နာဂဒေသတွင် ရိက္ခာအကျပ်အတည်း ကြုံတွေ့နေရ အိန္ဒိယမြန်မာနယ်စပ် စစ်ကိုင်းတိုင်းမှ ဝေးကွာလှသော နာဂကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် ထောင်နှင့်ချီသော နာဂများ သည် ရိက္ခာအကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်ဟု ဒေသဆိုင်ရာလွှတ်တော် ကိုယ်စားလှယ်များနှင့် ဒေသခံအဖွဲ့တဖွဲ့၏ အဆိုအရ သိရသည်။ တောင်တန်းမြို့နယ်များဖြစ်သော လဟယ်နှင့် နန်းယွန်းမြို့နယ်များသည် အထူးသဖြင့် လမ်းများကို ရေလွှမ်းမိုးသော မိုး ရာသီတွင် အစားအစာမလုံလောက်မှုကို ပုံမှန် ရင်ဆိုင်ရသည်ဟု နာဂရေးရာ ကောင်စီ NCA ၏အဆိုအရ သိရသည်။ သို့သော် ယခုနှစ်တွင်မူ ဝက်သက်ရောဂါဖြစ်ပွားခြင်း၊ စပါးဧက ၁၀၀၀ ကျော်ကို ပိုးမွှားများ ဖျက်ဆီးခြင်းနှင့် နယ်စပ်နှစ် ဖက်လုံးတွင် စစ်ဘက်က ပိတ်ဆို့ထားခြင်း ရိက္ခာဖြတ်တောက်ခြင်းတို့ကြောင့် အခြေအနေမှာ ပိုမိုဆိုးရွားသည်။ “ရိက္ခာပြတ်တောက်တာက ရွာတွေမှာသာမက နန်းယွန်းမြို့ပေါ်အထိပါ ဖြစ်နေတာ” ဟု နန်းယွန်းမှ လွှတ်တော်ကိုယ်စား လှယ် ဦးစိန်မောင်က ဧရာဝတီသတင်းဌာနသို့ ပြောသည်။ “ဒီကိစ္စကို ကျနော် မြို့နယ်အုပ်ချုပ်ရေးမှူးကို ပြောထားပေမယ့် ဘာ တုံ့ပြန်မှုမှ မရသေးဘူး။ ဒေသခံတွေက မရှိတဲ့သူတွေကို မျှပေးနေရတယ်” ဟုလည်း သူက ပြောသည်။ ယခု တပတ် တနင်္လာနေ့ သတင်းရေးသားချိန်အထိ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်နိုင်ခြင်းမရှိပါ။ နန်းယွန်းနှင့် လဟယ်မြို့နယ်များတွင် လူဦးရေ ၅၀၀၀၀ ရှိသည်။ လဟယ်မြို့နယ်တွင် နေထိုင်သူများသာ ဆန်များရှိနေ သော်လည်း ပတ်ဝန်းကျင်ကျေးရွာများတွင် စားစရာ အနည်းငယ်သာ ရှိသည်ဟု လဟယ်မြို့နယ်လွှတ်တော်ကိုယ်စား လှယ် ဦးလောရုံက ပြောသည်။ ”လဟယ်က မြို့မိမြို့ဖတွေက ဒီအကျပ်အတည်းအတွက် မနေ့က အိန္ဒိယ ပါလီမန်ကိုယ်စားလှယ်အဖွဲ့နဲ့ ဆွေးနွေးခဲ့ပြီး အ စားအစာနဲ့ အခြေခံ လူသုံးကုန်တွေအတွက် ဂိတ်ပေါက်ကို ဖွင့်ပေးဖို့ အိန္ဒိယစစ်တပ်ကို တောင်းဆိုထားတယ်” ဟု ဦးလော ရုံက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ နာဂရေးရာကောင်စီ၏ဥက္ကဌ အက်သောင်မာကူရီ ကလည်း အိန္ဒိယဘက်ရှိ နာဂပြည်အုပ်ချုပ်ရေးမှူး PB Acharya ထံ စာတစောင်ရေးသားပြီး အငတ်ဘေးရင်ဆိုင်နေရသူသော ရွာသားများကို လူသားချင်းစာနာမှုဖြင့် နယ်စပ် ဖြတ်ကျော်ခွင့်ပြုရန် တောင်းဆိုထားသည်။ နယ်စပ်ဒေသတွင် ကျေးရွာပေါင်း ၉၂ ရွာ ရှိပြီး ကွန်းရက်၊ လိုင်နောင်နှင့် တန်ရှန်းမျိုးနွယ်စုများ နေထိုင်ကြသည်။ ဆန်၊ ဆားနှင့် ဆေးကဲ့သို့ အခြေခံကုန်စည်များရနိုင်သော တခုတည်းသောနေရာမှာ အိန္ဒိယနိုင်ငံဘက်မှ မွန်မြို့သာ ဖြစ်သည် ဟု ထိုစာတွင် ဖော်ပြထားသည်။ နာဂပြည်မှ ပြည်သူများ၏ဒုက္ခများကို အဆုံးသတ်ရန်အတွက် အကူအညီနှင့် ရိက္ခာများ နယ်စပ်ဖြတ်ကျော် စီးဆင်းနိုင်ရန် မြန်မာအစိုးရအနေဖြင့် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းရန်လည်း နာဂရေးရာကောင်စီက မြန်မာအစိုးရကို တောင်းဆိုထားသည်။ “မြန်မာအစိုးရက ဒီပြဿနာအကြောင်းကို ကောင်းကောင်း သိတယ်။ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ စနစ်တကျ အစီအစဉ်တွေ မရှိတာ သိရတော့ တုန်လှုပ်စရာကောင်းတယ်” ဟု နာဂရေးရာကောင်စီ ပြောခွင့်ရသူ ကီဂျန်က ပြောသည်။ ရိက္ခာအကျပ်အတည်းကို လွန်ခဲ့နှစ်က ဝက်သက်ရောဂါဖြစ်ပွားမှုကြောင့် သီးနှံများကို စွန့်လွှတ်လိုက်ရခြင်းက ပိုမိုဆိုးရွားစေ ခဲ့သည်။ ထို့အပြင် နန်းယွန်းမြို့ရှိ ပန်ဆူတွင် စပါးဧက ၁၀၀၀ ကျော်ကိုလည်း ပိုးမွှားများက ဖျက်ဆီးခဲ့သည်။ လွန်ခဲ့သောနှစ် ဒီဇင်ဘာလက ကချင်လွတ်မြောက်ရေးတပ်မတော်နှင့် တိုက်ပွဲများဖြစ်ပွားပြီးနောက် မြန်မာ့တပ်မတော်က နန်းယွန်းမြို့သို့ အဓိက ထောက်ပံ့ရေးလမ်းကြောင်းဖြစ်သော သမိုင်းဝင် စတီးဝဲလ်လမ်းတလျှောက်တွင် ရိက္ခာ၊ ရန်ပုံငွေ၊ သတင်းအချက်အလက်နှင့် လူသစ်စုဆောင်းမှုစသည့် ဖြတ်လေးဖြတ်စနစ်ကို ကျင့်သုံးခဲ့သည်။ ဒေသတွင်းလက်နက်ကိုင်ပုန်ကန်မှုကို ကိုင်တွယ်ရာတွင် အိန္ဒိယလုံခြုံရေးတပ်များသည် ပန်ဆူနှင့် အရန်နာချယ်ပရာဒက် ပြည်နယ် နမ်ပေါင်မြို့အကြား နယ်စပ်များနှင့် မွန်မြို့၊ လဟယ်မြို့များအနီးရှိ နယ်စပ်များကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှ စတင် ပိတ်ထားသည်။ The post နာဂဒေသတွင် ရိက္ခာအကျပ်အတည်း ကြုံတွေ့နေရ appeared first on ဧရာဝတီ.
Source : http://ift.tt/2g20yHo
via IFTTT
No comments:
Post a Comment