Wednesday, August 2, 2017

7Day News Journal

မြောက်ကိုရီးယား အစိုးရကို ပြောင်းလဲရန် ကြိုးစားနေခြင်း မရှိဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဆို မြောက်ကိုရီးယားတွင် အစိုးရပိုင်း အပြောင်းအလဲ ဖြစ်လာစေရန် မိမိတို့ အားထုတ်နေခြင်း မရှိဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ရက်စ်တိုင်လာဆန်က ပြောကြားလိုက်သည်။ မြောက်ကိုရီးယား၏ နျူကလီးယားလက်နက် စမ်းသပ်မှုများကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှု မြင့်တက်လာချိန်တွင် တိုင်လာဆန်က ယခုလို ကြေညာခဲ့ခြင်း ဖြစ်သည်။ ၎င်းက မြောက်ကိုရီးယားကို အမေရိကန်၏ ရန်သူအဖြစ် ယူဆမထားဟုလည်း ဆိုသည်။ “အစိုးရတစ်ရပ်ကို ပြောင်းလဲပစ်ဖို့ ကျွန်တော်တို့ လုပ်နေတာ မဟုတ်ပါဘူး။ မြောက်ကိုရီးယား အစိုးရ ပြိုကွဲသွားဖို့ကိုလည်း ကျွန်တော်တို့ လုပ်နေတာ မဟုတ်ဘူး။ ကိုရီးယားကျွန်းဆွယ် ပေါင်းစည်းညီညွတ်ရေးကိုလည်း ဖြစ်သင့်တာထက် အရှိန်မြှင့်ဖို့ ကျွန်တော်တို့ တောင်းဆိုမနေဘူး။ ကိုရီးယား နှစ်နိုင်ငံ နယ်စပ်ကို ကျွန်တော်တို့ရဲ့ စစ်တပ်တွေ လှမ်းပို့ဖို့ ဆင်ခြေတွေလည်း ပေးနေမှာ မဟုတ်ဘူး”ဟု တိုင်လာဆန်က ပြောကြားခဲ့သည်။ “မြောက်ကိုရီးယားကို ပြောချင်တာက ကျွန်တော်တို့ဟာ ခင်ဗျားတို့ရဲ့ ရန်သူမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်ဟာ ခင်ဗျားတို့ကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူး။ ဒါပေမဲ့ ခင်ဗျားတို့ရဲ့ အနေအထားဟာ ကျွန်တော်တို့အတွက် လက်ခံလို့ မရလောက်တဲ့ ခြိမ်းခြောက်မှုမျိုး ဖြစ်နေတယ်။ ဒီအတွက် ကျွန်တော်တို့ လိုအပ်တာကို တုံ့ပြန်မယ်”ဟုလည်း ကာကွယ်ရေး ဝန်ကြီးက သတိပေးခဲ့သည်။ ထို့အပြင် အမေရိကန် အလိုလားဆုံး လမ်းကြောင်းမှာ မြောက်ကိုရီးယားနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားရန်သာ ဖြစ်ကြောင်းလည်း ၎င်းက မှတ်ချက်ပေးခဲ့သည်။ မြောက်ကိုရီးယားသည် ပြီးခဲ့သည့် သီိတင်းပတ်ကုန်က တစ်လအတွင်း ဒုတိယမြောက် တာဝေး တိုက်ချင်းပစ် ဒုံးကျည်တစ်စင်းကို ထပ်မံ စမ်းသပ်ခဲ့သည်။ ယခုအခါ မြောက်ကိုရီးယား၏ ဒုံးကျည်များသည် အမေရိကန် ပိုင်နက်ကို လက်တွေ့ကျကျ ခြိမ်းခြောက်လာနေပြီဟု ယုံကြည်ရကြောင်း နိုင်ငံတကာ လက်နက် ပါရဂူများက သုံးသပ်ထားသည်။ သို့သော် မြောက်ကိုရီးယား ဒုံးကျည် အများစုသည် ၎င်းတို့ လိုလားသည့် ပစ်မှတ်ကို တိတိကျကျ ချေမှုန်းနိုင်ရန် ဖြစ်နိုင်ခြေ နည်းပါးလွန်းကြောင်း ပညာရှင်များက ယူဆကြသည်။ အမေရိကန် အစိုးရသည် မြောက်ကိုရီးယား ပြဿနာနှင့် ပတ်သက်၍ စစ်ရေးအရ အရေးယူ တုံ့ပြန်မှု အပါအဝင် ဖြစ်နိုင်ခြေ အားလုံးကို ထည့်သွင်း စဉ်းစားထားကြောင်း ယခင်ကတည်းက ပြောကြားခဲ့ဖူးသည်။
Source : http://ift.tt/2vhYT6C
via IFTTT

No comments:

Post a Comment