Saturday, June 2, 2018


ဆယ်တန်းအောင် အကျဉ်းသား ၄၇ ဦးတွင် ဂုဏ်ထူးရှင် ၂၈ ဦးပါဝင် တနိုင်ငံလုံးအတိုင်းအတာဖြင့် အကျဉ်းထောင်များရှိ အကျဉ်းသား/သူ၊ အချုပ်သားများ၏ ယခုနှစ်(၂၀၁၇-၁၈ ခုနှစ်) တက္ကသိုလ်ဝင်တန်း စားမေးပွဲ အောင်မြင်သူ ၄၇ ဦးရှိပြီး အဆိုပါအောင်ချက်မှာ ၄၅.၁၉ ရာခိုင်နှုန်းရှိကြောင်း အကျဉ်းဦးစီးဌာနက သိရသည်။ စာစစ်ဌာနဖွင့်ကာ စစ်ဆေးခဲ့သည့် အကျဉ်းထောင် ၈ ခုတွင် ဖြေဆိုသူ ကျား ၉၆ ဦး၊ မ ၈ ဦး စုစုပေါင်း ၁၄၈ ဦးရှိသည့်အနက် ကျား ၄၃ ဦး၊ မ ၄ ဦး စုစုပေါင်း ၄၇ ဦးအောင်မြင်ခဲ့ပြီး ၃ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၅ ဦး၊ ၁ ဘာသာ ဂုဏ်ထူးရှင် ၁၈ ဦးပါဝင်ကြောင်း သိရသည်။ အင်းစိန်ထောင်ပိုင်ကြီး ဦးမျိုးဦးက “သူတို့တွေ ဘယ်လိုပြစ်မှုမျိုးတွေနဲ့ပဲ ရောက်လာလာ၊ အကျဉ်းထောင်ထဲမှာ အတန်းပညာကို စိတ်ပါဝင်စားစွာ ပြန်သင်ယူကြတယ်၊ စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ မြင့်မားလားပြီး သူတို့ရဲ့ အတွေးအခေါ်လေးတွေကို ပြုပြင်ပြောင်းလဲ သွားတဲ့ သဘောပါပဲ” ဟု ပြောသည်။ အင်းစိန်အကျဉ်းထောင်တွင် အကျဉ်းသား ၃၃ ဦးနှင့် အချုပ်သူ ၁ ဦးဖြေဆိုခဲ့သည့်အနက် အကျဉ်းသား ၁၉ ဦးအောင်မြင်ခဲ့ပြီး ၃ ဘာသာဂုဏ်ထူးရှင် တဦး၊ ၂ ဘာသာဂုဏ်ထူးရှင် တဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် လေးဦးရှိခဲ့ကာ အောင်ချက် အနေဖြင့် ၅၅.၈၈ ရာခိုင်နှုန်းရှိကြောင်း သိရသည်။ အင်းစိန်အကျဉ်းထောင်တွင်း အောင်မြင်ခဲ့သည့် အမျိုးသား ၁၉ ဦးသည် အသက် ၂၅ နှစ်အောက် အများစုဖြစ်ကြပြီး လူသတ်မှု၊ ခိုးမှု၊ မူးယစ်ဆေးမှု၊ လုယက်မှုစသည့် အမှုများဖြင့် ကျခံနေရသူများဖြစ်ကြောင်း သိရသည်။ အင်းစိန် အကျဉ်းထောင်တွင်းမှ ၃ ဘာသာဂုဏ်ထူးထွက်ခဲ့သူမှာ အသက် ၂၂ နှစ်ဖြစ်ပြီး လုယက်မှုဖြင့် ကျခံနေရသူဖြစ်ကြောင်း၊ ၂ ဘာသာဂုဏ်ထူး ထွက်သူမှာ မူးယစ်မှုဖြစ်ကြောင်း၊ ၁ ဘာသာဂုဏ်ထူးထွက်သူ ၄ ဦးတွင် မူးယစ်မှု၊ ခိုးမှုတို့ပါဝင်ကြောင်း ဦးမျိုးဦးက ရှင်းပြသည်။ မန္တလေး (အိုးဖို) အကျဉ်းထောင်တွင် အကျဉ်းသား/သူ ၅၄ ဦးနှင့် အချုပ်သား ၁ ဦး ဖြေဆိုခဲ့သည့်အနက် ကျား ၂၃ ဦးနှင့် မ ၄ ဦး အောင်မြင်ခဲ့ပြီး ၃ ဘာသာ ဂုဏ်ထူးရှင် ၄ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၄ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၃ ဦးရှိခဲ့ကာ အောင်ချက် အနေဖြင့် ၄၉ .