Monday, June 25, 2018

Myanmar Now

တိုင်ကြားခံထားရသည့် အော်ပရေတာများသည် စားသုံးသူ အခွင့်အရေးများကို ချိုးဖောက်ခြင်း ရှိမရှိကို မစိစစ် ရသေးသဖြင့်ဆိုသည့်အကြောင်းပြချက်ဖြင့် အော်ပရေတာအမည်များကို စားသုံးသူရေးရာဦးစီးဌာနက ထုတ်ဖော်ရန် ငြင်းဆိုသည်။ (သတင်းအစအဆုံး) ------------------------------ ဆက်သွယ်ရေး အော်ပရေတာအချို့၏ ဝန်ဆောင်မှုကို မကျေနပ်သည့် သုံးစွဲသူများက တိုင်ကြား ဖဒူထွန်းအောင် / Myanmar Now တယ်လီဖုန်းနှင့် အင်တာနက်လိုင်း ဝန်ဆောင်မှုပေးသည့် အော်ပရေတာအချို့သည် သုံးစွဲသူများထံမှ ကျသင့်ငွေထက် ပိုမိုကာ ငွေကြေး ဖြတ်တောက်နေပြီး ကြော်ငြာထားသည့်အတိုင်းလည်း ဝန်ဆောင်မှုအပြည့်အဝ မပေးဟု ဆိုကာ ဝန်ဆောင်မှု သုံးစွဲသူ ၃၀ ခန့်က ရန်ကုန် တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနထံ တိုင်ကြားခဲ့ပြီးနောက် တိုင်ကြားသူအချို့နှင့် တိုင်ကြားခံရသူအော်ပရေတာများ (ဇွန်လ ၂၅ ရက်) ယနေ့ တွေ့ဆုံခဲ့ကြသည်။ တိုင်ကြားသူ ငါးဦးနှင့် ဆက်သွယ်ရေးအော်ပရေတာများ၊ စားသုံးသူရေးရာ ဦးစီးဌာနရုံးမှ တာဝန်ရှိသူများ စားသုံးသူရေးရာ ဦးစီးဌာနရုံးတွင် တံခါးပိတ်ကာ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ တိုင်ကြားခံထားရသည့် ဆက်သွယ်ရေး အော်ပရေတာ အမည်များကို ထုတ်ဖော်ပြောကြားရန် ဦးစီးဌာနက ငြင်းဆန်သည်။ လက်ရှိအချိန်မှာ တိုင်ကြားခံထားရသည့် အော်ပရေတာများသည် စားသုံးသူ အခွင့်အရေးများကို ချိုးဖောက်ခြင်း ရှိမရှိကို မစိစစ် ရသေးသဖြင့်ဟုဆိုပြီး ငြင်းဆန်ခြင်း ဖြစ်သည်။ “ဘာတွေ ဖြစ်နေလဲဆိုတော့ အကြမ်းဖျင်းနှစ်ပိုင်း တွက်ကြည့်လို့ရှိရင် တစ်ပိုင်းက သူတို့ကြော်ငြာထားတဲ့ ဝန်ဆောင်မှုကို အပြည့်အဝ မခံစားရဘူးဆိုပြီး မကျေနပ်လို့ တိုင်တာ။ အင်တာနက် လိုင်းမကောင်းလို့ပေါ့။ နောက်တစ်ချက်က Package (ပုတ်ပြတ်ဝန်ဆောင်မှု) ဝယ်လိုက်တယ်။ ဒါမှမဟုတ် အင်တာနက် သုံးလိုက်တယ်။ အဲဒီလို သုံးတာထက် ပိုက်ဆံကို ပိုပြီး ဖြတ်တောက်ခံရတယ်လို့ ထင်လို့ တိုင်တယ်ဥစ္စာတွေ ရှိတယ်” ဟု ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဇေယျာဆွေက ပြောသည်။ သုံးစွဲသူဘက်က တိုင်ကြားလာသည့်အခါ ပြဿနာများကို တိုက်ရိုက်ဖြေရှင်းနိုင်မည့်သူတစ်ဦး ထားရှိပေးရန် ဆက်သွယ်ရေးအော်ပရေတာများအား တောင်းဆိုခဲ့သည်ဟု ဦးဇေယျာဆွေက ပြောသည်။ “အဲဒီ အော်ပရေတာတွေဟာ ကျွန်တော်တို့ကို ဖုန်းနံပါတ်တွေ ပေးထားရင်၊ အီးမေးလ် တွေပေးထားရင် သုံးစွဲသူက ကျွန်တော်တို့ဆီ တိုင်ပြီ ဆိုတာနဲ့ အဲ့ဒီ လူဆီကို လက်ခံဖြေရှင်းပေးဖို့ လှမ်းအကြောင်းကြားမယ်။ …သူတို့ချင်း တိုက်ရိုက် ဖြေရှင်းလို့ ပြေလည် သွားရင် ကျွန်တော်တို့ ဝင်ပါစရာ မလိုဘူး။ မပြေလည်ရင်တော့ ဆက်ပြီးအရေးယူရမှာပေါ့”ဟု ဦးဇေယျာဆွေက ပြောသည်။ ဆက်သွယ်ရေးအော်ပရေတာများအနေဖြင့် သုံးစွဲသူများထံမှ ငွေကြေး ပိုမိုဖြတ်တောက်သည်ဟု တွေ့ရှိလျှင် အရေးယူနိုင်ရန်အတွက် ဆက်သွယ်ရေးညွှန်ကြားရေးမှူး ဦးစီးဌာနရုံးသို့ တင်ပြမည်ဖြစ်ကာ စားသုံးသူ အကာအကွယ်ပေးရေးဥပဒေဖြင့်လည်း အရေးယူမည်ဟု ရန်ကုန်တိုင်း စားသုံးသူရေးရာ ဦးစီးဌာနက ပြောသည်။ ##
Source : https://ift.tt/2Ki8L4o
via IFTTT

No comments:

Post a Comment