WHOကို ရာသီတုပ်ကွေးရောဂါ (H1N1)အတွက် ကာကွယ်ဆေးအလုံးရေ (၄)သောင်းထုတ်ပေးဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက အကူအညီတောင်းခံထားတယ်လို့ သတင်းရရှိပါတယ်။ ဒါ့အပြင် တူရကီအစိုးရက H1N1 ကာကွယ်ဆေး အလုံးရေ တစ်သောင်းခွဲလှူဖို့ ကမ်းလှမ်းထားပြီး အိန္ဒိယနိုင်ငံကလဲ ကာကွယ်ဆေး အလုံးရေ တစ်သိန်းလှူမယ်လို့ သိရပါတယ်။ လောလောဆယ်တော့ ထိုင်းနိုင်ငံက ပို့တဲ့ H1N1 ကာကွယ်ဆေး အလုံးရေ(၃၀၀၀) လက်ခံရရှိထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ရထားတဲ့ ကာကွယ်ဆေးတွေကို H1N1 လူနာတွေကို လက်ခံကုသပေးနေတဲ့ ဆေးရုံတွေကို ဦးစားပေးပြီး ဖြန့်ထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်က ပြောပါတယ်။ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာ ဌာနကလည်း စစ်ဆေးတဲ့ အဖြေတွေ တိကျမှန်ကန်စေဖို့ ဟောင်ကောင်မှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အသိအမှတ်ပြု တုပ်ကွေးရောဂါဆိုင်ရာ အရည်အသွေးထိန်းချုပ်မှုဆိုင်ရာ ဓာတ်ခွဲခန်းကို ပို့ပေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထုတ်တဲ့အခါ ပံ့ပိုးမှုရှိဖို့ ပိုးအမျိုးအစားရဲ့ ဇီဝဖွဲ့စည်းပုံအသေးစိတ်ကို သိရှိနိုင်ဖို့အတွက် ဂျပန်နိုင်ငံမှာရှိတဲ့ (National Institute of Infectious Diseases - WHO Collaborating Centre)ကို ပိုးနမူနာတွေ ပေးပို့နေတယ်လို့လည်း သိရပါတယ်။ မနေ့က ဇူလိုင်လ(၃၁)ရက်အထိ လတ်တလောပြင်းထန် အသက်ရှူလမ်း ကြောင်းပိုးဝင်ရောဂါနဲ့ ဆေးရုံတက်ရောက် ကုသတဲ့လူနာ အရေအတွက်ဟာ တစ်နိုင်ငံလုံးအတိုင်း အတာအနေနဲ့ (၂၁၃) ဦးရှိပြီး H1N1ရောဂါပိုး ကူးစက်ခံရသူ (၆၂)ဦး အနက် သေဆုံးသူ (၁၂)ဦး ရှိတယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ရုပ်သံသတင်းထောက် - လွင်သဲငယ်ဦး
Source : http://ift.tt/2tZqu8E
via IFTTT
No comments:
Post a Comment