Wednesday, August 2, 2017

NLD ပြောခွင့်ရ ဦးဝင်းထိန် ဆေးရုံတက်ရခြင်းအကြောင်းအရင်း

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရသူ ဦးဝင်းထိန်သည် ဇဗ္ဗူသီရိ အထူးကုဆေးရုံတွင် ရောက်ရှိနေပြီး သတင်းထောက် များမှာလည်း သူ့ထံသွားခွင့်မရကြကြောင်း သူနှင့်နီးစပ်သော သတင်းရင်းမြစ်များကပြောသည်။ သူ့ကို ဆေးရုံတင်ထားရသည်မှာ ၂ ပတ်ကျော်ကြာပြီဖြစ်သော်လည်း သူ၏အခြေအနေနှင့်ပတ်သက်၍ အများပြည်သူ သို့ ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ သို့သော် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က သူ့ကို ကျန်းမာရေးစစ်ဆေးခိုင်းပြီး ဆေးရုံတက်လိုက်ရသည့် အခြေအနေရောက်သွားသည်ဟု NLD သတင်းရင်းမြစ်များက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လက်ရုံးသည် ဆေးရုံတွင် ၂ လနေရမည်ဟု မျှော်လင့်ရကြောင်း သတင်းများက ဆိုသော်လည်း ဇူလိုင်လ ၂၂ ရက်နေ့က နေပြည်တော်တွင်ကျင်းပသည့် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးသို့ ကျန်းကျန်းမာမာ ရောက်လာသည်ကိုတွေ့ရသည်။ ကျန်းမာရေးစစ်ဆေးစဉ်အတွင်း ဆရာဝန်များက သူ့ကိုအနားယူရန်ပြောပြီး ကေဘယ်တီဗွီတပ်ဆင်ထားသောအခန်းတွင် ရက်ရှည်အနားယူနေစေသည်ဟု အမည်မဖော်လိုသော NLD သတင်းရင်းမြစ်က ဧရာဝတီသို့ပြောသည်။ သတင်းထောက်များက သူ့ကိုတွေ့ဆုံရန်ကြိုးစားသောအခါလည်း ဦးဝင်းထိန်က အတွေ့မခံပဲ ရှောင်နေသည်ဟု သူနှင့်ရင်းနှီးသော သတင်းထောက်များကပြောသည်။ အသက် ၇၅ နှစ်အရွယ်ရှိ ဦးဝင်းထိန်သည် နှိုင်းယှဉ်ချက်အားဖြင့် ကျန်းမာရေးကောင်းသည်ဟုယူဆရသည်။ လွန်ခဲ့သောလ အနည်းငယ်အတွင်း သူ၏ ထူးခြားသောပြဿနာများမှာ တပ်မတော်၊ မီဒီယာများနှင့် အခြေအတင်ဖြစ်ခြင်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ လက်ရုံး NLD က ခန့်အပ်သော သမ္မတ ဦးထင်ကျော် နှုတ်ထွက်မည်ဟူသော ကောလာ ဟလများ လူမှုကွန်ရက်တွင် ယခုနှစ်နှစ်ဦးကထွက်ပေါ်လာခဲ့သော်လည်း ထိုသတင်းမှားယွင်းကြောင်း နောက်ပိုင်းတွင် သိရသည်။ ထိုကောလာဟလကို ဖြေရှင်းရာတွင် ဦးဝင်းထိန်က “ဒီသတင်းကို ဘယ်သူဖြန့်လဲ မှန်းရခက်တယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးပါတီကပဲ ဖြန့်လား။ တပ်မတော်ကပဲဖြန့်လား။ ကျနော်တို့ကိုမုန်းတဲ့ အိုင်တီသမားတွေကပဲဖြန့်လားမသိဘူး” ဟုပြောခဲ့သည်။ တပ်မတော်က ၎င်းတို့ ပါဝင်ပတ်သက်သလိုပြောဆိုမှုကို အပြင်းအထန် ရှုတ်ချသည်။ ထိုအခြေအမြစ်မဲ့ သံသယဖြင့်ဖြေကြားခြင်းသည် တပ်မတော်၏ ဂုဏ်သိက္ခာကို အကြီးအကျယ်ထိခိုက်စေသည်ဟု တပ်မတော်သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့၏ ဦးဝင်းထိန်နှင့်ပတ်သက်သော ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။ ထိုလုပ်ရပ်သည် အထူးသဖြင့် အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဆောင်ချိန်တွင် ညီညွတ်ရေးကိုထိခိုက်စေပြီး လိုအပ်သလိုတုံ့ပြန်မည်ဟုလည်းဖော်ပြထားသည်။ ဦးဝင်းထိန်အပါအဝင် NLD ခေါင်းဆောင်များသည် ထိုပြဿနာကို မည်သို့ဖြေရှင်းလိုက်သည် မသိရသော်လည်း မေလကကျင်းပသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ဦးဝင်းထိန်က တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို အပြေးအလွှား ပြုံးပြုံးရွှင်ရွှင် သွားရောက်နှုတ်ဆက်သည်ကိုတွေ့ရသည်။ တပ်မတော်အရာရှိဟောင်းဖြစ်သူ ဦးဝင်းထိန်သည် ၁၉၈၈ ခုနှစ်တွင် NLD သို့ဝင်ရောက်ပြီးနောက် ထောင်ထဲတွင် နှစ်အတန်ကြာနေခဲ့ရပြီး ဒေါ်အောင်ဆန်းစုကြည်ကို သစ္စာခံကာ NLD ၏ အဓိကခေါင်းဆောင်တဦးလည်းဖြစ်သည်။ သူ ယခုဆေးရုံတက်ချိန်သည် ဒေါ်အောင်ဆန်းစုကြည်၊ NLD နှင့်တပ်မတော်အကြား ဆက်ဆံရေးတင်းမာချိန်နှင့် တိုက်ဆိုင် နေသည်။ ဇူလိုင်လ အစောပိုင်းကလည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းသည် တပ်မတော်နှင့် အရပ်သားအစိုးရ အကြားပြဿနာဖြစ်စေခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ်သည် ညွှန်ကြားရေးမှူးချုပ် အဆင့်သာရှိပြီး သူ့ကို ထိပ်တန်းခေါင်းဆောင်အဖြစ်ဆက်ဆံရခြင်းသည် ဒီမိုကရေစီမဟုတ်ဟု သူပြောသည်။ တပ်မတော်က ချက်ချင်း NLD အစိုးရထံတိုင်ကြားပြီး ဦးဖြိုးမင်းသိန်းကိုလိုအပ်သလို အရေးယူခိုင်းသည်။ ဦးဖြိုးမင်းသိန်းကလည်း တပ်မတော်သို့ အလျင်အမြန် တောင်းပန်စာပေးပို့သည်။ သူ့ကို NLD ခေါင်းဆောင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြစ်တင်ဆုံးမခဲ့သည်။ တနှစ်သက်တမ်းရှိ NLD အစိုးရက အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တပ်မတော်နှင့် ဆက်ဆံရေး ကောင်းမွန် အောင် လုပ်ဆောင်နေချိန်တွင် အထက်ပါ အငြင်းပွားမှုများဖြစ်ခဲ့သည်။ မကြာသေးမီနှစ်များအတွင်း ဒေါ်အောင်ဆန်းစုကြည်သည် တပ်မတော်အကြီးအကဲဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အကြိမ်ကြိမ်တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ယုံကြည်မှု တည်ဆောက်ရန်ကြိုးစားခဲ့သည်ဟု ယူဆရသည်။ တပ်မတော်ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယုံကြည်မှု တည်ဆောက်နေချိန်တွင် ဦးဝင်းထိန်နှင့် ဦးဖြိုးမင်းသိန်းတို့၏ စကားများမှာ အထောက်အကူ မပြုကြောင်း ထောင်အတွင်း နှစ်ပေါင်းများစွာနေထိုင်ခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ ထိပ်တန်းအမျိုးသမီးအဖွဲ့ဝင်တဦးက ဧရာဝတီ သို့ပြောသည်။ ဧရာဝတီသတင်းဌာန အင်္ဂလိပ်ပိုင်းတွင် ဖော်ပြထားသည့် Behind NLD Spokesperson’s Hospitalization ကို ဆီလျော်အောင် ဘာသာပြန်သည်။ ဆက်စပ် ဖတ်ရှုရန်- Analysis: Behind NLD Spokesperson’s Hospitalization ကျီးကန်းတွေဟု မီဒီယာကို ခေါ်ဆိုခြင်းသည် စော်ကားမှုဖြစ်သည် The post NLD ပြောခွင့်ရ ဦးဝင်းထိန် ဆေးရုံတက်ရခြင်းအကြောင်းအရင်း appeared first on ဧရာဝတီ.
Source : http://ift.tt/2vo6TTl
via IFTTT

No comments:

Post a Comment