မလေးရှားတွင် မြန်မာအားကစားအဖွဲ့ လိုက်ပါလာသည့်ယာဉ် မတော်တဆမှုဖြစ် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပနေသည့် ၂၉ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် Squash အားကစားနည်း ဝင်ရောက် ယှဉ်ပြိုင်နေသော မြန်မာ ကစားသမား ၁၀ ဦးလိုက်ပါလာသော ယာဉ်တစီး ယနေ့ သြဂုတ်လ ၂၁ ရက်နေ့ မနက်ပိုင်းတွင် မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ Squash အားကစားနည်း ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် မြန်မာ ကစားသမား ၁၀ ဦး၊ ထိုင်းကစားသမား ၁၃ ဦးနှင့် ဖိလစ်ပိုင် ကစားသမား ၅ ဦးစီးနင်းလိုက်ပါလာသည့် ယာဉ်သည် အခြားယာဉ်တစီးကို ဝင်တိုက်မိခဲ့ပြီး ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ကစားသမားများ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်ဟုဆိုသည်။ အားကစားနှင့် ကာယပညာ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးဌေးအောင် က “ထိခိုက်ဒဏ်ရာ ရရှိတာမှန်ပေမယ့် ကြီးကြီးမားမား ဖြစ်တာတော့ မရှိပါဘူး။ ဒါပေမယ့် ကစားသမားတွေရဲ့ စိတ်ကိုတော့ ထိခိုက်တာပေါ့” ဟုဧရာဝတီသို့ ပြောသည်။ မြန်မာ၊ ထိုင်းနှင့် ဖိလစ်ပိုင် အားကစားသမားများ လိုက်ပါလာသည့် ကားသည် ဘူခက်ဂျာလီ အမျိုးသား အားကစားရုံသို့ အသွားတွင် ယင်းသို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိုဖြစ်ရပ်ကြောင့် မြန်မာ Squash အားကစားအဖွဲ့ အနေဖြင့် ဆက်လက်ယှဉ်ပြိုင် တော့မည်မဟုတ်ကြောင်း သတင်းများထွက်ပေါ်နေသော်လည်း အပြီးသတ်အတည်ပြုချက် မရှိသေးကြောင်း ဦးဌေးအောင် က ပြောသည်။ အိမ်ရှင်အဖြစ် ဆောင်ရွက်နေသည့် မလေးရှားနိုင်ငံ အနေဖြင့် ဆီးဂိမ်း ပြိုင်ပွဲဝင် နိုင်ငံများအပေါ် အနှောက် အယှက် ဖြစ်စေသော ကိစ္စရပ်အချို့ ရှိခဲ့ပြီး မလေးရှား အသင်းကို ၅-၀ နှင့် အနိုင်ရရှိခဲ့သော မြန်မာအမျိုးသမီး လက်ရွေးစင် အသင်းကို ပွဲအပြီးတွင် ဖယ်ရီကား မောင်းပေးမည့် ဒရိုင်ဘာ မရှိ၍ ကစားသမားများ ဟိုတယ်သို့ သန်းခေါင်ယံ အချိန်ရောက်မှ ပြန်ရောက်ရှိခဲ့ ကြောင်း သိရသည်။ ထိုဖြစ်ရပ်တွင်လည်း မလေးရှား အနေဖြင့် မြန်မာ အသင်းအပေါ် တမင်ရည်ရွယ်လုပ်ဆောင်ခဲ့သည်ဟု မြန်မာ ပရိတ်သတ်များက ဝေဖန်ခဲ့ကြသေးသည်။ ထိုဖြစ်ရပ်နှင့် ပတ်သက်ပြီး မလေးရှား ဘက်က မြန်မာအသင်းဘက်ကို တောင်းပန်ခဲ့ကြောင်း သိရသည်။ မလေးရှား ဆီးဂိမ်းပြိုင်ပွဲသို့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းများနှင့် အတူ လိုက်ပါသွားသည့် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုး က “ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး မလေးရှားအနေနဲ့ ရည်ရွယ်ချက် ရှိရှိ လုပ်ခဲ့တယ်လို့ ကျနော်တို့လည်း မမြင်ချင်ပါဘူး။ နောက်ပိုင်း သူတို့ဘက်ကတော့ ပြန်တောင်းပန်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။ ထိုဖြစ်ရပ်တွင် ဖယ်ရီကားမောင်းသူမှာ လက်ပတ်နာရီခိုးမှုဖြင့် မသင်္ကာ၍ ရဲက ဖမ်းဆီးထားခြင်းကြောင့် ယာဉ်မောင်း အနေဖြင့် ဖယ်ရီကားထံ ရောက်မလာနိုင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ဒရိုင်ဘာမှာလည်း ယာဉ်မောင်းလိုင်စင် မရှိကြောင်းသိရသည်။ အလားတူ ဆီးဂိမ်း ဖွင့်ပွဲအခမ်းအနားတွင် ဝေငှခဲ့သော တရားဝင် လက်ကမ်းစာစောင်တွင် အင်ဒိုနီးရှားနိုင်ငံ၏ အလံကို အပေါ်အောက် ပြောင်းပြန် မှားယွင်းစွာ ပုံနှိပ်မိသဖြင့် အင်ဒို ပရိတ်သတ်များ၏ ဝေဖန်မှုကို ခံခဲ့ရပြီးနောက် မလေးရှားဘက်မှ ပြန်လည် တောင်းပန်ခဲ့ရသေးသည်။ The post မလေးရှားတွင် မြန်မာအားကစားအဖွဲ့ လိုက်ပါလာသည့်ယာဉ် မတော်တဆမှုဖြစ် appeared first on ဧရာဝတီ.
Source : http://ift.tt/2vgCJxt
via IFTTT
No comments:
Post a Comment