"ပုဂံရဲ့ အာနန္ဒာ" ပုဂံက ဘုရားပုထိုး ၃ထောင်ကျော်ထဲမှာ လက်ရာအမြောက်ဆုံး၊ အနုအစိပ်ဆုံး ဘုရားလို့ ကျော်ကြား တဲ့ အာနန္ဒာ ဘုရားကို ပြီးခဲ့တဲ့ ၂၀၁၂ကစပြီး အိန္ဒိယနဲ့ မြန်မာ ပူးပေါင်း ပြုပြင်ခဲ့တာပါ။ ဒီအချိန်မှာတော့ အာနန္ဒာဘုရားရဲ့ မူလအရောင်ကို ပြန်လည် ရရှိအောင် လုပ်နိုင်ခဲ့တယ်လို့ ပညာရှင်တွေ က ပြောဆိုကြပါတယ်။ ပြီးတော့ တွေ့ရတဲ့ ဆေးရေးပန်းချီတွေက ၁၂ရာစုလောက်က လက်ရာတွေလို့ ပြော ဆိုကြပါတယ်။ အရင်တုန်းက ထုံးသင်္ကန်းတွေ နှစ်စဉ်ဆိုသလို ကပ်ခဲ့တဲ့ အတွက် နေရာအတော်များများကို အလွှာလိုက် ခွှာချခဲ့ရတယ်လို့ ဘုရားဂေါပကအဖွဲ့ဝင် တစ်ဦးက ပြောပြပါတယ်။ ဖိနပ်တော်ကနေ ဉာဏ်တော်ထိ ၁၆၈ပေမြင့်ပြီး ဂူပုထိုးပုံစံတည်ဆောက်ထားတဲ့ အာနန္ဒာစေတီရဲ့ အတွင်း လှိုဏ်တွေမှာ နံရံဆေးရေးပန်းချီအများအပြားကို ဖော်ထုတ်ဖို့ ကျန်နေဦးမယ်လို့ အများစုက ယုံကြည်နေကြပါတယ်။လက်ရှိမှာတော့တချို့နေရာတွေမှာသာနံရံဆေးရေးပန်းချီတွေကိုတွေ့ရပါတယ်။ နံရံဆေးရေး ပန်းချီတွေထဲမှာ ခေတ်အဆက်ဆက် လူနေမှုဓလေ့နဲ့ ယဉ်ကျေးမှုကို ဖော်ပြနိုင်မယ့် ပန်းချီ လက်ရာတွေကို တွေ့ထားကြောင်း ပညာရှင်တွေက ဆိုကြပါတယ်။ ပုဂံခေတ် အပါအဝင် အင်းဝခေတ်တို့ရဲ့ လက်ရာတွေ ရှာတွေ့ခဲ့တယ်လို့ သိရပြီး နိုင်ငံရဲ့ သမိုင်းကြောင်းကို ဆက်ထိမ်းသိမ်းမယ်လို့ ပုဂံ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးစိုးလင်းက ပြောပါတယ်။ ၂၀၁၆ခုနှစ်က လှုပ်ခဲ့တဲ့ ငလျင်ကြောင့် အာနန္ဒာဘုရားမှာ ကွမ်းတောင် ပြိုကျထိခိုက်ခဲ့ပြီး ဒီထိ ခိုက်မှုအပါအဝင် တခြားထိမ်းသိမ်းစောင့်ရှောက်မှုတွေကို လုပ်ဆောင်နေဆဲဖြစ်ပါတယ်။ နှစ်နိုင်ငံပူးပေါင်းပြင်ဆင်မှု သဘောတူညီချက်ကလည်း လာမယ့်နှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဒီအချိန်အတွင်းမှာ ရှေးဟောင်းအမွေအနှစ်လက်ရာတွေ ထပ်ပြီး ရှာတွေ့ဖို့နဲ့ပြုပြင်မှုတွေ ပြီးစီးဖို့ မျှော်လင့်နေကြပါတယ်။ ရုပ်သံသတင်းထောက်- မြတ်သီဟမောင်
Source : http://ift.tt/2v6yHeb
via IFTTT
No comments:
Post a Comment