဖန်မှုဖြင့် ရင်ဆိုင်နေရ The post တိုင်းအစိုးရနဲ့ စည်ပင် ကားဝယ်ဖို့ ဘဏ္ဍာကော်မတီ လက်မခံ appeared first on ဧရာဝတီ.
Source : https://ift.tt/2smpBYO
via IFTTT
No comments:
Post a Comment