Sunday, June 3, 2018

The Voice

လိုက်ထရပ်များ ကျောင်းကားဆွဲပါက ၂၀၁၅ မော်တော်ယာဉ်ဥပဒေအရ အရေးယူမည် ရန်ကုန်၊ ဇွန် ၂ ၂၀၁၈-၂၀၁၉ ပညာနှစ်တွင် ကျောင်းကားပြေးဆွဲရာတွင် လိုက်ထရပ်ယာဉ်များ ပြေးဆွဲခွင့်မပြုထားဘဲ ကျောင်း ကြို/ပို့ ယာဉ်အဖြစ် ပြေးဆွဲနေသည်ကိုတွေ့ရှိပါက ၂၀၁၅ ခုနှစ် မော်တော်ယာဉ်ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ကားကို စစ်ဆေးလို့ ကျောင်းသားလေးတွေနဲ့ မိရင်တော့ လိုင်စင်သိမ်းပြီး ချလန်ဖြတ်အရေးယူမယ်။ ကားကြီးကို သိမ်းလိုက်တာမျိုး မဟုတ်ဘူး။ တိုင်းအစိုးရအဖွဲ့နဲ့ ပူးပေါင်းတာဆိုတော့ သူတို့က ကျောင်းသားတွေ အဆင်ပြေအောင် စီမံမှာဖြစ်တယ်”ဟု ၎င်းက ဆိုသည်။ ဇွန်လ ၁ ရက်က စတင်ဖွင့်လှစ်ခဲ့သော ကျောင်းဖွင့်ရာသီတွင် ပုဂ္ဂလိက ကျောင်းကားအဖြစ် ပြေးဆွဲခွင့်ကို ဖြေလျှော့ပေးခဲ့သော်လည်း လိုက်ထရပ်ယာဉ်များ ကျောင်းကြိုပို့ယာဉ်အဖြစ် ပြေးဆွဲခြင်းကို ကန့်သတ်ထားပြီး ပြေးဆွဲခြင်း ရှိ၊ မရှိ YRTA နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့တို့ ပူးပေါင်းကာ စောင့်ကြည့်စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။ “လိုက်ထရပ်ကားဆိုတာ လူတင်ယာဉ် မဟုတ်ပါဘူး။ လိုအပ်ချက်အရ ကျောင်းကြိုပို့ယာဉ်အဖြစ် ဆွဲနေတာ။ ဒီနှစ်မှာ တားမြစ်ချက် ထုတ်လိုက်ပြီဆိုတော့ စစ်ဆေးတွေ့ရှိရင် အရေးယူမှာပါ။ နောက်ထပ် စီမံခန့်ခွဲမှုအရ YRTA ကလည်း ပြစ်ဒဏ်တစ်မျိုးနဲ့ အရေးယူနိုင်သေးတယ်”ဟု အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ အဆိုပါယာဉ်များ ကျောင်းကြိုပို့ယာဉ်အဖြစ် စစ်ဆေးတွေ့ရှိပါက တားမြစ်ထုတ်ပြန်ချက်ကို မလိုက်နာခြင်း ပြစ်ဒဏ်အဖြစ် ၂၀၁၅ ခုနှစ် မော်တော်ယာဉ် ဥပဒေ၊ ပုဒ်မ ၆၅ အရ ဒဏ်ငွေကျပ်သုံးသောင်း ချမှတ်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။ လိုက်ထရပ်ယာဉ်ဖြင့် ကျောင်းကားအဖြစ် ပြေးဆွဲနေခြင်းမှာ ကျောင်းသူ၊ ကျောင်းသားများအတွက် အဆင်မပြေကြောင်း၊ ၂၀၁၇ ခုနှစ်က အဆိုပါယာဉ်ကို ပြေးဆွဲခွင့်ကန့်သတ်မည်ကို ကြိုတင်အသိပေးထားခဲ့ကြောင်း ကျောင်းကားကြီးကြပ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “ကျောင်းသားတွေ အဆင်မပြေဖြစ်မှာစိုးလို့ ကြိုတင်အသိပေးထားတော့ အများစုက ကားတွေရောင်းပြီး စူပါကာစတန် ကားတွေဝယ်ကြတယ်။ နောက်နှစ်အတွက် ကျောင်းကားတွေကို တိုင်းအစိုးရက ထပ်ဝယ်ယူမှာလို့ ပြောထားတာလည်းရှိတယ်။ အဲဒါကြောင့် အခက်ခဲမရှိဘူးလို့ထင်တယ်”ဟု ၎င်းက ဆိုသည်။ ယခုနှစ်ပညာသင်နှစ်တွင် ကျောင်းကားများ ပြေးဆွဲမှုအနေနှင့် ပြည်လမ်း TTC လေ့ကျင့်ရေး အထက်တန်းကျောင်းမှအပ ကျန် ၁၇ ကျောင်းမှာ ပုဂ္ဂလိကကျောင်းကားဖြင့်သာ ပြေးဆွဲမည်ဖြစ်ကြောင်း ကျောင်းတာဝန်ခံများထံမှသိရသည်။
Source : https://goo.gl/mhLhYN
via IFTTT

No comments:

Post a Comment