Monday, August 21, 2017


ရန်ကုန် လှိုင်မြို့နယ် အားကစားကွင်းကို ပြန်ပေးရန်မရှိဟု တပ်မတော်ငြင်းဆို ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရှိ ၁၃ ဧကကျယ်သော မြို့နယ်အားကစားကွင်းနှင့် အားကစားရုံကို အများပြည်သူထံ ပြန်လည်လွှဲပြောင်းပေးအပ်ရန် အစီအစဉ်မရှိကြောင်း ယခင်အပတ်က လွှတ်တော်မေးခွန်းများ ဖြေကြားရာတွင် တပ်မတော်က ပြောသည်။ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ထိုအားကစားကွင်းနှင့် အားကစားရုံကို လှိုင်မြို့နယ်နေ ပြည်သူများ အသုံးပြုခွင့်ရရှိရေး ပြန်လည်ပေးအပ်ရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့သည်။ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် မြင့်နွယ်က ယခင်ဆောက်လုပ်ရေးဝန်ကြီးဌာနသည် ထိုမြို့နယ် အားကစားရုံအပါအဝင် မြေ ၁၃.၇၅၄ ဧကကို ကာကွယ်ရေးဝန်ကြီးဌာနသို့ ၁၉၉၁ ခုနှစ် ဇူလိုင်လ ၃၀ ရက်နေ့က လွှဲပြောင်းပေးအပ်ခဲ့ပြီးဖြစ်ကြောင်း ပြောသည်။ “အားကစားရုံသည် ရန်ကုန်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း တပ်ဖွဲ့များအနေဖြင့် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲကျင်းပရေးအတွက် တခုတည်းသော မိုးလုံလေလုံ အားကစားကွင်းနေရာအဖြစ် အသုံးပြုလျက်ရှိခြင်းကြောင့် ပြန်လည်ပေးနိုင်ခြင်းမရှိပါကြောင်း” ဟု ပြန်လည်ဖြေကြားခဲ့သည်။ လက်ရှိတွင် ထိုအားကစားရုံတွင် တပ်မတော်နှင့် ဒေသတွင်းမှ လူငယ်များအား နိုင်ငံတော်အတွက် ထူးချွန်သော အားကစားသမားများ ထွက်ပေါ်လာစေရန် ရည်ရွယ်ပြီး လေ့ကျင့်ဆောင်ရွက်လျက် ရှိကြောင်းလည်း ကာကွယ်ရေးဒုဝန်ကြီးက ဆိုသည်။ (ယခင်) အားကစားဝန်ကြီးဌာနလက်အောက်ရှိ အားကစားနှင့် ကာယပညာဦးစီးဌာနသည် မြန်မာနိုင်ငံတွင် ၅ ကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲများကို အိမ်ရှင်အဖြစ် ကျင်းပပေးခဲ့သော ၁၉၆၉ ခုနှစ်တွင် ထိုအားကစားကွင်းနှင့် အားကစားရုံကို မြို့နေပြည်သူများအတွက် ဆောက်လုပ်ပေးခဲ့သည်။ ထိုအားကစားရုံတွင် ရပ်ကွက်အလိုက် ဘောလုံးပွဲများ၊ မြို့နယ်အလိုက် ဘောလုံးပွဲများနှင့် ကျောင်းပေါင်းစုံ ဘောလုံးပွဲများ ကျင်းပခဲ့သည်။ ထို့အပြင် အားကစားရုံနှင့် အားကစားကွင်းနေရာတွင် အခြား အားကစားပြိုင်ပွဲများနှင့် နှစ်စဉ်ပွဲတော်များလည်း ကျင်းပခဲ့သည်။ ထိုအားကစားကွင်းမှ လက်ရွှေးစင်ဘောလုံးသမား ၇ ဦးနှင့် အလေးမ အားကစားသမား တဦးကို မွေးထုတ်ပေးနိုင်ခဲ့သည်ဟု အထက်ပါ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံလှုပ်ရှားမှုအတွင်း တပ်မတော်က ထိုနေရာတွင် လုံခြုံရေးယူအပြီး ထိန်းသိမ်းခဲ့သည်ဟု အထက်ပါ လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ ထိုနောက် အားကစားကွင်းကို ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းသို့ ငှားရမ်းခဲ့သည်ဟုလည်း ပြောသည်။ “လှိုင်မြို့နယ်အတွက် အားကစားရုံတခုက မဖြစ်မနေ လိုအပ်တယ်။ ဒီတော့ မြို့နယ်ထဲက တပ်မတော်က သိမ်းပိုက်ထားပြီး အသုံးမပြုဘဲ ထားထားတဲ့ဲ့မြေတွေထဲကနေ အားကစားရုံ ပြန်လည်ဆောက်ဖို့ တပ်မတော်က အစားပြန်ပေးဖို့ ရှိပါသလား” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဆက်စပ်မေးခွန်းအဖြစ် မေးမြန်းခဲ့သည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မြေလိုအပ်မှုအပေါ် မူတည်၍ တပ်မတော်ကို တောင်းခံလာပါက ထိုကိစ္စအား စဉ်းစားမည်ဟု ကာကွယ်ရေးဒုဝန်ကြီးက ပြန်လည်ဖြေကြားသည်။ ရန်ကုန်ရှိမြို့နယ် ၄၅ ခုတွင် မြို့နယ်အားကစားရုံရှိသော မြို့နယ် ၁၃ ခုသာရှိသည်။ မြို့နယ်အားကစားကွင်းအတွက် မြေတောင်းခံပေးရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ဆက်လက် တောင်းဆိုမည်ဟု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ဧရာဝတီသတင်းဌာနသို့ ပြောသည်။ “တပ်မတော်က ဒီအားကစားရုံကို ပြန်မပေးတာ အံ့ဩစရာမရှိပါဘူး။ မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် ကျနော်တို့မြို့နယ်ထဲမှာ သူတို့ပိုင်ပြီး မသုံးဘဲထားတဲ့မြေတွေ အများကြီးရှိတယ်။” The post ရန်ကုန် လှိုင်မြို့နယ် အားကစားကွင်းကို ပြန်ပေးရန်မရှိဟု တပ်မတော်ငြင်းဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2wnBBNH
via IFTTT

No comments:

Post a Comment