အဆင့်မြင့်ဝန်ထမ်း တက္ကသိုလ်တစ်ခု နေပြည်တော်တွင် တည်ဆောက်မည် နေပြည်တော်၊ မေ ၃၁ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အကူအညီဖြင့် နေပြည်တော်တွင် ဝန်ထမ်းတက္ကသိုလ်တစ်ခုကို ၂၀၂၀ ခုနှစ်တွင် စတင်တည်ဆောက်ရန် တင်ပြထားကြောင်း ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ ဦးစောဘယ်လင်တိုင်းက ပြောကြားသည်။ အစိုးရ၏ ဒုတိယတစ်နှစ်တာ လုပ်ဆောင်မှုများနှင့် ပတ်သက်၍ နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးရုံးတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ “အဆောက်အအုံက သင်တန်းသား တစ်ရာဆံ့ အိပ်လို့ရမယ်။ စားလို့ရမယ်။ ကျောင်းတက်လို့ရမယ်။ အဆင့်မြင့်မြင့် နေရမယ်ပေါ့။ ကျွန်တော်တို့ သင်တန်းကျောင်းတွေလို မဟုတ်ဘဲ တော်တော် အဆင့်မြင့်မြင့်နေနိုင်တဲ့ သင်တန်းကျောင်းတစ်ခုဖြစ်မှာပေါ့” ဟု ၎င်းက ဆိုသည်။ လက်ရှိတွင် ဝန်ထမ်းတက္ကသိုလ်နှစ်ခုရှိသော်လည်း သွားရေးလာရေး ခက်ခဲမှုရှိသည့်အပြင် ပို့ချနိုင်သည့် ပညာရပ်ပိုင်းဆိုင်ရာလည်း အားနည်းချက်ရှိနေသောကြောင့် အဆင့်မြင့်အရာရှိများကို ပြည်ပပညာရှင်များနှင့် သင်ကြားစေရန် ရည်ရွယ်ထားကြောင်း ၎င်းက ရှင်းပြသည်။ “ကျွန်တော်တို့မှာ အဆင့်မြင့်တဲ့ အရာရှိတွေ ညွှန်ချုပ်တို့၊ ဒုချုပ်တို့၊ အတွင်းဝန်တို့ စသည်ဖြင့် နိုင်ငံခြားကနေ သင်တန်းလာပေးဖို့ရှိတယ်။ ကျွန်တော်တို့ အခုဆိုရင် ဟိုတယ်မှာပဲ လုပ်တာပေါ့။ နောင်ဆိုရင် ကျွန်တော်တို့က စခန်းသွင်းပြီးတော့မှ၊ အဆောင်တွေ ဘာတွေပေးပြီးတော့မှ ဒီမှာတင် သေချာလေ့ကျင့်လို့ရမယ်။ သူတို့က ငွေကြေးအကုန်အကျ ခံရုံသက်သက်တော့ မဟုတ်ဘူး။ သင်ကြားမှုအတွက်ကိုပါ ကူညီမှာပါ” ဟု ဦးစောဘယ်လင် တိုင်းက ထပ်လောင်းပြောကြားသည်။ မြန်မာတစ်နိုင်ငံလုံးတွင် ဝန်ထမ်းပေါင်း တစ်သန်းကျော်ရှိကြောင်း သိရသည်။
Source : https://goo.gl/UHhXVG
via IFTTT
No comments:
Post a Comment