မောင်တောတွင် ပစ်ခတ်မှုဖြစ်ပွား လူသေဆုံးမှုရှိ ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ယနေ့ နံနက်ပိုင်းက ပစ်ခတ်မှု ဖြစ်ပွားရာ လူတချို့သေဆုံးကြောင်း သိရသည်။ မောင်တောမြို့နယ်၊ ကိုင်းကြီး ကျေးရွာမှ ရွာသားများသည် ၎င်းတို့၏ လုပ်ငန်းခွင်သို့ သွားစဉ် အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခြင်း ဖြစ်ကြောင်း၊ ယခုအခါ ထိုနေရာသို့ နယ်မြေခံ လုံခြုံရေး တပ်ဖွဲ့များနှင့်တပ်မတော် စစ်ကြောင်း တချို့ သွားရောက် ရှင်းလင်းနေကြောင်း မောင်တော ဒေသခံများ က ဧရာဝတီ ကို ပြောသည်။ ရခိုင်အမျိုးသား ပါတီ (ANP )၏ မောင်တောမြို့နယ် ဥက္ကဋ္ဌ ဦးခင်မောင်သန်း က “အမျိုးသား အလောင်း ၂ လောင်းနဲ့ အ မျိုးသမီး အလောင်း တလောင်းရထားတယ်လို့ ရွာသားတွေက ပြောပါတယ်၊ ပျောက်နေတဲ့သူ ၄ ယောက် ရှိနေသေး တယ်လို့ သိရတယ်၊ အဲဒီရွာကို ကျနော်တို့ သွားပေမယ့် လုံခြုံရေးအရ သွားခွင့်မပြုလို့ တခြားရွာကပဲ အခြေအနေ စောင့် ကြည့်နေဆဲပါ” ဟု ဧရာဝတီ ကို ပြောသည်။ အခင်းဖြစ်ပွားသည့် ကျေးရွာသည် မေယုတောင်ခြေတွင်ရှိပြီး၊ မြိုတိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာငယ် တခုဖြစ် ကြောင်း သိရသည်။ မောင်တောမြို့၏ တောင်ဘက်ပိုင်းတွင် တည်ရှိပြီး ရွာခံများသည် လယ်ယာလုပ်ငန်း၊ တောင်ယာ လုပ်ငန်းတို့ကို လုပ်ကိုင်စား သောက်ကြ ကြောင်း ဒေသခံများက ပြောသည်။ မောင်တော အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ ရဲအရာရှိ တဦးက ပြောရာတွင် ပစ်ခတ်မှု ဖြစ်ပွားခြင်းသည် မှန်ကန်ကြောင်း၊ သို့သော် လူသေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ် မသိရသေးကြောင်း၊ အခင်းဖြစ်ပွားသည့် နေရာသို့ နယ်ခြားစောင့် တပ် ဖွဲ့ဝင်များနှင့်တပ်မတော် စစ်ကြောင်း တချို့ သွားရောက် စစ်ဆေးနေပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေဆဲ ဖြစ် ကြောင်း ဧရာဝတီ ကို ပြောသည်။ ၎င်းက “လူဘယ်နှစ်ယောက်သေတယ်၊ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ ပြောလို့ မရသေးပါဘူး၊ အသေးစိတ် သိရတဲ့ အခါ သတင်းထုတ်ပြန်မှာပါ” ဟု ဆိုသည်။ မောင်တောမြို့နယ်၌ ကြိမ်ချောင်း ကျေးရွာအုပ်စု၊ တရိန်းကျေးရွာခံ ၂ ဦး သည်လည်း ဇွန်လ ၂၄ ရက်နေ့က အသတ်ခံ ခဲ့ရ သေးသည်။ မောင်တော ခရိုင်အတွင်းရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်မြို့နယ်တို့တွင် လူသတ်မှုများ မကြာ ခဏ ဖြစ်ပွားနေပြီး၊ မသင်္ကာသူများကိုလည်း မကြာခဏ ဖမ်းဆီးရမိနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်ထားသည်။ ယနေ့ အခင်းဖြစ်ပွားသည့် ကျေးရွာသည် မေယုတောင်ခြေအနီးတွင် တည်ရှိပြီး၊ ထိုတောင်တန်း၌ အကြမ်းဖက် သင်တန်း ပေးနေသည့် စခန်းများနှင့်လှိုဏ်ဂူများ၊ အကြမ်းဖက် သမားများ၏ အသုံးအဆောင် ပစ္စည်းများကိုလည်း မကြာသေးမီက သိမ်းဆည်း ရမိခဲ့သည်။ The post မောင်တောတွင် ပစ်ခတ်မှုဖြစ်ပွား လူသေဆုံးမှုရှိ appeared first on ဧရာဝတီ.
Source : http://ift.tt/2vwfdkL
via IFTTT
No comments:
Post a Comment