Friday, August 4, 2017

အမျိုးသားရေးအမည်ခံများ သပိတ်မှောက်မှု ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟု ပြည်ထဲရေး ဒုဝန်ကြီးေ

အမျိုးသားရေးအမည်ခံများ သပိတ်မှောက်မှု ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟု ပြည်ထဲရေး ဒုဝန်ကြီးပြော ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ နုတ်ထွက်ပေးရန် သပိတ်မှောက် တောင်းဆို နေသည့် အမျိုးသားရေး အမည်ခံ လှုပ်ရှားသူ ရဟန်း သံဃာနှင့် လူတချို့တို့၏ ဆန္ဒပြမှုကို အကြမ်းမဖက်ဘဲ တရား ဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဖြေရှင်းမည် ဖြစ်ကြောင်း ပြည်ထဲရေး ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ယနေ့ နေ့လယ်ပိုင်းက နေပြည်တော်တွင် သတင်းထောက်များကို ပြောသည်။ ဗိုလ်ချုပ်အောင်စိုးက“သာသနာရေးဝန်ကြီး ဌာနကနေပြီးတော့ သက်ဆိုင်ရာ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာန အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ လိုအပ်တဲ့ ညှိနှိုင်း ဖြေရှင်းမှုတွေ ဆောင်ရွက်လျက် ရှိပါတယ်။ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကလည်း လိုအပ်တဲ့ အစည်းအဝေးတွေ ပြုလုပ်ပြီးတော့ ဥပဒေမှာ ပြဌာန်းထားတဲ့ လုပ်ထုံးလုပ်နည်းများနဲ့အညီ ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းဆောင်ရွက်ဖို့ ကြိုးစားလျက် ရှိပါတယ်”ဟု ပြောသည်။ ပြည်ထဲရေး ဝန်ကြီးဌာန၏ အရေးယူဆောင်ရွက်မှုနှင့် ပတ်သက်၍ သက်ဆိုင်ရာ သံဃာ့ မဟာနာယက အဖွဲ့အစည်းများ၏ ထုတ်ပြန်ချက်၊ သက်ဆိုင်ရာ အစိုးရအဖွဲ့များ၏ ဆောင်ရွက်ချက် အပေါ်မှာတွင် မူတည်ကြောင်း၊ သာသနာရေးပိုင်းက အုပ်ချုပ်ရေး လမ်းကြောင်း အတိုင်း ဆောင်ရွက်ရန် ညွှန်ကြားလာပါက သက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ အဆင့်ဆင့် ဖြေရှင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ အစိုးရကို ဆန့်ကျင်ရှုတ်ချရေးအဖြစ် အမျိုးသားရေးလှုပ်ရှားသူ အမည်ခံ သံဃာတော်အချို့ ဦးဆောင်ကာ ရန်ကုန်မြို့၊ ရွှေတိဂုံ ဘုရား အရှေ့ဘက်မုဒ်ရှိ ကြေးသွန်းဘုရားကြီး ဝင်ပေါက်နှင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိ ဘုရားကြီး အနောက်ဘက်မုဒ်ရှိ သာသနာ ၂၅၀၀ ဗိမ္မာန်အတွင်းတို့တွင် သပိတ်မှောက်မှုများ သြဂုတ်လ ၂ ရက်နေ့ ညနေပိုင်းက စတင်၍ တပြိုင်နက် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။ မန္တလေးသပိတ်စခန်းတွင် ပါဝင်သူ ဆရာတော် ဦးအဂ္ဂက “ဒီသပိတ်စခန်းတွေက ဦးဇင်းတို့ရဲ့ တောင်းဆိုချက်တွေ ရရ၊ မရရ လုပ်သွားမယ့် စခန်းတွေ ဖြစ်တယ်။ နေ့၊ ည အလှည့်နဲ့ လုပ်သွားမှာ ဖြစ်တယ်။ ရှေရှည် လုပ်သွားမယ့် စခန်းကြီး ဖြစ်တာကြောင့် ဒီနေ့ ဒီအချိန် တာဝန် တွေ ခွဲထားပြီး ဖြစ်ပါတယ်။”ဟု မနေ့က ညနေပိုင်းတွင် ပြောသည်။ “အမျိုးဘာသာ သာသနာနိမ့်ချသည့် အစိုးရ အလိုမရှိ”၊ “စီမံခန့်ခွဲမှု မကျွမ်းကျင်သူများကို နေရာပေးသည့်အစိုးရ အလိုမရှိ” စသည့် စာသားများ ပါဝင်သည့် ဗီနိုင်းများ ကိုင်ဆောင်ကာ ကြွေးကြော်နေသည့် ၎င်းတို့၏ လှုပ်ရှားမှုသည် အစိုးရကို ဆန္ဒပြခြင်း မဟုတ်ဘဲ သပိတ်မှောက်ခြင်းသာ ဖြစ်၍ ခွင့်ပြုချက်တင်ရန် မလိုကြောင်း အာဏာပိုင်များကို ပြောကြားခဲ့ပြီး တိုင်းပြည် အကျိုးစီးပွားကို ဆုတ်ယုတ်ပျက်စီးအောင် ဆောင်ရွက်နေသည့် အစိုးရကို သပိတ်မှောက်ပွဲ ပြုလုပ်ခြင်းဖြစ်ကြောင်း ဆိုသည်။ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက“ဒီကိစ္စကို အစိုးရကလည်း ဥပဒေနဲ့အညီပဲ ဆောင်ရွက်မှာ ဖြစ်တဲ့အတွက် ဖြေရှင်းနိုင်လိမ့်မယ်လို့ ထင်တယ်။ ဆရာတော်တွေ အနေနဲ့ လည်း မကျေနပ်တာရှိရင် သူတို့ရဲ့ သံဃာ့ မဟာနာယကလို အဖွဲ့ကနေ တင်ပြ တောင်းဆိုပြီးတော့ လုပ်ဆောင်လို့ရပါတယ်။ ဒီလို သပိတ်မှောက်ရုံနဲ့ အစိုးရကိုလည်း ဖြုတ်ချလို့ မရပါဘူး။ ဆန္ဒပြတဲ့ နည်းလမ်းကလည်း မှန်ကန်တဲ့ နည်းလမ်း မဟုတ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။ အစိုးရအား ဆန့်ကျင်သပိတ်မှောက်မှုကို ရန်ကုန်၊ မန္တလေးသာမက တောင်ကြီးမြို့တွင်လည်း ယနေ့ သြဂုတ် ၄ ရက်တွင် စတင် လုပ်ဆောင်နေကြောင်း သိရသည်။ The post အမျိုးသားရေးအမည်ခံများ သပိတ်မှောက်မှု ငြိမ်းချမ်းစွာ ဖြေရှင်းမည်ဟု ပြည်ထဲရေး ဒုဝန်ကြီးပြော appeared first on ဧရာဝတီ.
Source : http://ift.tt/2wdaj9g
via IFTTT

No comments:

Post a Comment