ဒုက္ခသည် အရေး ဘင်္ဂလားဒေ့ရှ် ပူးပေါင်းစေလို နေရပ်စွန့်ခွာ ဒုက္ခသည်များ ပြန်လည် လက်ခံရေးနှင့် ပတ်သက်ပြီး မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ရန် ဘင်္ဂလားဒေ့ရှ်ကို နိုင်ငံတကာက တိုက်တွန်းမှုများ ပြုလုပ်ရန် လိုအပ်နေကြောင်း ဒေါက်တာဝင်းမြတ်အေး က ပြောသည်။ ဇွန်လ ၂၅ ရက်က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန၌ မီဒီယာ တချို့နှင့် တွေ့ဆုံစဉ် ပြန်လည်လက်ခံရေး အတွက် ကြန့်ကြာနေမှုများနှင့် ပတ်သက်၍ ပြည်ထောင်စု ဝန်ကြီးက ယင်းသို့ ပြောခြင်း ဖြစ်သည်။ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အနေဖြင့် နှစ်နိုင်ငံ သဘောတူညီချက်များ အတိုင်း ဆောင်ရွက် မည်ဆိုသော်လည်း လက်တွေ့၌ ကြန့်ကြာမှုများ ရှိနေကြောင်း၊ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် ဘင်္ဂလားဒေ့ရှ် အနေနှင့် ပိုမိုပူးပေါင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း ၎င်းက ဆိုသည်။ “နိုင်ငံတကာကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တိုက်တွန်းပေးဖို့ လိုတယ်။ ကျနော်တို့ အနေနဲ့လည်း အမြန်ဆုံး ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်” ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။ အဆိုပါ လုပ်ငန်းများ မြန်ဆန်ရေး အတွက် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းခြင်း နည်းလမ်းတို့ဖြင့်သာ ဆောင်ရွက်နိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ “ဘာကြောင့် ကြန့်ကြာနေရတယ် ဆိုတာကတော့ သူတို့အကြောင်း သူတို့ပဲသိမယ်။ ကျနော်တို့ လုပ်ရမှာက ဒီလုပ်ငန်းစဉ် အောင်မြင်ဖို့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်း အားပေးမှု ပြုရမယ်။ နိုင်ငံအသီးသီးကနေ သက်ဆိုင်ရာတွေကနေ အားလုံး တိုက်တွန်းရင် မြန်သွားမယ်လို့ယူဆတယ်”ဟုလည်း ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။ မြန်မာနိုင်ငံသို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖွဲ့ လာရောက်စဉ်ကလည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပိုမို ပူးပေါင်း ဆောင် ရွက်သည်ကို လိုလားသည်ဟု ပြောကြားခဲ့ပြီး အထူးကိုယ်စားလှယ်က ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းသွားမည်ဟု ကတိပြု သွားကြောင်း ၎င်းက ဆိုသည်။ နေရပ်စွန့်ခွာသူများသည် ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေး တပ်မတော် (ARSA) အကြမ်းဖက်အဖွဲ့၏ ခြိမ်းခြောက်မှုများ၊ လှုံ့ဆော်မှုများကြောင့် ရိုဟင်ဂျာ အမည်ဖြင့် တိုင်း ရင်းသားပေးရမည်၊ နိုင်ငံသားပေးရမည် စသည့်် နိုင်ငံရေး ရည်ရွယ်ချက်၊ တောင်းဆိုချက်များ ရှိကြောင်း၊ ယင်းအချက်များ မရသဖြင့် မြန်မာနိုင်ငံသို့ ပြန်မလာခြင်းဟု မြင်ကြောင်း