စစ်သမိုင်းပြတိုက်ဟောင်းနေရာတွင် တည်ဆောက်မည့် စီမံကိန်းအပေါ် မေးခွန်းများပေါ်ထွက် ရွှေတိဂုံဘုရားအနီးရှိ စစ်သမိုင်းပြတိုက်ဟောင်းနေရာတွင် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော်ကုန်ကျမည့် တည်ဆောက်ရေးစီမံကိန်းအတွက် အဆောက်အအုံဟောင်းများကို ဖြိုကာ မြေရှင်းလင်းမှုများကြောင့် လွှတ်တော်ကိုယ်စားလှယ်တဦးက ထိုအစီအစဉ်ကို လာမည့် လွှတ်တော်အစည်းအဝေးတွင် မေးခွန်းထုတ်မည်ဖြစ်သည်။ ၉ ဧကကျယ်သောမြေပေါ်ရှိ ထိုစီမံကိန်း၏ အတိုင်းအတာကြောင့် အာရုံစိုက်မိခဲ့သည်ဟု ထိုစီမံကိန်းတည်ရှိရာ ဒဂုံမြို့နယ်ကို ကိုယ်စားပြုသော ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ သြဂုတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးတွင် အစိုးရကို အများပြည်သူသို့ ထုတ်ပြန်ခြင်း မရှိသေးသော ထိုစီမံကိန်း၏ အသေးစိတ်များနှင့် ပတ်သက်ပြီး မေးခွန်းထုတ်သွားမည်ဟု ဦးကျော်ဇေယျက ပြောသည်။ ထိုစီမံကိန်းသည် မြန်မာရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် ထုတ်ပြန်ပြီးနောက်ပိုင်း ပထမဆုံး ခွင့်ပြုချက်ပေးသော ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်သည်။ သူ၏ မဲဆန္ဒရှင်အချို့သည်လည်း ဗြိတိသျှကိုလိုနီ ဘဝမှ လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများတွင် သမိုင်းဝင်ခဲ့သော ဂျူဗလီဟောနေရာတွင် ဟိုတယ်သစ်တလုံး တည်ဆောက်မည့် ထိုစီမံကိန်းကြောင့် စိတ်မချမ်းမမြေ့ဖြစ်ကြရသည်ဟုလည်း သူပြောသည်။ ၁၉၇၀ ခုနှစ်များတွင် စစ်သမိုင်းပြတိုက် တည်ဆောက်ရန် ထိုသမိုင်းဝင် အဆောက်အအုံကို ဖြိုချခဲ့ပြီး ယခုအခါ စစ်သမိုင်းပြတိုက်မှာ နေပြည်တော်သို့ ပြောင်းရွှေ့သွားပြီး ဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် အစိုးရသည် နိုင်ငံပိုင် ကိုလိုနီခေတ် ရှေးဟောင်းအဆောက်အုံများနှင့် တပ်မတော်ပိုင်မြေများ အပါအဝင် ရန်ကုန်ရှိမြေများကို ပုဂ္ဂလိကပိုင် ပြုလုပ်မည့်အစီအစဉ်ကို ကြေညာခဲ့သည်။ ထိုနေရာ အများအပြားကို အစိုးရနှင့် အဆက်အသွယ်ကောင်းသော စီးပွားရေးလုပ်ငန်းများသို့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းကြောင့် ဝေဖန်သူများက ရွေးချယ်ခြင်း လုပ်ငန်းစဉ်နှင့် ငှားရမ်းခွင့် ချပေးမှုများတွင် ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်းကို ထောက်ပြခဲ့ကြသည်။ စစ်သမိုင်းပြတိုက်နေရာတွင် တည်ဆောက်ရေး စီမံကိန်းလုပ်ဆောင်မည့် အစီအစဉ်ကို ယခင် ဦးသိန်းစိန်အစိုးရက စတင်ခွင့်ပြုခဲ့သည်ဟု ဧရာဝတီ သတင်းဌာနက သိရသည်။ ပြည်တွင်းလုပ်ငန်းဖြစ်သော ဧရာဟင်္သာဟိုးလ်ဒင်း ကုမ္ပဏီလီမိတက်သည် ထိုနေရာတွင် ဟိုတယ်တလုံး၊ ရုံးခန်းများ၊ လူနေတိုက်ခန်းများနှင့် ဈေးဝယ်စင်တာတခု