Tuesday, June 26, 2018


တရုတ်ကုမ္ပဏီအကြောင်း ရန်ကုန်မြို့သစ် ဆွေးနွေးပွဲတွင် မေးခွန်းထုတ် ရန်ကုန်မြို့သစ်စီမံကိန်း ပထမဆင့်၏ အခြေခံအဆောက်အအုံများကို တည်ဆောက်နိုင်ဖွယ်ရှိသည့် ဟောင်ကောင် စတော့အိပ်ချိန်းစာရင်းဝင် CCCC တရုတ်ကုမ္ပဏီနှင့်ချုပ်ဆိုထားသော စီမံကိန်းအဆိုပြုလွှာ တင်သွင်းရန် သဘောတူညီ စာချုပ်ပါ အချက်အလက်များကို ထိုအငြင်းပွားဖွယ်ရာ စီမံကိန်း၏ အမှုဆောင်အရာရှိချုပ် မစ္စတာ ဆာ့ဂျ်ပန်းခေါ် ဦးသိမ်းဝေက ဇွန်လ ၂၃ ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားသည်။ ရန်ကုန်မြစ်၏ အနောက်ဖက်တွင် ဖော်ထုတ်မည့် ထိုမြို့သစ်အပေါ် လူထုအမြင် ကြားနာဆွေးနွေးရန် ရန်ကုန်မြို့သစ်တည်ဆောက်ရေး ကုမ္ပဏီ – NYDC က ကျင်းပသော အများပြည်သူစည်းဝေးပွဲ အမေးအဖြေကဏ္ဍတွင် ထိုအချက်များကို ထုတ်ဖေါ်ပြောဆိုခဲ့ခြင်းဖြစ်သည်။ အိမ်ခြံမြေလုပ်ငန်းရှင်ကြီး ဦးသိမ်းဝေသည် ထိုစီမံကိန်းကို ကြီးကြပ်သည့် အစိုးရပိုင် ကုမ္ပဏီ ဖြစ်သော NYDC ၏ ဒုဥက္ကဌလည်း ဖြစ်သည်။ NYDC သည် စီမံကိန်းပထမဆင့်တွင် မြေဧက နှစ်သောင်းကို ဖေါ်ထုတ်ရန် ရည်ရွယ်ထားသည်။ ထိုသို့ဖေါ်ထုတ်ရာတွင် ကျေးလက်မြို့နယ် ၅ ခု၊ တံတား ၂ စင်း၊ ဓာတ်အားပေးစက်ရုံများ၊ ရေနှင့်ရေဆိုးသန့်စင်စက်ရုံများနှင့် အလုပ်အကိုင် ၂ သန်းဖေါ်ထုတ်ပေးမည့် ၁၀ စတုရန်း ကီလိုမီတာကျယ်သော စက်မှုဇုန်တို့ ပါဝင်သည်။ စီမံကိန်း ပထမဆင့်၏ ကနဦး အခြေခံအဆောက်အအုံများအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၁.၅ ဘီလီယံ ရှိမည်ဟု မျှော်လင့်ကြောင်း ကုမ္ပဏီက ဆိုသည်။ ထိုစီမံကိန်း၏ သဘောသဘာဝ၊ သုံးစွဲမည့် ငွေကြေးရနိုင်ခြေနှင့် ဆုံးရှုံးနိုင်ခြေ တို့နှင့်ပတ်သက်သော ပူပန်မှုများကို ရန်ကုန်တွင် စနေနေ့က ကျင်းပသော အထက်ပါစည်းဝေးပွဲတွင် ပါဝင်ဆွေးနွေးသူများနှင့် ဦးဆောင်ဆွေးနွေးသူများက သုံးသပ်ကြပြီး တရုတ်ဆက်သွယ်ရေးဆောက်လုပ်ရေး ကုမ္ပဏီ – CCCC နှင့် ပတ်သက်သည်တို့ ကို မေးခွန်းထုတ်ကြသည်။ NYDC ကို လွန်ခဲ့သော မတ်လက ဖွဲ့စည်းပြီးနောက် တလကြာသောအခါ ထိုတရုတ်ကုမ္ပဏီသည် ပထမဆုံး မူဘောင်သဘောတူညီချက် လက်မှတ်ရေးထိုးသော လုပ်ငန်းဖြစ်လာသည်။ လက်မှတ်ရေးထိုးပွဲနှင့်ပတ်သက်သော သတင်းထုတ်ပြန်ချက်တွင် ထိုသဘောတူညီချက်နှင့်ပတ်သက်သော အသေးစိတ်အချက်များ မပါသလောက်ပင်ဖြစ်သည်။ ထိုမူဘောင်ဆိုင်ရာ သဘောတူညီချက်သည် CCCC ကို အခြေခံအဆောက်အအုံ တည်ဆောက်ခွင့် ပေးလိုက်ခြင်း မဟုတ်ကြောင်း ထိုစဉ်က ဦးသိမ်းဝေ ပြောခဲ့သည်။ ထိုသဘောတူညီချက်သည် စီမံကိန်း ဆိုင်ရာ အသေးစိတ်များ၊ ဘဏ္ဍာရေး အဆိုပြုချက်နှင့် စီးပွားရေး လုပ်ငန်းပုံစံတို့ အပါအဝင် စီမံကိန်းအကြို စာရွက်စာတမ်းများ (PPD) ကို မျှတစွာ ယှဉ်ပြိုင်ရေး ပထမဆင့်အတွက် NYDC မှ သုံးသပ်နိုင်ရန် CCCC မှ တင်သွင်းခြင်းဖြစ်သည်ဟု NYDC က ဆိုသည်။ ထိုမူဘောင်သဘောတူညီချက်အရ NYDC က CCCC ကို မြေပေးပြီး CCCC က တံတားများ၊ လမ်းများ၊ ဓာတ်အားပေးစက်ရုံများနှင့် ရေပြုပြင်ထိန်းသိမ်းရေး စက်ရုံများအပါအဝင် အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွင် ရင်းနှီးမြှုပ်နှံမည်ဟု စနေနေ့က ဆွေးနွေးပွဲတွင် ဦးသိမ်းဝေက ဆိုသည်။ “အဲဒီ ခြောက်ခုထဲက သုံးခုက ဝင်ငွေ ပြန်ရမယ်” ဟု သူက ပြောခဲ့သည်။ မြေဧက မည်မျှပေးထားသည်ကို သူက ထုတ်ဖော်ပြောကြားခြင်း မရှိဘဲ မြေငှါးခဈေးနှုန်းမှာ သီလဝါ အထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြှုပ်နှံသူများကို အစိုးရက ကောက်ခံသော နှုန်းအတိုင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။ သဘောတူညီချက်တွင် NYDC အနေဖြင့် ငွေတပြားတချပ်မျှ ထည့်ဝင်ခြင်းမပြုဘဲ ရင်းနှီးမြှုပ်နှံမှု၏ ၂၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်စေမည့် NYDC နှင့် CCCC တို့အကြား ဖက်စပ်လုပ်ငန်းလည်း ပါဝင်ကြောင်း ဦးသိမ်းဝေက ဆိုသည်။ “ကျနော်တို့မှာ ၂၅ ရာခိုင်နှုန်းအတွက် ထည့်စရာ ငွေမရှိဘူး။ ဒါကြောင့် ကျနော်တို့က ရင်းနှီးမြှုပ်နှံမှုတခုလုံးတန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းသာရှိတဲ့ မြေကိုပေးလိုက်ပြီး CCCC က ၉၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံတယ်” ဟုလည်း ပြောသည်။ သို့သော် မျှတမှုရှိစေရန် CCCC ၏ ရင်းနှီးမြှုပ်နှံမှုအတွက် အမြတ် ၁၃ ရာခိုင်နှုန်းကို NYDC က ကို အာမခံကြောင်း ဦးသိမ်းဝေအဆိုအရ သိရသည်။ ဖက်စပ်သဘောတူညီချက်အရ NYDC က ၂၅ ရာခိုင်နှုန်း ပိုင်ဆိုင်သည်ဟုဆိုသော်လည်း ဝင်ငွေရမည့် အခြေခံအဆောက်လုပ်ငန်း သုံးခုမှ ဝင်ငွေ ၉၅ ရာခိုင်နှုန်း ကို NYDC က CCCC ကို ပေးပြီး NYDC က ၅ ရာခိုင်နှုန်းသာ ယူမည်ဟုလည်းသူက ဆိုသည်။ “သူတို့တွေ အရင်းကျေပြီး အမြတ်ရတဲ့အချိန်အထိ ကျနော်တို့ ခွင့်ပြုမယ်။ ကျနော်တို့ ရင်းနှီးမြှုပ်နှံမှုက ၁၀ ရာခိုင်နှုန်းထဲဆိုတော့ ကျနော်တို့က အစောကြီးကတည်းက အရင်းကျေပြီးသားဖြစ်မယ်” ဟုလည်း သူပြောသည်။ “အဲဒီနောက်တော့ သူတို့က ၇၅၊ ကျနော်တို့က၂၅၊ သဘောတူညီချက်အတိုင်း ဆက်လုပ်မယ်။ ဒီအတိုင်းလုပ်ရင် NYDC က ရင်းနှီးမြှုပ်နှံမှုရဲ့ ၂၅ ရာခိုင်နှုန်း ပိုင်သွားမယ်” ဟုလည်း ဆိုသည်။ ထိုသဘောတူညီချက်သည် စီးပွားရေးအရ မျှတသောကြောင့် တရုတ်ကုမ္ပဏီက သဘောတူသည်ဟု သူက ဆိုသည်။ CCCC နှင့် သဘောတူညီချက် ရေးထိုးခဲ့သည့် မေလတွင် ထို မူဘောင် သဘောတူညီချက်သည် NYDC challenge model