၁၀ ရာခိုင်နှုန်းရှိကြောင်းသိရသည်။ မန္တလေးတိုင်း ပညာရေးမှူး ဒုညွန်ကြားရေးမှူးချုပ် ဒေါ်စန်းစန်းရီ က “သူတို့ရဲ့ ကြိုးစားအားထုတ်မှု ရလာဒ်ကိုကြည့်ပြီးတော့ ဘယ်နေရာပဲဖြစ်ဖြစ် ရောက်တဲ့နေရာကနေ အကောင်းဆုံး စွမ်းဆောင်နိုင်တယ် ဆိုတာကို တွေ့ရတယ်၊ မန္တလေးတိုင်း အောင်ချက်မှာ သူတို့တွေလည်း ပါတာဆိုတော့ ဝမ်းသာပီတိဖြစ်ရပါတယ်” ဟု ပြောသည်။ မန္တလေးထောင်မှ ဖြေဆိုသူများတွင် ၆၀ ရာခိုင်နှုန်းမှာ မူးယစ်ဆေးဝါးမှုဖြင့် ကျခံနေရသူများဖြစ်ပြီး ခိုးမှု၊ လုယက်မှု၊ လူသတ်ရန် အားပေးမှု စသည်များလည်း ပါဝင်လျှက်ရှိကာ အောင်မြင်ခဲ့သူများအား ဂုဏ်ပြုပွဲပြုလုပ်ပေးမည်ဖြစ်ကြောင်း မန္တလေးဗဟို အကျဉ်းထောင် တာဝန်ခံအရာရှိ ဒုညွန်ကြားရေးမှူး ဦးချိုဝင်းထွန်းက ပြောသည်။ ဦးချိုဝင်းထွန်း က “ ကလေးတွေက ပညာတပိုင်းတစနဲ့ ထောင်ထဲရောက်လာတယ်၊ သူတို့ရဲ့ ပြစ်မှုပြစ်ဒဏ်တွေ ခံနေရတဲ့ အချိန်မှာ ပညာရေးက အဆက်ပြတ်တာပေါ့၊ ပြစ်ဒဏ်ခံနေရချိန်မှာ အတန်းပညာကို ဆက်ပြီးသင်ယူခွင့်ရအောင်၊ အပြင်လောက ရောက်ရင် တက္ကသိုလ်တွေ ဆက်တက်ရင်တက်၊ ပညာရေး အဆက်မပြတ်အောင် ဆောင်ရွက်ပေးတာပါ” ဟု ပြောသည်။ ဘားအံအကျဉ်းထောင်တွင်လည်း အကျဉ်းသား ၆ ဦးနှင့် အချုပ်သား ၁ ဦးဖြေဆိုခဲ့သည့် အနက် ၁ ဘာသာဂုဏ်ထူးဖြင့် တဦးအောင်မြင်ခဲ့ပြီး အောင်ချက် ၁၄.၁၈ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ စစ်တွေ မြိတ်၊ မြောင်းမြ၊ တောင်ငူနှင့် ရွှေဘို အကျဉ်းထောင်တို့တွင် အချုပ်သား/သူ စုစုပေါင်း ၈ ဦး ဝင်ရောက် ဖြေဆိုခဲ့သော်လည်း အောင်မြင်သူ မရှိခဲ့ကြောင်း အကျဉ်းဦးစီးဌာနက သိရသည်။ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူတဦးက “ အခြားထောင်တွေက ဖြေသူမရှိဘူး။ နယ်ထောင်လေးတွေက ၁၀ တန်း ဖြေမယ့်သူတွေ ရှိရင် အင်းစိန်နဲ့ မန္တလေးကိုပဲ ပို့ပေးတယ်၊ အဲ့ဒီမှာပဲ စာစစ်ဌာနအနေနဲ့ စီစဉ်ထားလို့ပါ” ဟု ပြောသည်။ တနိုင်ငံလုံအတိုင်းအတာဖြင့် အကျဉ်းထောင်များမှ တက္ကသိုလ်ဝင်တန်း ဝင်ရောက်ဖြေဆိုခဲ့သူများတွင် မူးယစ်ဆေးဝါးမှုဖြင့် ကျခံနေရသူ အများစုဖြစ်ကြောင်း သိရသည်။ ၂၀၁၆/၂၀၁၇ ခုနှစ် ရာသီတွင် အကျဉ်းထောင်များမှ စာမေးပွဲဖြေဆိုသူ စုစုပေါင်း ၄၁ ဦးဖြေဆိုရာ ၁၉ ဦးအောင်မြင်ခဲ့ပြီး အောင်ချက် ၃၉.၀၈ ရာခိုင်နှုန်းရှိကြောင်း အကျဉ်းဦးစီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဦးမင်းထွန်းစိုး က ပြောသည်။ The post ဆယ်တန်းအောင် အကျဉ်းသား ၄၇ ဦးတွင် ဂုဏ်ထူးရှင် ၂၈ ဦးပါဝင် appeared first on ဧရာဝတီ.
Source : https://ift.tt/2kH3SXu
via IFTTT

No comments:

Post a Comment