ရခိုင်အမျိုးသား ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဖေ သန်းက ပြောသည်။ “နိုင်ငံရေး အရ ချည်ပြီး တုပ်ပြီးဖြစ်မှ ပြန်လာမယ်ဆိုတဲ့ သဘောမျိုးကြောင့် မလာတာ ဖြစ်ပါတယ်။ ဒီဘက်ကတော့ လက်ခံဖို့ အဆင်သင့် လုပ်ထားတာ တွေ့ရပါတယ်” ဟုလည်း ၎င်းက ပြောသည်။ နေရပ်စွန့်ခွာသူများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံတကာ အကူအညီများ ရယူကာ တားဆီး စစ်ဆေးခြင်း မပြုဘဲ လက်ခံထားခြင်း၊ ပြန်လည်လက်ခံရေး နှစ်နိုင်ငံ သဘောတူညီချက် အတိုင်း မဆောင်ရွက်ခြင်း၊ မြန်မာအပေါ် အရေးယူရန် နိုင်ငံတကာသို့ တောင်းဆိုခြင်းစသည့် အချက်များကြောင့် မရိုးသားဟု ထင်မြင်ကြောင်းလည်း မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သူ ဦးဖေသန်း က ဆက်လက် ပြောဆိုသည်။ “ဒီနေ့အထိ မပို့နိုင်ခြင်းက ဒီအပေါ်မှာ နိုင်ငံရေး အမြတ်ထုတ်နေတယ်။ ပိုပြီးတော့ ဒီနိုင်ငံကို အကြပ်အတည်း တွေ့အောင် (ဘင်္ဂလားဒေ့ရှ်) ဝန်ကြီးချုပ်ကိုယ်၌က ဟိုမှာတင်ပြ၊ ဒီမှာတောင်းဆို လုပ်နေတာတွေ ရှိတယ်။ အဲဒါကြောင့် ဘင်္ဂါလီတွေ ထွက်ပြေးတဲ့ ဒီဖြစ်စဉ်တခုလုံးမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ရိုးသားမှု မရှိဘူးလို့ မြင်ပါတယ်”ဟုလည်း ၎င်းက ဆိုသည်။ ဘင်္ဂလားဒေ့ရှ်သို့ ရောက်ရှိနေသော နေရပ်စွန့်ခွာသူများ အနေဖြင့် တရားဝင်လမ်းကြောင်းမှ လာရောက်ရန် ဖြည့်သွင်း ရမည့် ပုံစံများ၊ အချက်အလက်များကို မသိရှိကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံသို့ နှစ်နိုင်ငံ သဘောတူညီချက် အတိုင်း တရားဝင် လာရောက်သူ မရှိသေးဘဲ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် တရားမဝင်လမ်းကြောင်းမှ ဝင်ရောက်လာသည့် နေရပ် စွန့်ခွာသူ ၁၀၀ ခန့်သာရှိသေးကြောင်း၊ အစိုးရအနေဖြင့် ၎င်းတို့အတွက် အိမ်ရာများ ဖော်ဆောင်ပေးနေကြောင်း ဒေါက်တာ ဝင်းမြတ်အေး က ပြောသည်။ မြန်မာနိုင်ငံ အနေဖြင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ၊ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် (UNDP) စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူ စာချုပ် ၌ လက်မှတ် ရေးထိုးထားပြီး ဖြစ်၍ ပြန်လည် နေရာချထားရေးနှင့် ဖွံ့ဖြိုးရေးအပိုင်းများတွင် ပိုမိုကောင်းမွန်သည့် ရလဒ်များ ထွက်ပေါ်လာမည်ဟု မျှော်လင့် ကြောင်းလည်း ၎င်းက ပြောဆိုသွားသည်။ ရခိုင်ပြည်နယ်တွင်း ၂၀၁၆ ခုနှစ် အောက်တိုဘာ ၂၅ ရက်နှင့် ၂၀၁၇ခုနှစ် သြဂုတ် ၂၅ ရက်တို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် ဘက်သို့ ထွက်ပြေး လာသူများအား ပြန်လည်လက်ခံနိုင်ရေး ဖြစ်သည်။ The post ဒုက္ခသည် အရေး ဘင်္ဂလားဒေ့ရှ် ပူးပေါင်းစေလို appeared first on ဧရာဝတီ.
Source : https://ift.tt/2IqgSdE
via IFTTT
No comments:
Post a Comment