ဖြင့် ယှဥိပြိုင်ရေးအတွက် ပထမ အဆင့်ဖြစ်သည်ဟု NYDC မှ ဆိုသည်။ NYDC Challenge သည် မျှတသည့်ပြိုင်ဆိုင်မှု၊ ပွင့်လင်းမြင်သာမှုနှင့် ထိရောက်မှုရှိစေရန် စီစဉ်ထားသည့် ကမ္ဘာအနှံ့တွင် ကျင့်သုံးလျက်ရှိသော Swiss Challenge အပေါ် အခြေခံပြင်ဆင်ထားရှိသည့်နည်း ဖြစ်သည်ဟု NYDC မှ ဆိုသည်။ NYDC Challenge တင်ဒါလုပ်ငန်းစဉ်အရ အခြားကုမ္ပဏီမှ ပိုမိုကောင်းသည့် ကမ်းလှမ်းချက်များဖြင့် ယှဉ်ပြိုင်စိန်ခေါ်လာပါက CCCC အနေဖြင့် ဒုတိယကုမ္ပဏီမှ အဆိုပြုသည့် ကမ်းလှမ်းချက်များအတိုင်း ပြန်လည်ယှဉ်ပြိုင်နိုင်ခွင့် ရှိသည်။ အကယ်၍ CCCC မှ ပြန်လည် မယှဉ်ပြိုင်လိုပါက ဒုတိယကုမ္ပဏီသည် လုပ်ပိုင်ခွင့်ကို ရရှိမည်ဖြစ်သည်။ သို့ရာတွင် PPD ပြင်ဆင်ခြင်း၊ တင်သွင်းခြင်းတို့အတွက် ကုန်ကျစရိတ်အားလုံးကို အနိုင်ရသည့် ကုမ္ပဏီမှ ပြန်လည်ပေးအပ်ရမည် ဖြစ်သည်။ ထိုကုန်ကျစရိတ်များကို NYDC နှင့် CCCC တို့မှ တင်ဒါလုပ်ငန်းများ မစတင်မီ ကြိုတင်ညှိုနှိုင်း သဘောတူညီမှု ရယူထားမည် ဖြစ်သည် ဟု NYDC က ဆိုထားသည်။ CCCC မှ စီမံကိန်းအကြိုအဆိုပြုလွှာ (Pre-Project Document-PPD) ကို NYDC မှ ထို PPD ကို အများပြည်သူသို့ ချပြမည်ဖြစ်ပြီး ဒီအဆိုပြုလွှာထက် ပိုကောင်းအောင် တင်ပြနိုင်သူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ သို့သော် မူလ သဘောတူညီချက်တွင် ပါသည့် သတ်မှတ်ချက်နှင့် ကန့်သတ်ချက်များကိုမူ အတိအကျ လိုက်နာရမည်ဖြစ်သည်ဟု ဆိုသည်။ NYDC ကို ရန်ကုန်တိုင်းအစိုးရက အပြည့်အဝ ပိုင်ဆိုင်သောကြောင့် အစိုးရသည် စီးပွားရေးတွင် ပါဝင်ခွင့် ပြုသင့် မပြုသင့်ကို ဇွန်လ ၂၃ ရက်နေ့က ဆွေးနွေးပွဲတွင် ပရိတ်သတ်များနှင့် ဦးဆောင်ဆွေးနွေးသူများ ဆွေးနွေးကြသည်။ ဦးဆောင်ဆွေးနွေးသူ တဦးဖြစ်သည့် ဦးခိုင်ဝင်းမှ NLD ၏ စီးပွားရေးမူဝါဒ ၁၂ ချက်တွင် ပုဂ္ဂလိက စီးပွားရေး တိုးတက်ရေးကို အားပေးထားသောကြောင့် အစိုးရပိုင် NYDC မှ စီးပွားရေး လုပ်နေခြင်းကို မေးခွန်းထုတ်ခဲ့သည်။ “NLD အစိုးရ လှမ်းသမျှ ခြေလှမ်းတိုင်းကို မှန်စေချင်ပါတယ်’ ဟု သူက ဆို သည်။ သို့သော် NYDC ၏ တာဝန်မှာ ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ပေါ်ရေး ရင်းနှီးမြှပ်နှံသူများကို ဖိတ်ခေါ်ရန်သာ ဖြစ်သည်ဟု ဦးသိမ်းဝေက ပြောသည်။ “အဲဒါက NYDC ရဲ့ စီးပွားရေးပါ” ဟု ဆိုသည်။ (အင်္ဂလိပ်ဘာသာဖြင့် New Yangon City Project CEO Questioned About Role of Chinese Firm တွင် ဖတ်ပါ။) The post တရုတ်ကုမ္ပဏီအကြောင်း ရန်ကုန်မြို့သစ် ဆွေးနွေးပွဲတွင် မေးခွန်းထုတ် appeared first on ဧရာဝတီ.
Source : https://ift.tt/2lCbFGG
via IFTTT

No comments:

Post a Comment