ကျောက်ဖြူစီမံကိန်းကို ပြန်သုံးသပ်နေဟု ဆို ကုန်ကျစရိတ်များလွန်းပြီး ကြွေးမြီများပြန်လည်ပေးဆပ်နိုင်ခြင်းမရှိလျှင် တရုတ်နိုင်ငံ၏ ထိန်းချုပ်မှုအောက်ရောက် ကျရောက်သွားမည်ကို စိုးရိမ်သောကြောင့် မြန်မာ အစိုးရသည် တရုတ်ကျောထောက်နောက်ခံပြု ဒေါ်လာ ၉ ဘီလီယံတန် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ပြန်လည်သုံးသပ်နေကြောင်း Financial Times သတင်းဌာနက ရေးသားသည်။ မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်ကျောက်ဖြူတွင် တည်ဆောက်ရန် စီစဉ်ထားသော ဆိပ်ကမ်းအတွက် ကုန်ကျစရိတ်များ လျှော့ချရန် ညှိနှိုင်း နိုင်မည့်နည်းလမ်းများကို စီးပွားရေး အရာရှိများက ရှာဖွေနေသည်ဟု ဒေါ်အောင်ဆန်းစုကြည် အစိုးရအတွင်း ဆွေးနွေးမှုများကို သိရှိသူ ၂ ဦးကို ကိုးကား၍ သတင်းက ဆိုသည်။ တရုတ်နိုင်ငံသည် ၎င်း၏ အနောက်တောင်ပိုင်းအတွက် မြန်မာနိုင်ငံကို ဖြတ်သန်းပြီး အိန္ဒိယ သမုဒ္ဒရာသို့ တိုက်ရိုက်ကုန်သွယ်ရေး စင်္ကြန်တခုဖြစ်လာရန် မျှော်မှန်းထားသည်။ တရုတ်၏ ပိုးလမ်းမသစ် အစီအစဉ်အရ အာရှဥရောပတိုက်သို့ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးလမ်းကြောင်း တည်ဆောက်ရေး ဒေါ်လာ ၁ ထရီလျှံကုန်ကျမည့် စီမံကိန်းတွင် ထိုဆိပ်ကမ်းသည် အစိတ်အပိုင်းတခုဖြစ်သည်။ ကျောက်ဖြူစီမံကိန်းသည် မြန်မာ့သမိုင်းတွင် အကြီးမားဆုံး အခြေခံ အဆောက်အအုံ စီမံကိန်းများအနက် တခုလည်းဖြစ်သည်။ ” မြန်မာနိုင်ငံရဲ့အခြေခံအဆောက်အအုံတွေမှာ တိုးပွားလာမှာဖြစ်လို့ ဒီစီမံကိန်းကို ကြိုဆိုသင့်ပါတယ်။ ဒါပေမယ့် ဒီစီမံကိန်းဟာ ငွေအရမ်းကုန်တယ်ဆိုတာကိုလည်း ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ ဒီတော့မြန်မာနိုင်ငံအတွက် ဆုံးရှုံးနိုင်ခြေရှိပြီး ပါဝင်လုပ်ဆောင်ဖို့ စဉ်းစားစရာဖြစ်လာတယ်” ဟု မြန်မာ အစိုးရကို စီးပွားရေးမူဝါဒဆိုင်ရာ အကြံဉာဏ်ပေးနေသည့် ဩစတေးလျှ ပညာရှင် ရှောင်တန်နဲလ်က ပြောသည်။ တရုတ်နိုင်ငံတောင်ပိုင်း ယူနန်ပြည်နယ်သို့ ဆက်သွယ်ထားသော ရေနံနှင့် ဓာတ်ငွေ့ပိုက်လိုင်း၏ အစတွင်တည်ရှိသော ထိုစီမံကိန်း၏ ခန့်မှန်ခြေ ကုန်ကျစရိတ်မှာ ဒေါ်လာ ၇.၅ ဘီလျှံရှိပြီး အနီးတွင်တည်ဆောက်မည့် စီးပွားရေးဇုန်အတွက် ဒေါ်လာ ၂ ဘီလျှံ ကုန်ကျမည်ဖြစ်သည်။ ထိုဆိပ်ကမ်းကို တရုတ်နိုင်ငံ၏ အကြီးမားဆုံးနှင့် ဩဇာအရှိဆုံး အစိုးရကျောထောက်နောက်ခံပြု လုပ်ငန်းစုကြီးများအနက် တခုဖြစ်သော Citic Group က တည်ဆောက်မည်ဖြစ်သည်။ Citic Group သည် ၂၀၁၅ ခုနှစ်က တည်ဆောက်ရေးတင်ဒါရရှိပြီး တရုတ်ဖက်က စီမံကိန်း၏ ၇၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ကာ မြန်မာအစိုးရနှင့်ပြည်တွင်းကုမ္ပဏီများက ၃၀ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်သည်။ “ကျိုးကြောင်းဆီလျှော်တဲ့ ဘယ်လိုအခြေအနေမျိုးမဆို အခု ကုန်ကျစရိတ်ရဲ့ တစိတ်တပိုင်းလောက်နဲ့ဆို