ဆုရခြင်း၊ မရခြင်းထက် သီချင်းအပေါ်မှာပဲ စိုးရိမ်ခဲ့တဲ့ The Voice Myanmar Winner ငွေစိုး မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပပြီးစီးခဲ့တဲ့ The Voice Myanmar သီချင်းဆိုပြိုင်ပွဲမှာ Winner ဆုကို မန္တလေးသားဖြစ်တဲ့ ပြိုင်ပွဲဝင် အဆိုရှင် ငွေစိုးက ရရှိခဲ့ပါတယ်။ ပြိုင်ပွဲမှာ လင်းလင်း၊ ကျားပေါက်၊ ရန်ရန်ချန်း၊ နီနီခင်ဇော်တို့က Coach အနေနဲ့ အတူပါဝင်လေ့ကျင့်ပြီး ယှဉ်ပြိုင်ရတာ ဖြစ်ပါတယ်။ မန္တလေးသားငွေစိုးက Coach လင်းလင်းရဲ့ အဖွဲ့ကနေ Winner ရရှိခဲ့တာပါ။ ပြိုင်ပွဲကနေ ရရှိခဲ့တဲ့ ဆုကြေးငွေထဲကတချို့ကို မိခင်အား ကန်တော့ပြီး ကျန်ငွေကို သမီးဖြစ်သူရဲ့ ပညာရေးအတွက်အသုံးပြုမယ်ဆိုတဲ့ The Voice Myanmar ရဲ့ Winner ဆုရှင် ငွေစိုးကို ရှေ့ဆက်မယ့် ဂီတခရီး၊ ပြိုင်ပွဲအတွေ့အကြုံ့များ အကြောင်း ဧရာဝတီက ဆက်သွယ် မေးမြန်းထားပါတယ်။ မေး။ ။ သီချင်းဆိုပြိုင်ပွဲတွေ အများကြီးရှိတယ်။ အရင်ကရော ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ဖူးသေးလား။ ဖြေ ။ ။ ကျနော်က ပြိုင်ပွဲတွေ တခါမှ မပြိုင်ဖြစ်ခဲ့ဖူးဗျ။ The Voice Myanmar ပြိုင်ပွဲကို စပြိုင်ဖြစ်တာပါ။ ခုမှ ဒါ ကျနော့် အတွက် ပထမဆုံး ပြိုင်ပွဲပါ။ ဒီပြိုင်ပွဲက ဘာအကန့်အသတ်မှ မရှိဘူး။ လွတ်လွတ်လပ်လပ် ပြိုင်ခွင့်ရှိလို့ The Voice Myanmar ပြိုင်ပွဲကို စိတ်ဝင်စားပြီး ဝင်ပြိုင်ဖြစ်ခဲ့တာပါဗျ။ မေး။ ။ ဒါပေမယ့် ကိုငွေစိုးပုံစံက ဂီတနဲ့ အစိမ်းကြီး မဟုတ်ဘူးနော်။ အရင်က အနုပညာ အတွေ့အကြုံတွေ ရှိရင် သိချင်ပါတယ်။ ဖြေ ။ ။ ဆိုတယ်ဗျ။ ကျနော်အရင်က သီချင်းတော်တော်များများ ဆိုပါတယ်။ ကျောင်းတုန်းကလေ။ တက္ကသိုလ် ကျောင်းသား ဘဝတုန်းက ဆိုတာ။ ဒါပေမယ့် သီချင်းတွေ မဆိုတာတော့ ၆ နှစ်လောက်ရှိပြီ။ ပြန်ဆိုဖြစ်တာက အခု တနှစ် လောက်ပဲ ရှိပါသေးတယ်။ မေး။ ။ လူငယ်အရွယ်မှာ အများစုက ဂီတတွေ၊ သီချင်းတွေနဲ့တော့ မစိမ်းကြပေမယ့် ကိုငွေစိုးက အဲဒီထက်ပိုပြီး Band တွေ ဘာတွေ ဖွဲ့ခဲ့ဖူးလား ။ မန္တလေးသား ဝါသနာရှင် တော်တော်များများက ကိုယ်ပိုင် Band တွေ ရှိတတ်လို့လေ။ ဖြေ ။ ။ ဟုတ်ကဲ့ဗျ။ ရှိခဲ့ဖူးပါတယ်။ ငယ်ငယ်က ဂီတကို စဝါသနာပါပြီ ဆိုကတည်းက ငယ်သူငယ်ချင်းတွေစုပြီး Band လေး တခု ဖွဲ့ဖြစ်ခဲ့ပါတယ်။ Venus