Wednesday, August 2, 2017


ရှမ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် မရရှိသေး ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) က အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီး သို့မ ဟုတ် ပင်လုံမြို့တွင် ကျင်းပခွင့်ပြုရန် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ထံ စာပေးပို့ထားသည်မှာ ၅လကျော် ကြာမြင့်ပြီ ဖြစ်သော်လည်း ယခုအထိ အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း သိရသည်။ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေး မကျင်းပခင် NCA ရေးထိုးထားသော လက်နက်ကိုင် အဖွဲ့များအနေဖြင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (လူမျိုးအလိုက်)ကို ကျင်းပခွင့် ရှိသည်နှင့်အညီ RCSS ၏ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲအား တပ်မတော်က မိုင်းပန်မြို့၊ မုံးထော်/မုံးထမြို့၊ နမ့်ပန်ခွန်မြို့တို့ တွင်သာ ကျင်းပခွင့် ပြုခဲ့သည်။ ထို့ကြောင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြမည့်သူများအတွက် သွားလာနေထိုင် စားသောက်ရေးကအစ အခက်အခဲ များစွာ ရှိလိမ့်မည်ဟု သုံးသပ်မိကြောင်း RCSS/SSA က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ပူးတွဲ ကော်မတီ (UPDJC) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ထံသို့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်က စာပေးပို့ တင်ပြခဲ့ခြင်း ဖြစ်သည်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (လူမျိုးအလိုက်) ကို အစိုးရ၊ တပ်မတော်တို့မှ သဘောထားကြီးစွာ ထားရှိပြီး အားလုံး အဆင်ပြေ ချောမွေ့စေမည့် နေရာများဖြစ်သော တောင်ကြီး မြို့ သို့မဟုတ် ပင်လုံမြို့တွင် ကျင်းပရန် ခွင့်ပြု ပေးစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့သောစာထဲတွင် ထည့်သွင်း ပြောကြားထားသည်။ ယင်းဆွေးနွေးပွဲများကို ၂၀၁၇ ခုနှစ်၊ မေလ ၂၄ ရက်မှ ၂၉ ရက်အထိ ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး မတိုင်ခင် ကျင်းပရခြင်းဖြစ်ပြီး ဆွေးနွေးပွဲများမှ ရရှိလာသည့် အကြောင်းအရာ အချက်အလက်များကို ညီလာခံတွင် ပြန်လည်ချပြ ဆွေးနွေးရမည်ကြောင်း သိရသည်။ RCSS/SSA မှ ဗိုလ်မှူးကြီး စိုင်းလက “ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) ထဲမှာလည်း ဒီကိစ္စကို ညှိနှိုင်းနေပါတယ်။ အခုထိတော့ အစိုးရဆီက ဘာမှ အကြောင်းကြားလာခြင်း မရှိသေးဘူး။ အစည်းအဝေးပုံစံ မဟုတ်ရင်လည်း တခြား နည်း လမ်းတွေနဲ့ ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်းလူမျိုးအလိုက်) ကျင်းပနိုင်ရေး ဆောင်ရွက်နေပါတယ်။ လက်ရှိ တော့ အစည်းအဝေးလုပ်နေတာ မရှိသေးပါဘူး” ဟု ပြောသည်။ CSSU အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်မှ ၂၂ ရက်အထိ ကျင်းပရန် စီစဉ်ခဲ့ သော်လည်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာစစ်သံမှူးက ကျင်းပခွင့်မပြုရန် ထိုင်းအစိုးရထံ စာပို့ တောင်းဆိုခဲ့ခြင်းကြောင့် ကျင်းပနိုင်ခြင်း မရှိခဲ့ပေ။ အဆိုပါ အစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (ရှမ်း လူမျိုးအလိုက်) ကျင်းပနိုင်ရေး နည်းလမ်းရှာဖွေ ခြင်း အပါအဝင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံတွင် ပါဝင်ခဲ့သော လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် စသည့် ကဏ္ဍ ငါးခုအပေါ် ပြန်လည် သုံးသပ် ဆွေးနွေးမှုများ ပြုလုပ် ရန် စီစဉ်ထားကြောင်း သိရသည်။ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဦးစိုင်းကျော်ညွန့်က “ဘာအကြောင်းပြချက်မှ မရှိသေးဘူး။ အခုက ညှိနှိုင်းနေဆဲပဲဖြစ် တယ်။ ညှိနှိုင်းတယ်ဆိုတာ UPDJC အစည်းအဝေး ကျင်းပနိုင်ရေးကိုပဲ ညှိနှိုင်းနေဆဲပဲ။ ဒီကိစ္စက ငြိမ်းချမ်းရေး တခုလုံးရဲ့ ဖြစ်စဉ်နဲ့ ဆက်စပ်နေတယ်။ ဘယ်လို အကောင်အထည် ဖော်မလဲဆိုတာ စဉ်းစားရမယ်။ ဗျူဟာကျကျ စဉ်းစားဖို့လိုလာပြီ” ဟု ဧရာဝတီကို ပြောသည်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ (လူမျိုးအလိုက်) ကို NCA ရေးထိုးထားသော ကရင်အမျိုးသား အစည်းအရုံး(KNU) အပါအဝင် ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့က ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး မတိုင်ခင် အသီးသီး ကျင်းပနိုင်ခဲ့ကြပြီး လုံခြုံရေးကဏ္ဍမှ လွဲ၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှု ရေး၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင် စသည့် ကဏ္ဍလေးခုကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ RCSS/SSA နှင့် အလားတူ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) ကလည်း ယနေ့ အထိ လူမျိုး အလိုက် အမျိုးသား အဆင့် နိုင်ငံရေး ဆွေးနွေးပွဲ မကျင်းပနိုင်သေးဘဲ အစိုးရအနေဖြင့် ကျင်းပနိုင်ရန် မည်သို့မျှ ဆောင်ရွက်ပေးနိုင်ခြင်း မရှိ သေးကြောင်း တာဝန်ရှိသူများက ပြောဆိုကြသည်။ The post ရှမ်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် မရရှိသေး appeared first on ဧရာဝတီ.
Source : http://ift.tt/2uY1UGs
via IFTTT

No comments:

Post a Comment