Friday, June 1, 2018


တားမြစ်ထားသည့် မြရိပ်ညို စီမံကိန်း ၂၀၂၀ တွင် အပြီးဆောက်မည် ဟုဆို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဆိုင်းငံ့ထားရန် ညွှန်ကြားထားသော ဗဟန်းမြို့နယ် မြရိပ်ညို ဟိုတယ်ဝင်း အတွင်းရှိ မြရိပ်ညို Mix-Used စီမံကိန်းကို တရုတ်နည်းပညာဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အပြီးတည်ဆောက်သွားမည် ဖြစ်ကြောင်း ဇေကမ္ဘာ ကုမ္ပဏီဥက္ကဋ္ဌ ဦးခင်ရွှေက ဧရာဝတီသို့ ပြောသည်။ ဦးခင်ရွှေ က “၂၀၂၀ မှာ ပြီးအောင် ကြိုးစားကြည့်မယ်။ တရုတ်ရဲ့ တလကို ၆ ထပ်လောက် ပြီးအောင်ဆောက်နိုင်တဲ့ နည်းပညာတော့ ရှိတယ်။ အခု ဆက်ဆောက်နေပြီ။ ဘေးက ဘာပြောပြော ဘာမှ လုပ်စရာမလိုတော့ဘူး။ ပြီးသွားပြီ ကိုယ့်ဝင်းထဲမှာ ကိုယ့်ပရောဂျက် ဆောက်တာပဲ ဘာပြဿနာရှိလို့လဲ။ ရေကန်ကြီးကို လာအကြောင်းပြနေတယ်” ဟု ပြောသည်။ အမေရိကန်ဒေါ်လာ သန်း ၅၀၀ အကုန်အကျခံ တည်ဆောက်မည့် မြရိပ်ညို အထပ်မြင့် စီမံကိန်းအား အနီးရှိ သက်တမ်း ၉၂ နှစ်ရှိသော ကုက္ကိုင်း ရေလှောင်ကန်ကြီးအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး အစီအမံများကို ရန်ကုန်တိုင်းအစိုးရက အတည်ပြုပြီးသည်အထိ ဆိုင်းငံ့ထားရန် ဧပြီလ ၂ ရက်နေ့က ညွန်ကြားထားခြင်းဖြစ်သည်။ စီမံကိန်း ဆိုင်းငံ့စာရပြီး နောက်တနေ့တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် ဝန်ကြီးအချို့အား ရေလှောင်ကန် ဘေးကင်းရေး အတွက် ၎င်းတို့၏ အစီအမံများကို ရှင်းပြခဲ့ရာတွင် ရေလှောင်ကန် ဘေးအန္တရာယ် ကင်းရှင်းရေးကို သေချာလုပ်ဆောင်ပြီး လုံခြုံမှု ရှိသည့် အနေအထားရောက်မှ စီမံကိန်းကို ဆက်ရန် ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ပြောဆိုကြောင်း ဦးခင်ရွှေက ဧရာဝတီသို့ ပြောဆိုခဲ့သည်။ ထို့နောက် ကုက္ကိုင်း ရေလှောင်ကန်ကြီးတွင် ဖြစ်ပေါ်လာနိုင်သည့် အပျက် အဆီးများကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ရေတားရန် water seal များအသုံးပြုပြီး ဘိုးလ်ပိုင်များရိုက်ရန် YCDC က မြရိပ်ညိုရွိုင်ရယ် စီမံကိန်း အကောင် အထည်ဖေါ်သူ ဇေကမ္ဘာကုမ္ပဏီကို ဧပြီလ ၆ ရက်နေ့က ခွင့်ပြုခဲ့ကြောင်းသိရသည်။ YCDC ကော်မတီဝင် ဒေါ်မေမေသွယ် က “သူတို့ အဆိုပြုထားတဲ့ ရေလှောင်ကန် လုံခြုံရေး အစီအမံတွေ ဆောင်ရွက်ဖို့ ရုံးခန်း အဆောက် အအုံနဲ့ မြေတားနံရံ ဆောက်ဖို့ အတွက်ကိုပဲ ခွင့်ပြုတာ။ တခြား ဘာမှ မပါဘူး” ဟု ဧပြီလအတွင်းက