“တရားဥပဒေ ဆိုတာ ဘာလဲ”ဟု လွှတ်တော် ဥက္ကဋ္ဌ မေးခွန်းထုတ်ရသည့် မြေသိမ်းယာသိမ်း ပြဿနာ တနိုင်ငံလုံးရှိ မြေသိမ်းယာသိမ်း ပြဿနာများနှင့် ပတ်သက်၍ ဖြေရှင်းရာတွင် တရားရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေး မဏ္ဍိုင် ဖြစ်သည့် ပြည်ထဲရေး ဝန်ကြီးဌာနတို့ အပြန်အလှန် လွှဲချနေ၍ “တရား ဥပဒေဆိုတာ ဘာလဲ”ဟု သြဂုတ်လ ၂၃ ရက် နေ့ က ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က မေးခွန်း ထုတ်လိုက်သည်။ မှော်ဘီမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု နှင့် ပတ်သက်ပြီး ပြန်လည် စိစစ်ရေး ကော်မတီ အဆင့်အဆင့်မှ စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း မူလသိမ်းပိုက် သူများမှ သိမ်းပိုက်ခံရသည့် လယ်သမားများအား တရားရုံးများတွင် တရားစွဲဆိုနေခြင်းများကို ရပ်ဆိုင်းထားနိုင်ရေး တိုက်တွန်းချက်နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။ “ဒါတွေ ရပ်ဆိုင်းပေးပါဆိုတော့ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေး ဗဟိုကော်မတီက ညွှန်ကြားမှ လုပ်ပေးနိုင်မယ်လို့ တရားရုံးက ပြောတယ်။ ဒါပေမယ့် လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေး ဗဟို ကော်မတီကလည်း အခုဖြေတဲ့ အခါကျတော့ တရားရုံးမှာ ရင်ဆိုင်ကြပါလို့ ပြောတယ်”ဟု ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောသည်။ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေး ဗဟို ကော်မတီကိုယ်စား ပြည်ထဲရေး ဒု ဝန်ကြီး ဗိုလ်ချုပ် အောင်စိုးက လွှတ်တော်တွင် ဖြေကြားခဲ့ခြင်း ဖြစ်သည်။ “ဒီလိုအမှုမျိုးကို စွဲတာသည် စွဲတဲ့ အင်္ဂါရပ်နဲ့ ညီလား၊ မညီဘူးလား။ တရားရုံးက အလေးအနက် သတိထားရမယ်။ အင်္ဂါရပ်နဲ့ ညီရင်တော့ ဟုတ်တာပေါ့။ အခုအင်္ဂါရပ်နဲ့ မညီတဲ့ ကိစ္စမျိုးဆိုရင် တရားရုံးအနေနဲ့ ဒါကို ဆက်စွဲခွင့်ပြုမယ် ဆိုရင် အသိမ်းလည်း ခံရတယ်။ အသိမ်းခံရတဲ့ လူက စားစရာ မရှိဘူး။ သိမ်းတဲ့လူက ထားစရာ နေရာမရှိဘူး”ဟု ဦးဝင်းမြင့်က ထောက်ပြသည်။ နိုင်ငံတဝန်း ဆောင်ရွက်နေသည့် မြေသိမ်းပိုက်ခံရမှုများကို လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ကော်မတီက အဆင့်ဆင့် ပြန်လည် စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း ယင်းကော်မတီက အပြီးသတ်အမိန့် မချမှတ် မီ တရားရုံးများက တရားစွဲဆိုခြင်း မပြုလုပ်ရန်နှင့် တရားစွဲဆိုခြင်း အမှုကိစ္စများ ဆိုင်းငံံ့ပေးထားရန် ကိစ္စမှာ မဖြစ်နိုင် ကြောင်း၊ သက်ဆိုင်ရာမှ တရား ဥပဒေနှင့်အညီ ဆိုင်းငံ့မိန့် ထုတ်ပေးရန် လိုကြောင်း ပြည်ထောင်စု တရားလွှတ်တော် တရားသူကြီး ဦးမြင့်အောင်က ပြောသည်။ “တရားရုံးများမှာ ဥပဒေတရပ်ရပ်အရ တားမြစ် ပိတ်ပင်ထားတဲ့ ကိစ္စရပ်တွေမှအပ တည်ဆဲဥပဒေနှင့်အညီ တရားစွဲဆို နိုင်ပါတယ်။ တရားရုံးများက စွဲဆိုထားတဲ့ အမှုများကို တရားစွဲတင်လာရင် ရာဇဝတ် ကျင့်ထုံးဥပဒေပုဒ်မ ၁၉၀ (၁-က၊ခ၊ဂ) နဲ့ ပုဒ်မ ၂၀၀ တို့အရ လက်ခံစစ်ဆေးရပါတယ်”ဟုလည်း ဦးမြင့်အောင်က ပြောဆိုသည်။ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်ချုပ် အောင်စိုးကလည်း စဉ်းစားဆုံးဖြတ်ရန် ခက်ခဲသော အမှုအခင်းများနှင့် ပတ်သက်သည့် စွန့်လွတ်မြေများ၊ သိမ်းဆည်းမြေများနှင့် ပတ်သက်ပြီး ဗဟိုကော်မတီက လမ်းညွှန်ချက် ၆ ချက်ကို ချမှတ် ပေးထား ကြောင်း၊ လက်ရှိ သိမ်းဆည်း ခံနေရသော မြေများသည် သိမ်းဆည်းစဉ် ကာလက အစိုးရ၏ ဆုံးဖြတ်ချက်၊ သက်ဆိုင် ရာ ဌာန၊ အဖွဲ့အစည်းများမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော်တွင် ပြောသည်။ “လက်ရှိကာလအထိ ဌာန အဖွဲ့အစည်းပိုင် မြေအဖြစ် သတ်မှတ်ထားလျက် ရှိပါတယ်။ ကျူးကျော် ဝင်ရောက်သူများ ကို တရားစွဲဆိုရတဲ့ အခြေအနေ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် အောင်စိုးက ပြောသည်။ ပြည်သူများသည် ဥပဒေမဲ့ အသိမ်းခံရခြင်း ဖြစ်ကြောင်း၊ သိမ်းလိုက်သူများက ပိုက်ဆံရှိသူ လုပ်ငန်းရှင်များ ဖြစ် ကြောင်း၊ ၄င်တို့နှင့် ဖက်ပြိုင်၍ တရား ရင်ဆိုင်ခိုင်းသည့်အခါ တရားမျှတမှု ရှိနိုင်၊ မရှိနိုင်ကို စဉ်းစားစေချင်ကြောင်း၊ ထို့ကြောင့် ယခုကိစ္စကို ပြည်ထောင်စု တရား လွှတ်တော်ချုပ်နှင့် သက်ဆိုင်ရာ စိစစ်ရေး ဗဟိုကော်မတီတို့က ပြန်လည် သုံးသပ်စေလိုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ က ပြောဆိုသည်။ “အဲဒီ နှစ်ခုယှဉ်ပြီး တရားရုံးမှာ ဖြေရှင်းရမယ်ဆိုရင် တရားဥပဒေဆိုတဲ့ ရည်ရွယ်ချက်၊ မှန်ကန်မျှတတဲ့ စည်းမျဉ်း စည်းကမ်းက ဘယ်ပျောက်သွားမလဲ။ ပြီးရင် အဲဒီတရားရုံးက ထားစရာ မရှိတဲ့လူနဲ့ စားစရာမရှိတဲ့လူ ဘယ်သူ့နောက် ပါသွားမလဲ။ ကျနော်တို့က ကိုယ်ချင်းစာ တရားထားဖို့တော့ ကောင်းတယ်။ သူများကို ငါ ဒီလိုလုပ်မယ်ဆိုရင်ရင် ငါ့ကို အဲဒီလိုလုပ်ရင် ခံနိုင်လားဆိုတာ အရင်ဆုံး စဉ်းစားရမယ်။ အဲဒါ ကိုယ်ချင်းစာတရားပဲ။ ဥပဒေနဲ့ အညီပဲ ဆောင်ရွက် စေချင် တယ်။ ခုနဘယ်ဘက်ကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ဖြေချလိုက်လဲ”ဟု ဦးဝင်းမြင့်က မေးခွန်း ထုတ် သည်။ အစိုးရ၊ ဗဟိုကော်မတီ အနေဖြင့် မြေသိမ်းဆည်းမှုများနှင့် စပ်လျဉ်း၍ မူဝါဒ ၅ ရပ်၊ တပ်မြေ သိမ်းဆည်းမှုများနှင့် ပတ်သက်၍ မူဝါဒ ၃ ရပ်၊ စွန့်လွှတ်မြေများ သက်ဆိုင်သူလက်သို့ အမြန်ရောက်ရှိရေး လုပ်ငန်းစဉ် ၈ ရပ်၊ သိမ်းဆည်း မြေများနှင့် စပ်လျဉ်း၍စိစစ်ရန် အချက် ၆ ချက်၊ စွန့်လွှတ်မြေများနှင့် ပတ်သက်၍ စိစစ်ရမည့်အချက် ၇ ချက်၊ စွန့်လွှတ် သည့် သိမ်းဆည်းမြေများနှင့် ပတ်သက်၍ စိစစ်ရမည့် အချက် ၆ ချက်၊ ကော်မတီ အဆင့်ဆင့်မှ အလေးထား ဆောင် ရွက် ရန် အချက် ၁၅ ချက် စုစုပေါင်း မူဝါဒ ၄၉ ချက်ကို အကောင်အထည် ဖော်နေကြောင်းလည်း ပြည်ထဲရေးက ပြော သည်။ “တရားဥပဒေဆိုတာ ဘာလဲ။ တရားဆိုတာ မှန်ကန်ခြင်း၊ မျှတခြင်း၊ ဥပဒေ ဆိုတာ စည်းမျဉ်းစည်းကမ်း။ တရားဥပဒေ ဆိုတာ မှန်ကန် မျှတတဲ့ စည်းမျဉ်း၊ စည်းကမ်း။ တရားဥပဒေက မှန်ကန် မျှတတဲ့ စည်းမျဉ်း စည်းကမ်း ဖြစ်တဲ့ အခါ ကျတော့ ဥပဒေမဲ့လည်း အသိမ်းခံရတယ်။ ခုနက ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဖြေသွားတဲ့ အထဲမှာရော အခုန က မေးခွန်းရှင်ရဲ့ မေးခွန်းမှာရော သိမ်းတာခံရတယ်”ဟု ဦးဝင်းမြင့်က ပြောသည်။ “ဒီဟာက အမွေမှု မဟုတ်ဘူး၊ ဒါက ရောင်းမှားဝယ်မှား မဟုတ်ဘူး။ ဒါက မေတ္တာနဲ့ ပေးကမ်းခြင်း စွန့်လွှတ်ခြင်း မဟုတ် ဘူး။ ရောင်းမှား ဝယ်မှားဖြစ်လို့ ပေးကမ်းလို့ အမွေမှုဖြစ်လို့ တရားရုံးမှာ ရင်ဆိုင်ကြပါဆိုတာက မှန်တယ်”ဟု ၎င်းက ဆက်ပြောသည်။ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်ကမူ သိမ်းဆည်းခံ လယ်သမားများကို တည်ဆဲဥပဒေ အရ တရား စွဲဆိုခြင်းမှာ လျော်ကန်မှု ရှိ၊ မရှိ မေးမြန်းချက်နှင့် အမှုကိစ္စတခုကို အဖွဲ့အစည်း ၂ ခုဖြစ်တဲ့ လယ်ယာမြေ နှင့် အခြားမြေများ ပြန်လည် စိစစ်ရေး ကော်မတီ အဆင့်ဆင့်နှင့် တရားရေးဌာနတို့က တပြိုင်တည်း စစ်ဆေး ဆောင်ရွက်နေ ခြင်း တို့မှာ လျော်ကန်မှု ရှိ/မရှိ မေးမြန်းချက်တို့သည် ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၄၀ (ဂ) အရ တရား လွှတ်တော်ချုပ်မှ ထင်မြင်ချက် ပေးနိုင်မည် မဟုတ်ပါကြောင်း လွှတ်တော်သို့ ပြောဆိုခဲ့သည်။ The post “တရားဥပဒေ ဆိုတာ ဘာလဲ”ဟု လွှတ်တော် ဥက္ကဋ္ဌ မေးခွန်းထုတ်ရသည့် မြေသိမ်းယာသိမ်း ပြဿနာ appeared first on ဧရာဝတီ.
Source : http://ift.tt/2v7jyuW
via IFTTT
No comments:
Post a Comment