Thursday, August 24, 2017


တတိယပင်လုံ ညီလာခံ မတိုင်မီ NCA ထိုးနိုင်ရန် မွန်ပြည်သစ် ကြိုးပမ်းမည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် (NCA) အား လက်မှတ် ရေးထိုး၊ မထိုးနှင့် ပတ်သက်၍ ယတိပြတ် ဆုံးဖြတ်ချက်ချရန် ၃ လခန့် အချိန်ယူသွားမည် ဖြစ်ပြီး လာမည့် ၂၁ ရာစု ပင်လုံ ညီလာခံ တတိယအကြိမ် အစည်းအဝေး မတိုင်မီ ရေးထိုးနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများနှင့် မွန်ပြည်နယ် အစိုးရအဖွဲ့ တာဝန်ရှိသူများ တွေ့ဆုံပွဲအပြီး၌ နှစ်ဖက်တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားခဲ့သည်။ “NCA ကျတော့ ကျနော်တို့ အမြဲ ပြောခဲ့ပါတယ်၊ ထိုးမယ် ထိုးမယ်လို့ ပြောခဲ့တယ်၊ အခုလည်းပဲ ကျနော်တို့ ၂၁ ရာစု ပင်လုံ ညီလာခံ တတိယအကြိမ် အစည်းအဝေးမှာ ပါဝင်နိုင်အောင် ဒီကြားထဲမှာ ထိုးနိုင်အောင် ကြိုးစားနေတယ်” ဟု မွန်ပြည် နယ် အစိုးရအဖွဲ့နှင့် သြဂုတ်လ ၂၃ ရက်နေ့ တွေ့ဆုံပွဲအပြီးတွင် မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဝင်းလှ က မီဒီယာများအား ပြောကြားခဲ့သည်။ NCA လမ်းကြောင်းအတိုင်း သွားရန် မွန်ပြည်သစ်ပါတီက ဆုံးဖြတ်ထားကာ ထပ်မံ၍လည်း ၃ လခန့် အချိန်ပေးရန် သြဂုတ် ၂၃ ရက် တွေ့ဆုံပွဲ၌ မွန်ပြည်သစ် ပါတီ တာဝန်ရှိသူများက တင်ပြခဲ့ကြောင်း ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် မွန်ပြည် နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။ “NCA မှာ လက်မှတ်ထိုးဖို့ သူတို့ကို အချိန် ၃ လလောက် ပေးဖို့အတွက် သူတို့ မေတ္တာရပ်ခံခဲ့တယ်၊ နောက်ပြီးတော့ UNFC မှာ ကျန်ခဲ့တဲ့ အဖွဲ့တွေလည်း ပါဝင်လာနိုင်အောင် သူတို့က စည်းရုံးရေး ဆင်းနေတယ်၊ ကျန်တဲ့အဖွဲ့တွေ ဘယ်လို သဘော ထားရှိသည် ဖြစ်စေ ၊ မရှိသည် ဖြစ်စေ နောက် ၃ လ ကျရင် ဆုံးဖြတ်ချက် သဘောထား တခုခုကို ချမှတ်ပေးမယ်လို့ ကျနော်တို့ကို ပြောပါတယ်” ဟု ၎င်းက ပြောသည်။ ထို့ပြင် မွန်ပြည်သစ်ပါတီက ကျောင်းချိန်တွင်း မွန်စာပေသင်ကြားရေးကိစ္စနှင့် ၎င်းတို့၏ မော်လမြိုင်ခရိုင် တဝိုက် အစိုးရ တပ်များ ဝင်ရောက်နေမှု ကိစ္စများအား တင်ပြခဲ့သော်လည်း ၎င်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်တို့နှင့် တိုက်ရိုက် ဆက်စပ်မှု ရှိနေသည့် ကိစ္စများ ဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။ UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ကိုမင်းဇေယျာဦးကလည်း “အောက်တိုဘာ ၁၅ ရက် က NCA နှစ်ပတ်လည်နေ့ ရှိတယ်၊ အဲဒီ နှစ်ပတ်လည်နေ့မှာ ထိုးမယ်ဆိုပြီး စဉ်းစားချက် ရှိသလားပေါ့။ သူတို့ ပြောနေတဲ့ ပုံစံအရ အဲဒါကို နည်းနည်း ညွှန်းနေ သလားလို့ ၊ ပထမတော့ DOC မူဘောင် ၉ ချက် လက်မှတ်ထိုးပြီးတော့ အောက်တိုဘာ ၁၅ မှာ NCA ထိုး၊ ပြီးရင် ညီလာခံ ဆက်တက်၊ အဲဒီလို လျာထားတဲ့သဘော ဖြစ်နေသလားလို့ပေါ့” ဟု ၎င်း၏ အမြင်ကို သုံးသပ် ပြောဆိုခဲ့သည်။ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် UNFC တွင် ကျန်ရှိနေသည့် ရခိုင်အမျိုးသား ကောင်စီ (ANC), ဒီမိုကရက်တစ် ယူနီယံ (LDU) , ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ(KNPP) တို့နှင့်အတူ NCA အား လက်မှတ်ရေးထိုးနိုင်ရန် ကြိုးပမ်းနေကြောင်း ၂၀၁၇ ခုနှစ် မေလ အတွင်းက မီဒီယာများအား ပြောကြားထားခဲ့သည်။ NCA လက်မှတ် မရေးထိုးမီ အာမခံချက်ရှိရန် မူဘောင် DOC ၉ ချက်ကို ညှိနှိုင်းရာတွင်လည်း ၄ ချက်ကို သဘောတူညီ ချက် ရထားပြီး ကျန် ၅ ချက်အား ဆက်လက် ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။ NCA စာချုပ် ပြုစုခဲ့ရာတွင် တပ်မတော်ဘက်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ လိုအပ်ချက်များကို ပိုမို ဇောင်းပေးထားပြီး ယင်းစာချုပ် ပြုစုခဲ့စဉ်၌ မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များ ကိုယ်တိုင် ပါဝင်ခဲ့သဖြင့်လည်း သီးခြား ညှိနှိုင်းစရာ မလိုဘဲ ရေးထိုးရန် အမြဲ တံခါးဖွင့် ကြိုဆိုကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ဝင်းနိုင်ဦးက ဆိုသည်။ လက်ရှိတွင် မွန်ပြည်သစ်ပါတီသည် NCA မရေးထိုးရသေးသဖြင့် ဒေသဖွံ့ဖြိုးရေးနှင့် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များ ပူးပေါင်း ဆောင်ရွက်ရာ၌ အားနည်းချက် များစွာရှိကြောင်း ၎င်းက သုံးသပ် ပြောကြားသည်။ ယနေ့ ပြုလုပ်ခဲ့သည့် မွန်ပြည်နယ် အစိုးရအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ တာဝန်ရှိသူများ၏ တွေ့ဆုံမှုသည် တတိယအကြိမ် ဖြစ်ကာ ဝန်ကြီးချုပ် ဦးမင်းမင်းဦး လက်ထက်၌ တကြိမ်၊ ဝန်ကြီးချုပ် ဒေါက်တာအေးဇံ နှင့် နှစ်ကြိမ် တွေ့ဆုံခဲ့ပြီး ဆက်လက် ၍လည်း လစဉ် နှစ်ဖက် တွေ့ဆုံကြရန် သဘောတူခဲ့ကြသည်။ တွေ့ဆုံပွဲသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်၍ မွန်ပြည်နယ် အစိုးအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ် ဥပဒေချုပ် ဒေါ်အေး အေးမိုးတို့ တက်ရောက်ခဲ့ကြပြီး မွန်ပြည်သစ်ပါတီဘက်မှ တွဲဖက်အတွင်းရေးမှူး နိုင်ဂျော်ယဲ့ ဦးဆောင်၍ ဗဟိုအလုပ် အမှု ဆောင် ကော်မတီနှင့် ဗဟိုကော်မီတီ ၁၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။ The post တတိယပင်လုံ ညီလာခံ မတိုင်မီ NCA ထိုးနိုင်ရန် မွန်ပြည်သစ် ကြိုးပမ်းမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2w5j8Ct
via IFTTT

No comments:

Post a Comment