တည်ဆောက်ရန် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလက တင်ဒါ အောင်မြင်ခဲ့သည်။ ၎င်း၏ကုမ္ပဏီသည် ထိုနေရာကို နှစ် ၅၀ ငှားရမ်းခွင့်နှင့် ၁၀ နှစ်နှစ်ကြိမ် သက်တမ်းတိုးခွင့်ကို အစိုးရနှင့် ၂၀၁၃ ခုနှစ်က စာချုပ်ချုပ်ဆိုထားသည်ဟု ဧရာဟင်္သာ၏ ဒုဥက္ကဌ ကိုနီနီလွှမ်းမိုးက ဧရာဝတီသို့ ပြောသည်။ “ ၂၀၁၃ ခုနှစ်ကစပြီး ကျနော်တို့က အစိုးရကို နှစ်စဉ်မြေငှားခ အမေရိကန်ဒေါ်လာ ၂ သန်း ပေးသွင်းနေပါတယ်” ဟုလည်း ကိုနီနီလွှမ်းမိုးက ပြောသည်။ သို့သော် ဧရာဝတီသတင်းဌာနက ကြည့်ရှုခဲ့သည့် ရန်ကုန်တိုင်းအစိုးရက အထက်ပါကုမ္ပဏီသို့ ယခုနှစ် ဇန်နဝါရီလက ပေးပို့သော ပြန်စာတွင်မူ ထိုမြေ၏ ပိုင်ရှင်မှာ ကာကွယ်ရေးဝန်ကြီးဌာနဟု ဖေါ်ပြထားသည်။ နောက်ပိုင်းတွင် ထိုကုမ္ပဏီသည် ဂျပန်ကုမ္ပဏီများဖြစ်သော Fujita Corporation၊ Tokyo Tatemono Co. Ltd၊ နှင့် Japan Overseas Infrastructure Investment Corporation for Transport & Urban Development (JOIN) တို့နှင့် ပူးပေါင်း၍ လုပ်ငန်းလုပ်ကိုင်ခွင့်ကို ပြန်တင်ခဲ့သည်။ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ထိုဖက်စပ်လုပ်ငန်းကို ၂၀၁၇ ခုနှစ် မေလတွင် ခွင့်ပြုချက်ပေးခဲ့သည်။ ထိုဖက်စပ်လုပ်ငန်း သဘောတူညီချက်အရ ၎င်းတို့သည် ထိုနေရာတွင် ဂျပန်နိုင်ငံမှ Hotel Okura Co. Ltd., က စီမံခန့်ခွဲမည့် အထပ် ၉ ထပ်ရှိ ကြယ် ၅ ပွင့်ဟိုတယ်တလုံး၊ ရုံးခန်းများနှင့် စီးပွားရေးလုပ်ငန်း အဆောက်အအုံများ တည်ဆောက်ကြမည်ဖြစ်သည်။ ထိုစီမံကိန်း၏ စုစုပေါင်းကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၃၃၂.၅ သန်းရှိမည်ဟု ခန့်မှန်းထားပြီး ဆောက်လုပ်ရေးလုပ်ငန်းများသည် ၂၀၁၇ ခုနှစ်ကုန်တွင် စတင်ပြီး ၂၀၂၀ ခုနှစ်တွင် ပြီးစီး၍ စတင်ဖွင့်လှစ်သွားမည်ဟု ဧရာဟင်္သာ ဒုဥက္ကဌ၏ အဆိုအရ သိရသည်။ “ ဒါဟာ မြန်မာနိုင်ငံမှာ ဒေါ်လာသန်း ၃၀၀ ကျော် ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်းပါ။ ဒီနေရာမှာ ကောင်းမွန်တဲ့ စီမံကိန်းတခုကို အကောင်အထည်ဖေါ်မှာပါ။ အလုပ်အကိုင် အခွင့်အလမ်းတွေလည်း အများကြီး ပေါ်လာမယ်။ အစိုးရအနေနဲ့လည်း ဒီကနေ မြေငှားခအနေနဲ့ ဒေါ်လာသန်း ၁၇၀ လောက်ရမှာပါ” ဟုလည်း ကိုနီနီလွှမ်းမိုးက ပြောသည်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ညွှန်ကြားချက်ဖြင့် ထိုစီမံကိန်း ပြီးစီးချိန်တွင် ယာဉ်ကြောပိတ်ဆို့မှုအပေါ် သက်ရောက်မှုကို သိရှိရန် ဆန်းစစ်ချက်ကို လတ်တလော ဆောင်ရွက်နေသည်ဟုလည်း သိရသည်။ The post စစ်သမိုင်းပြတိုက်ဟောင်းနေရာတွင် တည်ဆောက်မည့် စီမံကိန်းအပေါ် မေးခွန်းများပေါ်ထွက် appeared first on ဧရာဝတီ.
Source : http://ift.tt/2vIqJIr
via IFTTT
No comments:
Post a Comment