ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး အစိုးရနှင့် အပစ်ရပ် ၈ ဖွဲ့ တွေ့ဆုံညှိနှိုင်းမည် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် (NCA) လက်မှတ်ထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၈ ဖွဲ့နှင့် အစိုးရတို့ကြား လက်ရှိ ဆောင်ရွက်နေသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင် ရေး အတွက် တွေ့ဆုံ ညှိနှိုင်း ကြမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် သြဂုတ်လ ၃ ရက်နေ့တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး အစိုးရဘက်မှ ငြိမ်းချမ်းရေး ကော်မရှင် (Peace Commission) နှင့် အပစ်ရပ် ၈ ဖွဲ့ဘက်က ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT) တို့ တက်ရောက် ကြမည် ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင် အဖွဲ့ဝင် ဦးလှမောင်ရွှေ က ပြောပြသည်။ ဦးလှမောင်ရွှေ က “ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပိုမို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ ဆွေးနွေးမယ်။ နောက်ထပ် ကျင်းပမယ့် ညီလာခံ အဆင်ပြေ ချောမွေ့စွာနဲ့ ကျင်းပနိုင်ရေးအတွက်လည်း ဆွေးနွေးမယ်။ တနှစ်ကို ညီလာခံ နှစ်ကြိမ် ကျင်းပမယ်လို့ သဘောထား ချမှတ်ထားတာဆိုတော့လေ။ ငြိမ်းချမ်းရေးကို အောင်မြင်အောင် ဘယ်လို ဆောင်ရွက်မလဲ နည်းလမ်း ရှာဖွေကြမယ်” ဟု ပြောသည်။ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးကော်မရှင်ဘက်မှ အတွင်းရေးမှူးဖြစ်သူ ဦးခင်ဇော်ဦး က ဦးဆောင် မည်ဖြစ်ပြီး ဦးအောင်ကြည်၊ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦးနှင့် ဦးအောင်စိုးတို့ ပါဝင်မည်ဖြစ်ပြီးP PWT မှ ပဒိုစောကွယ်ထူးဝင်း ဦးဆောင်သည့် အပစ်ရပ် ၈ ဖွဲ့မှ ကိုယ်စားလှယ်များ တက်ရောက်မည်ဖြစ်ကြောင်း သိရ သည်။ အစိုးရနှင့် ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍ PPWT ဘက်ကို မေးမြန်းရန် ဆက်သွယ်၍ မရရှိ ခဲ့ပါ။ သို့သော်လည်း အပစ်ရပ် ၈ ဖွဲ့ အနေဖြင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ ဒုတိယ အစည်း အဝေး ပြီးသည့်နောက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၌ ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲ စိန်ခေါ်မှုများနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်မှုများ ပြုလုပ်ခဲ့သည်။ ယင်းသို့ သုံးသပ်မှုများကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန်လ နောက်ဆုံးအပတ်က ပြုလုပ်ခဲ့သလို ကရင် အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ လောခီးလာ ဒေသတို့တွင်လည်း ဇူလိုင်လ တတိယ အပတ် က ပြုလုပ်ခဲ့ပြီး ထိုဆွေးနွေးပွဲများမှ ရရှိလာသော စိန်ခေါ်ချက်များကို အစိုးရနှင့် ဆွေးနွေးမည်ဟု PPWT ဘက် က ပြောဆိုထားသည်။ PPWT ၏ သုံးသပ်မှုများထဲတွင် အပစ်ရပ် ၈ ဖွဲ့ နှင့် အစိုးရကြား အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲ (လူမျိုးအလိုက်) ကို RCSS နှင့် ALP တို့ ကျင်းပခွင့် မရသေးခြင်း၊ နိုင်ငံရေး မူဘောင်တွင် လိုအပ်ချက်များ ဖြည့် စွက်နိုင်ရေး မဆောင်ရွက် နိုင်သေးခြင်း၊ အဖွဲ့ဝင်များ ဖမ်းဆီးခံနေရခြင်း၊ ကြားကာလ စီမံကိန်းများ အကောင် အထည်ဖော်မှု အားနည်းနေခြင်း၊ JMC အကောင်အထည်ဖော်မှု အားနည်းနေခြင်း၊ ညီလာခံများ ကျင်းပရာတွင် တင်ပြ ဆွေးနွေးမှုများ အားနည်းနေခြင်း စသည့် ကိစ္စရပ်များအပေါ် ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်နေကြောင်း သိရသည်။ PPWT တွင် KNU ၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (PNLO)၊ ချင်း အမျိုးသား တပ်ဦး (CNF)၊ ရခိုင် အမျိုးသား လွတ်မြောက်ရေး ပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် (DKBA) နှင့် ကရင် ငြိမ်းချမ်းရေး ကောင်စီ (KNLA-PC) တို့ ပါဝင်သည်။ ထို ၈ ဖွဲ့သည် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်နေ့တွင် NCA ကို လက်မှတ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ The post ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ရေး အစိုးရနှင့် အပစ်ရပ် ၈ ဖွဲ့ တွေ့ဆုံညှိနှိုင်းမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2f7yTo9
via IFTTT
No comments:
Post a Comment