ဖုန်းနှင့် ဆက်စပ်ပစ္စည်းများဝယ်ယူမှုအပေါ် ကုန်သွယ်ခွန်ကောက်မည် လက်ရှိဘဏ္ဍာနှစ် အတွင်း ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ၏ ဝယ်ယူမှုများအတွက် အရောင်းပြေစာ ပေါ်တွင် တံဆိပ်ခေါင်း ကပ်၍ ကုန်သွယ်လုပ်ငန်းခွန်ကောက်ယူမည် ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။ ပြည်တွင်း အခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “ရောင်းရတဲ့ အကုန်လုံးပေါ်မှာ အပြည့်အ၀ အခွန်ရစေချင်လို့ အခွန်အမှတ်တံဆိပ် ကပ်ဖို့ ဖုန်းဆိုင် ပိုင်ရှင်တွေနဲ့ ညိုနိူင်းနေတာဖြစ်ပါတယ်။ ကုန်သွယ် လုပ်ငန်းခွန် ၅ ရာခိုင်နူန်းက အရင်ထဲက ရှိပြီးသားဖြစ်တယ်။ ဒီဘဏ္ဍာနှစ်ထဲမှာပဲ ကောက်သွား ဖို့ရှိတယ်။ တံဆိပ်ခေါင်းက ရှိပြီးသားဖြစ်တယ်’’ဟု ဧရာဝတီသို့ပြောသည်။ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၏ အခွန်တံဆိပ်ခေါင်းမှာ စားသောက်ဆိုင် လုပ်ငန်းများတွင် ကပ်သည့် အခွန်တံဆိပ်ခေါင်းနှင့် တူညီပြီး တံဆိပ်ခေါင်း မှာလည်း အဆင်သင့်ရိုက်နှိပ်ပြီးသား ဖြစ်ရာ ဖုန်းဆိုင်ပိုင်ရှင်များနှင့် ညိုနိူင်းပြီးပါက ယခုနှစ်အတွင်း လုပ်ဆောင်သွားရန် ရှိကြောင်း ၎င်းက ပြောသည်။ အဆိုပါပစ္စည်းများကို အခွန်ကောက်ခံရာတွင် တရားဝင်လိုင်စင် တင်ထားသော ဖုန်းဆိုင်များ၊ Show Room များမှ ဝယ်ယူသည့်အခါ အရောင်းပြေစာများပေါ်တွင် အခွန်တံဆိပ်ခေါင်းကပ် ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နူန်းကို ကပ်နှိပ်ပေးမည် ဖြစ်ပြီး အခွန်ကို ဝယ်ယူ သုံးစွဲသူများက ပေးသွင်းရမည်ဖြစ်ပြီး လမ်းဘေးတွင် ရောင်းချသည့်ဆိုင်များကို မည်သို့ အခွန်ကောက်ခံမည်၊ အရေးယူမည်ကို သိရှိရခြင်း မရှိပါ။ ဗိုလ်တထောင်မြို့နယ်တွင် ဖွင့်လှစ်ထားသော ဖုန်းဆိုင် တဆိုင်မှ မန်နေဂျာ ဦးသူရထွန်းက “အခွန်ကောက်ဖို့ အတွက် ကျနော်တို့က ဈေးဝယ်သူကို နားလည်အောင် ရှင်းပြရမယ့် အခက်အခဲတော့ နည်းနည်းရှိတယ်။ ဈေးတော့ နည်းနည်း တက်လာမှာပေါ့။ ဖုန်းဆိုတာတော့ လူအများဆုံးသုံးနေတဲ့ ပစ္စည်း ဖြစ်တယ်။ ကျနော်တို့ တရားဝင် လိုင်စင်တင်ပြီး ရောင်းရတာ ဖြစ်တဲ့အတွက် ကျနော်တို့ပဲကောက်မယ် ဆိုရင်တော့ နစ်နာတယ်။ ဥပဒေအရ တော့ အခွန်မဆောင်တဲ့ဆိုင်တွေ လမ်းဘေးဆိုင်တွေ ဆိုလည်း စည်ပင်ဥပဒေနဲ့ အရေးယူစေချင်တယ်။ ဒါမှ မျှတမှာပါ’’ဟု ဧရာဝတီသို့ ပြောသည်။ လက်ရှိဖုန်းဈေးကွက်တွင် Vvio