ဆိုတဲ့နာမည်နဲ့ Band လေးပါ။ အချိန်အတော်တော့ ကြာလိုက်တယ်။ မမှတ်မိတော့ဘူး။ ဆယ်တန်းကျောင်းသား ဘဝကတည်းကပေါ့။ အဲဒီကတဆင့် မန္တလေးက တီးဝိုင်းအကြီးကို ရောက်ခဲ့တာကိုး။ မေး။ ။ ပြိုင်ပွဲက Coach တွေအကုန်လုံးက သူ့ဂီတနဲ့သူ နိုင်ငံကျော်တွေကြီးပဲလေ။ ကိုငွေစိုးက Coach လင်းလင်းရဲ့ အဖွဲ့ထဲ ရောက်သွားတော့ သူ့ရဲ့ဘယ်လို လေ့ကျင့်မှုတွေနဲ့ ကြုံခဲ့ရလဲ။ Winner ရတဲ့အထိ သူကဘယ်လို Train ခဲ့လဲ။ ဖြေ။ ။ ကိုလင်းလင်းနဲ့က ညီအစ်ကိုလိုလည်း ဖြစ်နေတော့ သူအားမရသေးရင် ဒီနားမှာ ဒီလိုလေးဆိုလိုက်၊ ဟိုနားလေးက ဘယ်လိုပေါ့။ တအားကြီးတော့ မရှိပါဘူး။ သူက လိုအပ်တဲ့နေရာတွေမှ ဝင်သင်ပေး၊ ပြောပြပေးတယ်။ မေး။ ။ သူနဲ့လေ့ကျင့်တဲ့ကာလမှာ ကိုယ့်အတွက် မှတ်မှတ်ရရ ထင်ကျန်ခဲ့တာလေးတွေရောရှိလား။ ဖြေ ။ ။ ကိုလင်းလင်းက Train နေတဲ့အချိန်မှာ သူနဲ့ မှတ်မှတ်ရရကတော့ ရှိတယ်။ အဲဒါကတော့ တန်ဖိုးရှိတာပေါ့။ အနုပညာနဲ့ ပတ်သက်ပြီး သူအမြဲတမ်း ပြောတယ်။ အနုပညာအပေါ်မှာ အမြဲတမ်း ရိုးသားပါ။ ရိုးသားရင် အောင်မြင်မယ်လို့ သူအမြဲတမ်း ပြောတယ်။ သူပြောတဲ့အတိုင်းပဲ အရိုးသားဆုံး ဆိုခဲ့တယ်။ မေး။ ။ ပြိုင်ပွဲဖြစ်တဲ့အတွက် Coach အကြိုက် ၅၀၊ ကိုယ့်အကြိုက်က ၅၀ တော့ ဆိုခဲ့ရမှာပဲလေ။ အဲဒီအချိန် ကိုယ့်ရဲ့ ကြိုးစားမှုထဲမှာ ရိုးသားမှုအပြင် ဘာထပ်ဖြည့်ခဲ့ရလဲ။ ဖြေ။ ။ အားစိုက်ရတာပေါ့ ။ သီချင်းတွေကို အကောင်းမွန်ဆုံးဖြစ်အောင် ကိုယ့်ဘက်ကလည်း အားစိုက်ရတာပေါ့။ သီချင်းတွေကိုတော့ ကျနော်အဆိုချင်ဆုံးသီချင်းတွေကိုပဲ ကိုလင်းလင်းက ဆိုခိုင်းတာပါ။ မေး။ ။ နာမည်ကြီးပြီးသားသီချင်းကိုမူရင်းနဲ့ တထပ်တည်းတူအောင် ဆိုရတာထက် မတူအောင်ဆိုရတာက ပိုခက်တယ်လို့ ပြောကြတယ်။ အဲဒါနဲ့ပတ်သက်ပြီးရော လင်းလင်းဆီက ဘယ်လို ပညာရခဲ့လဲ။ ဖြေ ။ ။ ကိုလင်းကတော့ ကာလာအနေနဲ့က အမြဲပြောပါတယ်။ ဘယ်လိုလေးဆိုရင် တူနေတယ်။ အဲဒါက ကိစ္စမရှိဘူး၊ ဆိုရင်းနဲ့ ကွဲသွားမယ်ပေါ့။ အဲလိုပဲဗျ။ ဆိုရင်းနဲ့တော့ တူတာပဲ။ ဒါပေမယ့် ကာလာကွဲအောင် ဆိုရတာပေါ့။ မေး။ ။ ပြိုင်ပွဲဆိုတာ ဝင်ပြိုင်ပြီဆိုကတည်းက Winner ကိုတော့ မျှော်လင့်ကြမှာပဲ။ ကိုငွေစိုးလည်း အဆင့်ဆင့်တော့ ကြိုးစားရင်း Final ရောက်တဲ့အချိန် ရင်ထဲမှာ စိုးရိမ်စိတ်ဖြစ်ခဲ့သေးလား။ ဖြေ ။ ။ ကျနော် Final မှာတော့ စိုးရိမ်စိတ် ရှိခဲ့တယ်။ အဲဒါက ဆုရခြင်း၊ မရခြင်းအတွက် စိုးရိမ်တာတော့ မဟုတ်ဘူး။ ကျနော် ဆိုမယ့်သီချင်းက ကိုငှက်သီချင်း ဖြစ်နေတဲ့အတွက် တာဝန် အရမ်းကြီးတယ်။ မှားမှာစိုးလို့ စိုးရိမ်တာ တခုပါပဲ။ မေး။ ။ The Voice Myanmar winner အနေနဲ့ ထုတ်ပေးမယ့် တကိုယ်တော်တေးစီးရီးမှာ ကိုယ့်စိတ်ကြိုက်သီချင်းတွေ လုပ်ရမှာလား၊ ကုမ္ပဏီစိတ်ကြိုက်သီချင်းတွေ ဆိုရမှာလားဆိုတာရော သိခွင့်ရပြီလား။ ဖြေ ။ ။ သီချင်းတွေကတော့ ကျနော့်စိတ်ကြိုက်တွေကို ကိုလင်းလင်းနဲ့ The Voice Myanmar အားလုံးရဲ့ စိတ်ကြိုက်တွေ လုပ်ရမှာပါ။ မေး။ ။ ကိုငွေစိုးက တချက်၊ တချက်မှာ ဆိုဟန်တွေ ၊ ဆိုသံတွေကလေ လင်းလင်းနဲ့ တူနေသလားလို့။ ဖြေ ။ ။ အဲဒီလိုတော့ ကျနော်လည်း သတိမထားမိဘူးဗျ။ ဒါပေမယ့် သူ Train ပေးနေတာဆိုတော့လေ။ ဒါကြောင့် တူနေတာ ထင်ပါတယ်။ မေး။ ။ Coach လင်းလင်းအဖွဲ့မှာ ပါခဲ့ရတဲ့အတွက်ရော ၊လင်းလင်းနဲ့ တကိုယ်တော်ခွေ လုပ်ခွင့်ရမယ့် အတွက်ရော ဘယ်လို ခံစားရတယ်ဆိုတာလေး သိချင်တယ်။ ဖြေ ။ ။ ကိုလင်းလင်းသီချင်းတွေကို ကြိုက်တယ်။ သူ့သီချင်းတွေဆို အကုန်ကြိုက်တယ်။ အရမ်းပဲ ဂုဏ်လည်းဂုဏ်ယူ ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ ပျော်လည်းပျော်တယ်။ မေး။ ။ ရှေ့ဆက်မယ့် ဂီတလမ်းမှာ လျှောက်ချင်တဲ့ပုံစံ၊ သွားချင်တဲ့စိတ်ကူးလေးတွေရှိရင် ပြောပြပါလား။ ဖြေ ။ ။ အဲဒီလို စိတ်ကူးတော့ ရှိပါတယ်။ ပရိသတ်ရင်ထဲ ရောက်မယ့်သီချင်းတွေ ဖန်တီးမယ်ပေါ့နော်။ ပြီးတော့ ကျနော့် အနေနဲ့ သပ်သပ် သီချင်းလေးတပုဒ်လောက် ချပေးချင်တယ်။ အဲဒါကတော့ မန်းလေးရောက်မှ သူငယ်ချင်းတွေနဲ့ တိုင်ပင်ရမှာပါ။ The Voice Myanmar နဲ့လည်း တိုင်ပင်ရမယ်လေ လုပ်ခွင့်ရှိ၊ မရှိဆိုတာပေါ့။ ကျနော် သီချင်း အသစ်တွေလည်း လုပ်ဦးမှာပါ။ ပရိသတ်ရင်ထဲ ရောက်မယ့် သီချင်းတွေကို ဖန်တီးမှာပါ။ ကျနော့်ကို အားပေးစေချင်ပါတယ်။ ဆက်စပ်ဖတ်ရှုရန် – “The Voice Myanmar 2018 Winner” အဆိုရှင်၊ ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့သလား The post ဆုရခြင်း၊ မရခြင်းထက် သီချင်းအပေါ်မှာပဲ စိုးရိမ်ခဲ့တဲ့ The Voice Myanmar Winner ငွေစိုး appeared first on ဧရာဝတီ.
Source : https://ift.tt/2sKZ3jo
via IFTTT
No comments:
Post a Comment