မြန်မာ-မလေးရှား ဘောလုံးပွဲအပြီးတွင် မြန်မာပရိသတ်များတိုက်ခိုက်ခံရ မလေးရှား နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေသော ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာ ယူ ၂၂ အသင်းနှင့် မလေးရှား ယူ ၂၂ အသင်းတို့ ကစားပွဲအပြီးတွင် မြန်မာပရိသတ်များ တိုက်ခိုက်ခံခဲ့ရကြောင်း မလေးရှားဆီးဂိမ်း စေတနာ့ ဝန်ထမ်း လုံခြုံရေး အဖွဲ့ဝင်များက ပြောသည်။ မြန်မာပရိသတ်များမှာ သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းက မြန်မာနှင့် မလေးရှားအသင်းတို့ ကစားခဲ့သော ပွဲအပြီး ကွင်းအတွင်းက ပြန်လည်ထွက်ခွာချိန်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး စုစုပေါင်း တိုက်ခိုက်ခံရမှု ၇ ခုတွင် အနည်းဆုံး ၁၄ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ပြီး အချို့မှာ ဆေးရုံတွင် ဆေးကုသမှုခံယူနေလျှက်ရှိသည်။ ထိုပွဲတွင် စေတနာ့ဝန်ထမ်း လုံခြုံရေး အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဦးအောင်သန်းညွှန့် က “ဖြစ်ရပ်အားလုံးက ကွင်းထဲက ပြန်အထွက်မှာ တိုက်ခိုက်ခံခဲ့ရတာပါ” ဟု ဖြစ်စဉ်များနှင့်ပတ်သက်၍ ဧရာဝတီသို့ ပြောသည်။ တိုက်ခိုက်ခံရပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၀ ဦးကျော်အနက် ကိုမင်းစိုးမှာ ဦးခေါင်းကွဲ၊ မေးရိုးကွဲ ဒဏ်ရာများ အပြင်း အထန် ရရှိခဲ့ပြီး ရှားအလမ်းဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် မလေးရှားရောက် မြန်မာ နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင်အဖွဲ့က ၎င်းတို့၏ လူမှုဆက်သွယ်ရေးကွန်ရက် ဖေ့စ်ဘုတ် စာမျက်နှာမှ တဆင့် သတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။ ကိုမင်းစိုး အပါအဝင် မြန်မာပရိသတ် ၄ ဦးသည် ဘောလုံးပွဲအပြီး ကွင်းထဲမှပြန်အထွက် ကားရှာနေဆဲတွင် မလေး ပရိသတ် အချို့၏ ရုတ်တရက် ဝင်ရောက်တိုက်ခိုက်မှုခံခဲ့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ အလားတူ ကွင်းထဲမှ ပြန်ထွက်လာပြီး အိမ်ပြန်ရန် ပြင်နေသည့် ကိုမျိုးဆိုသူမှာလည်း Bus ကားနားအရောက်တွင် တိုက်ခိုက်ခံခဲ့ ရသဖြင့် ဦးခေါင်း၊ မျက်နှာနှင့် လက်၊ ခြေထောက်တို့တွင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ရှားအလမ်း ဆေးရုံကြီးတွင်ပင် ဆေးကုသမှု ခံယူနေသည်။ မလေးရှားရဲတပ်ဖွဲ့သည် မြန်မာပရိသတ်ကို ရိုက်နှက်ခဲ့သူများကို ရှာဖွေနေဆဲဖြစ်ကြောင်း၊ ဖြစ်ပွားခဲ့သည့်နေရာအနီးမှ သတင်းအချက်အလက်များကိုလည်း ရရှိထားကြောင်း၊ အဆိုပါကိစ္စများအတွက် မလေးရှားနိုင်ငံ၏ ဥပဒေအရ အဓိကရုဏ်းဆိုင်ရာ ပြစ်မှု ဥပဒေ တခုဖြစ်သည့် ပုဒ်မ ၁၄၈ အရ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။ မြန်မာ-မလေးရှား ပွဲကို သွားရောက်ကြည့်ရှုခဲ့သူ ကိုအောင်ကိုဦး က “ကျနော်တို့တွေက ကိုယ့်မြန်မာအသင်းကို အားပေးဖို့ မြန်မာအသင်း ဝတ်စုံဝတ်လာတာဆိုတော့ အပြင်မှာတွေ့လည်း မြန်မာအသင်းအားပေးတဲ့သူဆိုတာ တန်းသိတယ်လေ။ ကွင်းအနီးတဝိုက်မှာ လူစုနည်းနည်းနဲ့ မြန်မာ အသင်းဝတ်စုံနဲ့တွေ့ရင် မလေး တချို့က ထိုးတာ၊ ရိုက်တာဖြစ်တာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။ မြန်မာပွဲစဉ်ကို မာလာကာမြို့မှ လာရောက်၍ အားပေးခဲ့သော ကိုဟိန်းထက်အောင် ဆိုသူမှာလည်း အပြန်လမ်းတွင် မလေးနိုင်ငံသား အချို့ ဝိုင်းဝန်း တိုုက်ခိုက်မှုကြောင့် ဒဏ်ရာများနှင့် နီးရာ ကားပေါ်သို့ ပြေးတက်ခဲ့၍ လွတ်မြောက်သွားကြောင်း သိရသည်။ ထို့အတူ မြန်မာအမျိုးသမီး ၂ ဦးနှင့် အမျိုးသားတဦးတို့လည်း အပြန်လမ်းတွင် တိုက်ခိုက်ခံခဲ့ရပြီး အမျိုးသားမှာ ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး အမျိုးသမီး ၂ ဦးထံမှ ပိုက်ဆံနှင့် ဖုန်းများ လုယူခံလိုက်ရကြောင်းသိရသည်။ အခြားတိုက်ခိုက်ခံရမှု ၂ ခုတွင် မြန်မာပရိသတ်များ စီးနင်းလိုက်ပါလာသည့် ကားအချို့ကို ခဲဖြင့်ပစ်ပေါက်ခြင်း၊ ထိုးကြိတ် ကန်ကြောက်မှုများပြုလုပ်ခြင်းတို့ ကြုံခဲ့ရပြီး ယင်းတို့ တိုက်ခိုက်ခံရမှုများတွင် စိုးရိမ်ဒဏ်ရာ အဆင့်မဟုတ်သော်လည်း ခန္ဓာကိုယ်၌ ပွန်းပဲ ဒဏ်ရာများ ရရှိခဲ့သည်ဟုသိရသည်။ မြန်မာပရိသတ်များ တိုက်ခိုက်ခံရမှုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသည့် နှလုံးလှ ပရဟိတ လူငယ်များ သွေးလှူရှင် အဖွဲ့ဝင်များကိုယ်တိုင် မလေးပရိသတ် အချို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရကြောင်း ဦးအောင်သန်းညွှန့် က ပြောသည်။ “တိုက်ခိုက်ခံရမှာစိုးလို့ လူစုပေးနေတုန်း ဆိုင်ကယ် ၃ စီးက ရှေ့ကနေ ရုတ်တရက် ဝင်ပိတ်ရပ်ပြီး ဆိုင်ကယ်ဦးထုတ်တွေ၊ တုတ်တွေနဲ့ ဝင်ရိုက်တာ၊ တချို့ကတော့ ထွက်ပြေးတာပေါ့။ တချို့ကတော့ မလွတ်တော့ အရိုက်ခံထိတာပေါ့” ဟု ဦးအောင်သန်းညွှန့် က ပြောသည်။ မြန်မာပရိသတ်များ တိုက်ခိုက်ခံရမှု ဆက်မဖြစ်စေရန်အတွက် ထိုပွဲတွင် စေတနာ့ဝန်ထမ်း လုံခြုံရေး အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သူများ၊ ပရဟိတ အဖွဲ့များနှင့် အတူ မလေးရှား ရဲတပ်ဖွဲ့ကလည်း ဝင်ရောက်ကူညီမှုများ ပြုလုပ်ပေးခဲ့ပြီး လူစုကွဲနေသည့် လက်ကျန် ပရိသတ်အချို့ကို နေရပ်ကို လုံလုံခြုံခြုံပြန်နိုင်ရေး ကူညီပေးခဲ့သည်ဟု သိရသည်။ မြန်မာပရိသတ်များ တိုက်ခိုက်ခံခဲ့ရမှုများနှင့် ပတ်သက်၍ အရေးယူ ဆောင်ရွက်ပေးရန် မလေးရှား အာဏာပိုင်များကို တိုင်တန်းမှု မပြုလုပ်ရသေးသော်လည်း မလေး ဆီးဂိမ်း လုံခြုံရေးတာဝန်ရှိသူများက သြဂုတ်လ ၂၁ ရက်နေ့ ညနေပိုင်းက တိုက်ခိုက်ခံခဲ့ရမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်ပြပေးရန် စေတနာ့ဝန်ထမ်း လုံခြုံရေး အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ များကို ဖိတ်ခေါ်ထားကြောင်းသိရသည်။ မြန်မာ – မလေးရှားပွဲကို လာရောက်အားပေးကြသော မြန်မာပရိသတ်များထဲတွင် အရက်သေစာသောက်စား ထားသူများ လည်း ပါဝင်ကြောင်း ၎င်းတို့၏ အားပေးပုံမှာ မလေးလူမျိုးတို့၏ ဓလေ့စရိုက် မတူညီမှုအပေါ် ရိုက်ခတ်မှုရှိကြောင်း ထိုပွဲတွင် စေတနာ့ဝန်ထမ်း လုံခြုံရေး အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သူ ဦးအောင်သန်းညွှန့် က ပြောသည်။ ဦးအောင်သန်းညွှန့် က “ပရိသတ် နှစ်ခုရဲ့ဓလေ့စရိုက်က တော်တော်ကွာဟတယ်ဗျ။ ဟို (မလေး) ဘက်က ပရိသတ် ၅ သောင်း၊ ၆ သောင်း လောက် အားပေးတာ စည်းနဲ့ ကမ်းနဲ့ ကျနော်တို့ဘက်ကတော့ အိုးစည်ဗုံမောင်းနဲ့ တီးတယ်ပေါ့။ လူတွေကလည်း မူးရူး သောက်စား ထားတဲ့အတွက် စနစ်တကျမရှိဘူးပေါ့။ ပြောရရင် တဘက်ကမြင်ရင် မျက်စိ စပါးမွှေး စူးတာပေါ့” ဟုဆိုသည်။ သြဂုတ် ၂၁ ရက်နေ့ ညက ပြုလုပ်သည့် ဆီးဂိမ်းပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် မြန်မာ ယူ ၂၂ အသင်းနှင့် မလေးရှား ယူ ၂၂ အသင်း အမျိုးသား ပွဲစဉ်တွင် မလေးရှားအသင်းက မြန်မာအသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။ The post မြန်မာ-မလေးရှား ဘောလုံးပွဲအပြီးတွင် မြန်မာပရိသတ်များတိုက်ခိုက်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2v1ZJF4
via IFTTT
No comments:
Post a Comment