နှင့် oppo ဖုန်းများမှာ အရောင်းသွက်နေပြီး တရားဝင်လိုင်စင်နှင့် ရောင်းချသည့် ဆိုင်များမှာ ကုမ္ပဏီသတ်မှတ်ဈေးတခုနှင့် ရောင်းချရသောကြောင့် ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံမည် ဆိုလျှင် ဝယ်ယူသူ (customer)ကို နားလည်အောင် အချိန်အတိုင်းအတာ တခုအထိရှင်းပြရန် လိုအပ်ကြောင်း ၎င်းကပြောသည်။ အခွန်များကောက်ခံခြင်းမှာ တိုင်းပြည်ဘဏ္ဍာအတွက် ရသင့်ရထိုက်သော အခွန်အခများကို အပြည့်အဝ ရစေချင်သောကြောင့်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။ ယင်းသို့ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံရာတွင် လိုက်နာဆောင်ရွက်ခြင်း မရှိသည့်ဆိုင်များကို ဒဏ်ကြေးအနေနှင့် ပထမအကြိမ်တွင် ကျပ် ၁ သိန်း၊ ဒုတိယအကြိမ်တွင် ကျပ် ၂ သိန်း၊ တတိယအကြိမ်တွင် ၇ သိန်း မှ ကျပ် ၁၀ သိန်းအထိ အစရှိသဖြင့် ဆိုင်ပိုင်ရှင်ကို တရားစွဲဆို အရေးယူနိုင်သည်အထိ ဥပဒေပြဌာန်းထားသည်။ ပြေစာများပေါ်တွင် ကပ်နှိပ်သည့် အခွန်အမှတ်တံဆိပ် အမျိုးအစား ၇ မျိုုးရှိပြီး ကျသင့်အခွန်အလိုက် ကပ်ရမည့် အခွန် အမှတ်တံဆိပ်များမှာ ၅၀ ကျပ်၊ ၁၀၀ ကျပ်၊ ၂၀၀ ကျပ်၊ ၅၀၀ ကျပ်၊ ၁၀၀၀ ကျပ်၊ ၅၀၀၀ ကျပ်နှင့် ၁၀၀၀၀ ကျပ်တို့ ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ သိရသည်။ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၏ သြဂုတ်လအထိ ပြည်တွင်းမှ အခွန်ဘဏ္ဍာရရှိမှုမှာ ငွေကျပ် ဘီလီယံ ၁၀၀၀ ကျော် ရရှိထားကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရသည်။ ကုန်သွယ်လုပ်ငန်းခွန်ကောက်ခံနေသော ရွှေထည် လက်ဝတ်လက်စားအခွန်နှင့် စားသောက်ဆိုင် လုပ်ငန်းအခွန်များကို စစ်ဆေးနေပြီး အကယ်၍ တံဆိပ်ခေါင်းကပ်ပေးခြင်း မရှိလျှင် စားသုံးသူ ပြည်သူမှ သတင်းပေးတိုင်ကြားနိုင်သည်။ စားသောက်ဆိုင်များ ကုန်သွယ် လုပ်ငန်းခွန် အခွန်တံဆိပ်ခေါင်းကပ်ယူခြင်း မရှိသည်ကို အရေးယူမှုများ ရှိသော်လည်း လက်ဝတ်ရတနာ အရောင်းဆိုင်များမှ အခွန်တံဆိပ်ခေါင်း ကပ်ခြင်း မရှိသည့်အပေါ် လက်ရှိအထိ အရေးယူခြင်း မရှိသေးကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာနမှ သိရသည်။ The post ဖုန်းနှင့် ဆက်စပ်ပစ္စည်းများဝယ်ယူမှုအပေါ် ကုန်သွယ်ခွန်ကောက်မည် appeared first on ဧရာဝတီ.
Source : http://ift.tt/2wVBHZR
via IFTTT
No comments:
Post a Comment