ဧရာဝတီ သတင်းဌာနသို့ ပြောထားသည်။ သို့သော်လည်း ယင်း မြရိပ်ညို Mix used project အထပ်မြင့် အဆောက်အဦးများကို ဇေကမ္ဘာ ကုမ္ပဏီက ကုက္ကိုင်းရေလှောင်ကန် ရေတားနံရံများ တည်ဆောက်နေသည့် တချိန်တည်းမှာဘဲ စီမံကိန်းကို တပြိုင်တည်းလုပ်ဆောင်လိုနေခြင်းဖြစ်သည်။ ဦးခင်ရွှေက “အန်ကယ်တို့ အနေနဲ့ကတော့ ဒါကိုတပြိုင်နက်တည်း လုပ်ချင်တယ်။ ဘာကြောင့်လည်းဆိုတော့ မိုးတွင်းဆို တည်ဆောက်ရေး လုပ်ငန်း လုပ်မရတော့ဘူး”ဟု ပြောသည်။ ထိုစီမံကိန်း၏ ကန်ထရိုက်တာမှာ တရုတ်နိုင်ငံ ဆောက်လုပ်ရေး အင်ဂျင်နီယာ ကော်ပိုရေးရှင်း – CSCEC ဖြစ်သည်။ အဆိုပါ စီမံကိန်းကို ၂၀၂၀ ခုနှစ်တွင် အပြီးတည်ဆောက်ရန် အစိုးရထံ တင်ထားပြီးသားဖြစ်ကြောင်း သို့သော်လည်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက မလုပ်ရန် တားမြစ်၍သာ ဆိုင်းငံ့ထားရခြင်းဖြစ်ကြောင်း၊ ထိုအခြေအနေများနှင့် ပတ်သက်၍ အတူလက်တွဲ လုပ်ကိုင်မည့် တရုတ်ကုမ္ပဏီ အနေဖြင့် စိတ်ပျက်နေကြောင်း ဦးခင်ရွှေက ပြောသည်။ “တရုတ်ကုမ္ပဏီက ကြားထဲမှာ တော်တော် စိတ်ပျက်နေပြီ” ဟု ဦးခင်ရွှေက ဆိုသည်။ ထိုစီမံကိန်းတွင် အမြင့်ပေ ၃၈၂ ပေ ၄၁၂ ပေအထိ ရှိသော အဆောက်အအုံ ၁၂ လုံးပါဝင်သည်။ ထိုစီမံကိန်း၏ ၁၃ ဧက ကျယ်သော မြေကွက် အစွန်တွင် ရန်ကုန်မြို့တွင်း ၁၆ မြို့နယ်ကို ရေပေးဝေနေသော ဂါလံ သန်း ၂၀ ဆံ့ ကုက္ကိုင်းရေလှောင်ကန် ရှိနေခြင်း ဖြစ်သည်။ ထိုစီမံကိန်းတည်ဆောက်မှုများနှင့် ပတ်သက်ပြီး အနီးပတ်ဝန်းကျင် နေထိုင်သူများကလည်း ရေလှောင်ကန် ပျက်စီးပြီး ၎င်းးတို့ ရပ်ကွက် ရေလွှမ်းမိုးခြင်း ရေပြတ်လပ်ခြင်းတို့ ကြုံတွေ့ရမည်ကို စိုးရိမ်နေကြသဖြင့် ယင်းစီမံကိန်းအား ဆန့်ကျင်နေခြင်း ဖြစ်သည်။ ယင်းစီမံကိန်းကို ၂၀၁၄ ခုနှစ်တွင် တပ်မတော်မှ တင်ဒါ ခေါ်ယူခဲ့ရာ ဇေကမ္ဘာ မှ အောင်မြင်ခဲ့ခြင်းဖြစ်ပြီး နှစ် ၅၀ နှင့် ၁၀ နှစ် ၂ ကြိမ် သက်တမ်း တိုးခွင့် ရရှိထားကြောင်း သိရသည်။ ဆက်စပ် ဖတ်ရှုရန် ကုက္ကိုင်းရေလှောင်ကန် ဘေးကင်းရေးအတွက် ဇေကမ္ဘာကုမ္ပဏီ၏ အစီအမံ YCDC ခွင့်ပြု မြရိပ်ညို စီမံကိန်းအား ဆိုင်းငံ့ထားရန် ရန်ကုန်တိုင်းအစိုးရ ညွန်ကြား ကုက္ကိုင်း ရေလှောင်ကန် အနီးက ခွင့်ပြုချက်မဲ့ မြရိပ်ညို စီမံကိန်း The post တားမြစ်ထားသည့် မြရိပ်ညို စီမံကိန်း ၂၀၂၀ တွင် အပြီးဆောက်မည် ဟုဆို appeared first on ဧရာဝတီ.
Source : https://ift.tt/2LbX8fl
via IFTTT

No comments:

Post a Comment