Wednesday, June 6, 2018


ရခိုင်လွှတ်တော်မှာလည်း တိုင်းအစိုးရဘက်ဂျက် အပြင်းအထန် ဝေဖန်ခံနေရ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၈ – ၂၀၁၉ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အသုံးပြုရန် ရေးဆွဲထားတင်ပြသော စီမံကိန်းများကို ပြန်လည် စိစစ်ရန် ဇွန်လ ၄ ရက်က ပြုလုပ်သောရခိုင်ပြည်နယ် လွှတ်တော်အရေးပေါ် အစည်းအဝေး၌ လွှတ်တော်အမတ်များက ဝေဖန် ထောက်ပြ ခဲ့ကြသည်။ တင်ပြထားသော စီမံကိန်းများအနက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန (ထွေ/အုပ်) က အဆောက် အဦးဆောက်ရန် ကျပ်သန်းပေါင်း ၂၀၆၈ ဒသမ ၂၃၇ သန်းတောင်းခံထားခြင်းနှင့်ပတ်သက်၍ လွှတ်တော်အမတ်များက အပြင်းအထန် ထောက်ပြဝေဖန်ခဲ့ကြသည်။ စစ်တွေမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအေးသိန်း က “ဒီထွေ/အုပ်ဌာန တခုတည်း တိုင်းပြည်အတွက် အလုပ် လုပ်နေတာမဟုတ်ဘူး။ တခြားဌာနတွေ အများကြီးရှိတယ်။ လိုအပ်တဲ့ ဦးစီးဌာနတွေက မတောင်းခံဘဲနဲ့ ထွေ/အုပ် ကပဲ ဖိတောင်းနေတာကို ကျနော်တို့ တွေ့ရပါတယ်။ စီမံကိန်းတွေ၊ စီမံချက်တွေမျှတမှု ရှိအောင် လိုအပ်တဲ့ ဌာနတွေကို ခွဲဝေပေးဖို့ သင့်တော်ပါတယ်” ဟု ထောက်ပြ ဆွေးနွေးသွားသည်။ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အနေနှင့်၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်က အဆောက်အဦး ဆောက်လုပ်ရန် ငွေကြေး အမြောက် အများ ခွင့်ပြုပြီး ဖြစ်သော်လည်း ၂၀၁၈- ၂၀၁၉ ခုနှစ်ဘဏ္ဍာနှစ်တွင် အဆောက်အဦး ဆောက်လုပ်ရန်နှင့် စစ်တွေမြို့တွင် ရှိသည့် သဇင် ဝန်ထမ်း အိမ်ရာ၊ ကံ့ကော် ဝန်ထမ်းအိမ်ရာအတွင်း လမ်းဖောက်လုပ်ခြင်း အပါအဝင် အုတ်နံရံကာရန်၊ ရေစင် တည်ဆောက်ရန်၊ ကားဂိုထောင် ဆောက်လုပ်ရန် စသဖြင့် ထွေအုပ်/အတွက် ကျပ်သန်းပေါင်း ၂၀၆၈ ဒသမ ၂၃၇ သန်းတောင်းခံထားခြင်းဖြစ်သည်။ ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဦးသန်းနိုင်ကလည်း ထွေ/အုပ် ဌာနဝန်ထမ်း တခုတည်းအတွက် အဆောက်အဦး ဆောက်ရန် စီမံကိန်းရေးဆွဲခြင်းမျိုး မဟုတ်ဘဲ တခြားသောဌာန ဝန်ထမ်းများ အတွက်လည်း မျှမျှတတ ဖြစ်ရန် ခွဲဝေပေးသင့်ကြောင်း အကြံပြုသည်။ “ထွေ/အုပ်က တောင်းခံထားတာအများအပြား တွေ့ရှိရတယ်။ ထွေ/အုပ်ရိပ်သာ၊ ထွေ/အုပ် စားပွဲခုံအလံတိုင် စသည်ဖြင့်ပေါ့။ ထွေ/အုပ် ဝန်ထမ်းတွေပဲ အဆောက်အဦးနဲ့ နေမှာလား။ တခြားသမဝါယမ ဦးစီးဌာနတွေ၊ ကျောင်းဆရာ/မတွေရော အဆောက်အဦးနဲ့ မနေရတော့ ဘူးလား” ဟု ဦးဦးသန်းနိုင် က ဝေဖန်သည်။ ၎င်းက ဆက်လက်၍ “မောင်တော ကညင်ချောင်း စီးပွားရေးဇုန် အတွက် သန်း ၁ ထောင်ရေးဆွဲထားတာကို တွေ့ရတယ်။ ကျနော်တို့ မေလ ၅ ရက်က သွားစစ်တာ ယခင်နှစ်က ၀ ဒသမ ၅ ဘီလီယံကိုတောင် ဘာမှမသုံးစွဲဘဲနဲ့ ရှိနေတဲ့ အနေအထားကို တွေ့ရှိရပါတယ်။ အဲဒီငွေတောင် သုံးလို့ မရနိုင်တဲ့ အနေအထား တခုမှာဒီငွေ ၁ ဘီလီယံကြီးတခုကို ထပ်ပြီးတော့ ချပေးမယ်ဆိုလို့ ဆိုရင် ဒေသကို အထောက်အကူ ပြုမယ့်ငွေတွေဟာ အလဟသဆုံးရှုံးသွားမှာ ဖြစ်ပါတယ်” ဟု ထောက်ပြသည်။ ရခိုင်ပြည်နယ် အစိုးရက ရေးဆွဲထားသော၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ ရသုံးခန့်မှန်းငွေစာရင်းများ (လျာထားချက်) ကိုမေလ ၂၉ ရက်က ကျင်းပသော ပြည်နယ်လွှတ်တော် အရေးပေါ် အစည်းအဝေးတွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ထိုအထဲတွင် ဆပ်ရိုးကျတံတား တည်ဆောင်ခြင်း လုပ်ငန်းအတွက် ၂၀၁၆ – ၂၀၁၇ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၁ ထောင်၊ ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်တွင်လည်း ကျပ်သန်းပေါင်း ၁ ထောင်စသဖြင့် ဘဏ္ဍာရေးနှစ်အလိုက် တောင်းခံသုံးစွဲလာခဲ့သည်မှာ ကျပ်သန်းပေါင်း ၄၀၀၀ ရှိခဲ့ပြီးဖြစ်ကြောင်း ထပ်မံ၍ ၂၀၁၈- ၂၀၁၉ ခုနှစ် ဘဏ္ဍာရေး နှစ်တွင်လည်း ကျပ်သန်းပေါင်း ၂၈၂၃ သန်းထည့်သွင်း တောင်းခံထားသည့် ကိစ္စကိုလည်း ဝေဖန်ထောက်ပြခဲ့ကြသည်။ ဦးအေးသိန်း က “စီမံကိန်းတခုလုံးရဲ့ တန်ဖိုးသန်းပေါင်း ဘယ်လောက်ရှိမလဲ။ ဘယ်နှစ်နှစ် ဆောက်လုပ်မလဲ၊ ဘယ်နှစ်ပြီးမလဲဆိုတာကို ဖော်ပြရပါမယ်။ အခုက ဆောက်လုပ်တာကိုလည်း မသိ ပြီးစီးမှာလည်းမသိ ကုန်ကျမယ့်ငွေကြေးကိုလည်းမသိ။ Estimate (ခန့်မှန်းကုန်ကျစရိတ်) တွက်တယ်။ တောင်းလိုက်တယ် သုံးပစ်တယ် မလောက်သေးဘူး။ ပြန်တောင်းတယ်။ ပြန်ပါလာတယ်။ အဲဒီလိုနဲ့ ပြည်သူ့ ဘဏ္ဍာငွေတွေ အလဟသ ဖြစ်နေတယ်” ဟု ဆိုသည်။ အဆိုပါ ဆပ်ရိုးကျတံတားအတွက် ၂၀၁၈-၁၉ ဘဏ္ဍာနှစ်တောင်းခံငွေကို ထည့်တွက်လျှင် စုစုပေါင်းသန်းပေါင်း ၆၈၀၀ ကျော်ထိ ရှိလာပြီဖြစ်သည်။ သို့သော် တံတားတည်ဆောက်ပြီးစီးမှု ရာခိုင်နှုန်းမည်မျှရှိမည်ကို မသိရသေးသည့်အပြင် စုစုပေါင်း ကုန်ကျစရိတ် မည်မျှရှိမည်ကိုလည်း အစိုးရဘဏ္ဍနှစ် တောင်းခံငွေတွင် ထည့်သွင်းရှင်းလင်းထားခြင်းမရှိပေ။ ယင်းသို့ လွှတ်တော်ကိုယ်စားလှယ်များထောက်ပြဆွေးနွေးချက်များတွင် ကျောက်တော်၊ မြောက်ဦး မြို့နယ်များတွင် မအောင်မြင်သည့် မြစ်ရေတင် စီမံကိန်းများကို ထပ်မံလုပ်ဆောင်ရန် ငွေတောင်းခံခြင်း၊ သံတွဲမြို့နယ်အတွင်း မလိုအပ်တော့သည့် ငပလီ ဟိုတယ်ဇုန် ရေပေးရေးလုပ်ငန်းများ ငွေတောင်းခံခြင်းနှင့် လုပ်ပြီးသားမြေသားလမ်း တချို့အတွက်လည်း ထပ်မံငွေတောင်းခံပြီး ရေးဆွဲထားသည့်များကို စိစစ်တွေ့ ရှိရကြောင်း လွှတ်တော်အမတ်များက ဝိုင်းဝန် ထောက်ပြ ဆွေးနွေးကြသည်။ NLD ပါတီ၏ သံတွဲမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးလည်း ငပလီမြို့၊ လင်းသာ၊ မြပင် ရပ်ကွက် နှင့် ဟိုတယ်ဇုန် ရေပေးဝေရေး လုပ်ငန်းစီမံကိန်းကို အစိုးရအဖွဲ့က ယခုဘတ်ဂျက်တွင် ထည့်သွင်းရေးဆွဲထားသော်လည်း ယင်းလုပ်ငန်းမှာ ကိုယ်ထူကိုယ်ထဆောင်ရွက် လုပ်ကိုင်ထားပြီ ဖြစ်သည့်အတွက် မလိုအပ်ကြောင်း လုပ်ငန်းဆောင်ရွက်ထားပြီးသား လမ်းတချို့ကိုလည်း ဘတ်ဂျက်ထဲ၌ ထပ်မံရေးဆွဲကာ ငွေကြေးထည့်သွင်း တောင်းခံထားသည်ကို စိစစ်တွေ့ရှိနေရဟု လွှတ်တော်တွင် ဆွေးနွေးခဲ့သည်။ ဦးနိုင်ကြွေအေး က “ပြီးခဲ့တဲ့ အပတ်ကကျနော်တို့ နာမည်တော်တော်ကြီးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ လွှွတ်တော်က လူတွေက အင်္ဂုလိမာလတွေ ဖြတ်ဖို့ပဲစဉ်းစားနေတယ်လို့။ ရခိုင်ပြည်သူတွေရဲ့ ကျေးဇူးကိုသိလို့ သူတို့ကို သစ္စာမဲ့ရာမကျအောင် ပြည်သူတွေရဲ့ အကျိုးကို ကြည့်မှာ ဖြစ်တဲ့အတွက် မလိုလားအပ်တာတွေကို ဖြတ်ဖို့ခေတ်သစ် အင်္ဂုလိမာလလုပ်သင့်ရင် လည်းလုပ်ရပါမယ်” ဟု လွှတ်တော်တွင် ပြောဆိုသည်။ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် စီမံ/ ဘဏ္ဍာဝန်ကြီး ဦးကျော်အေးသိန်း ကမူ ယင်းစီမံကိန်းများအား ရေးဆွဲခြင်းမှာ သက်ဆိုင်ရာဝန်ကြီးဌာန အလိုက် ပြည်နယ် ရန်ပုံငွေတွင် ပါဝင်သည့်ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနိုင်းပြီး ရေးဆွဲထားသည့် စီမံကိန်းများသာဖြစ်သည်ဟုဆိုသည်။ ဦးကျော်အေးသိန်း “စီမံကိန်းဆွဲတာက ကျနော်တယောက်တည်း ဆွဲတာမဟုတ်ဘူး။ အားလုံးသော အစိုးရအဖွဲ့ ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာတွေ အားလုံးပေါင်းပြီး ဆွဲကြတာဖြစ်တယ်။ ကိုယ့်ဌာနနဲ့ ကိုယ်ဆွဲကြတာ ဖြစ်ပါတယ်။ အားလုံးက နားလည်မှုလွဲပြီးတော့ စီမံကိန်းကို စီမံ/ဘဏ္ဍာဝန်ကြီးက ရေးဆွဲတယ်လို့ ထင်နေတယ်။ ကျနော်တို့ ဌာနဆိုတာ ဘယ်မှာလမ်းလိုတယ်။ ဘယ်လမ်းကို လုပ်မယ်ဆိုတာ ဘယ်သိမလဲ။ ကိန်းဂဏန်း၊ စာရင်းဇယားကိုပဲ လုပ်တာလေ။ အခုကနားလည်မှုလွဲပြီး ကျနော့်ဆီမှာပဲ တာဝန်ကပုံကျနေတယ်” ဟု ဧရာဝတီသို့ ပြောသည်။ လွှတ်တော်၏ ထောက်ပြအကြံပြုချက်များ အပေါ်တွင်လည်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ကပ်ဘိနက်အစည်းအဝေးက ဆုံးဖြတ်ပေးမည်ဖြစ်ပြီး ၎င်းအနေဖြင့် မည်သို့ လုပ်ကိုင်မည်ဆိုသည်ကို ပြောဆို၍ မရကြောင်း ဝန်ကြီးဦးကျော်အေးသိန်းက ဆက်လက်ပြောကြားသည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တင်သွင်းလာသော စီမံကိန်းများနှင့် ပတ်သက်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၈ ဦးက အသီးသီး ထောက်ပြ ဆွေးနွေးခဲ့ကြပြီး ပြည်နယ်အတွင်း အဓိကလိုအပ်ချက်များ ဖြစ်သည့် စိုက်ပျိုးရေး ကဏ္ဍ၊ သားငါးမွေးမြူရေး ကဏ္ဍနှင့် အများပြည်သူကို တိုက်ရိုက်အကျိုးပြုမည့် စီမံကိန်းများကိုသာ ထည့်သွင်းရေးဆွဲသင့်ကြောင်း အကြံပြုခဲ့ကြသည်။ အဆိုပါ ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ တင်သွင်းလာသော ၂၀၁၈- ၂၀၁၉ ဘဏ္ဍာရေးနှစ် ဘဏ္ဍာငွေ အရအသုံးခန့်မှန်းငွေ စာရင်းများ (လျာထားချက်) ငွေပမာဏမှာ ကျပ်သန်းပေါင်း ၁၁၇၃၃၈ ဒသမ ၃၆၁ ဖြစ်ကြောင်းသိရသည်။ The post ရခိုင်လွှတ်တော်မှာလည်း တိုင်းအစိုးရဘက်ဂျက် အပြင်းအထန် ဝေဖန်ခံနေရ appeared first on ဧရာဝတီ.
Source : https://ift.tt/2Jko6ks
via IFTTT

No comments:

Post a Comment