ဆိပ်ကမ်းကို မြန်မာနိုင်ငံက ကောင်းကောင်းအသုံးချနိုင်တယ်” ဟု ရှောင်တန်နဲလ်က ပြောသည်။ ထိုဝေဖန်ပြောကြားခြင်းသည် သူ၏ ပုဂ္ဂလိက အမြင်ဖြစ်သော်လည်း အစိုးရအရာရှိများသည် စီမံကိန်း ကုန်ကျစရိတ်လျှော့ချရေး ညှိနိုင်းရန် နည်းလမ်းရှာနေကြောင်း သူ အတည်ပြုပြောကြားသည်။ မြန်မာအစိုးရအတွင်း ဆွေးနွေးမှုများကို ရှင်းပြသော အခြား နိုင်ငံခြားပညာရှင်တဦးကလည်း ပိုမိုပြင်းထန်စွာ ဝေဖန်သည်။ မြန်မာနိုင်ငံအနေဖြင့် အကြွေးများကို ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ထိုဆိပ်ကမ်းကို တရုတ်နိုင်ငံက ထိန်းချုပ်သွားမည်ကို စိုးရိမ်သောကြောင့် မူဝါဒ မှတ်သူများအတွက် ထိုစီမံကိန်းသည် အိက်မက်ဆိုးကြီး ဖြစ်နေသည်ဟု သူက ပြောသည်။ “စီမံကိန်း အလုပ်မဖြစ်ရင် အကြွေးမဆပ်နိုင်တဲ့ အန္တရာယ် ရှိပြီး တရုတ်ပိုင် ဆိပ်ကမ်းဖြစ်သွားနိုင်တယ်”ဟု စီမံကိန်း၏ အရေးပါမှုကြောင့် အမည်ထုတ်ဖေါ်ပြောဆိုခြင်းမရှိသော ထိုသူက Financial Times သတင်းဌာနသို့ ပြောသည်။ အလားတူ ပြဿနာများကို အာရှတခွင်တွင် တွေ့ကြုံနေရပြီး ဖြစ်သည်။ သီရိလင်္ကာနိုင်ငံသည် စီမံကိန်းကြွေးမြီများကို ပေးဆပ်နိုင်ခြင်းမရှိသောကြောင့် ဟမ်ဘန်တိုတာ ဆိပ်ကမ်းကို လွန်ခဲ့သော နှစ်က တရုတ်နိုင်ငံသို့ ၉၉ နှစ် အငှားချထားလိုက်ရသည်။ ထိုစီမံကိန်းမှ ရှယ်ယာအတွက် မြန်မာနိုင်ငံက လိုအပ်မည့် ချေးငွေပမာဏမှာ ဒေါ်လာ ၂ ဘီလျှံ သို့မဟုတ် စုစုပေါင်းပြည်တွင်းထုတ်လုပ်မှု၏ ၃ ရာခိုင်နှုန်းရှိသောကြောင့် ကြွေးမြီများ အကြီးအကျယ်တိုးလာမည် ဟု ရှောင်တာနဲလ်က ခန့်မှန်းသည်။ မြန်မာနိုင်ငံက ထိုစီမံကိန်းကို ပြန်လည်သုံးသပ်ချိန်သည် တိုင်းပြည်အတွက် လွန်စွာ အရေးပါသော အချိန်နှင့် တိုက်ဆိုင်နေသည်။ မြန်မာနိုင်ငံသည် ရခိုင်ပြည် မြောက်ပိုင်းနေ မွတ်စလင်များကို စစ်ရေးအရ ချေမှုန်းမှုကြောင့် နိုင်ငံတကာပြစ်တင်ဝေဖန်မှုများကို ရင်ဆိုင်နေရချိန်ဖြစ်သောကြောင့် တရုတ်နိုင်ငံဖက်သို့ တွန်းပို့ခံနေရချိန်လည်း ဖြစ်သည်။ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ သေနင်္ဂဗျူဟာအရ အရေးပါလှသော ဆိပ်ကမ်းတွင် မူလက ၈၅ ရာခိုင်နှုန်းအထိ ရယူရန် ရည်မှန်းခဲ့သော်လည်း နောက်ပိုင်းတွင် လျှောချခဲ့သည်။ ထိုသဘောတူညီချက်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာလက ရယူခဲ့သည်ဟု Reuters သတင်းတပုဒ်က ဆိုသည်။ ၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံမြောက်ပိုင်းမှ ဒေါ်လာ ၁.၅ ဘီလျှံတန် မြစ်ဆုံစီမံကိန်းကို သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ဆိုင်းငံ့ခဲ့ပြီး ယင်းစီမံကိန်း ဆက်လုပ်ဖြစ် မဖြစ် မရေရာသေးချေ။ The post ကျောက်ဖြူစီမံကိန်းကို ပြန်သုံးသပ်နေဟု ဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2LV79yZ
via IFTTT
No comments:
Post a Comment