Thursday, August 3, 2017


မြန်မာ့ဒီမိုကရေစီ သူရဲကောင်း ငြိမ်းချမ်းရေးမှာ အရှုံးပေးရတော့မလား ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေး အဆုံးသတ်နိုင်ရန် ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အနိုင်မခံ အရှုံးမပေး စိတ်ဓာတ်ဖြင့် နှစ်ပေါင်းများစွာ လှုပ်ရှားခဲ့ပြီး အကြိမ်ကြိမ် ထိန်းသိမ်းခံခဲ့ရကာ ၂၀၁၀ ခုနှစ် တွင် အကျယ်ချုပ်က လွတ်မြောက်လာခဲ့သည်။ မိသားစု တစ်ကွဲတစ်ပြား အဖြစ်ခံ၍ ဒီမိုကရေစီရေး ဆောင်ရွက်ခဲ့ရာ နှစ်ရှည် ဖမ်းဆီး ချုပ်နှောင် ခံရမှုများကိုလည်း မကြောက် မရွံ့ ရင်ဆိုင်ခဲ့ခြင်းကြောင့် ပြည်သူလူထုက လူထု ခေါင်းဆောင်အဖြစ် မြတ်နိုး တန်ဖိုးထားခဲ့ကြသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သူရဲကောင်း အဖြစ် မှတ်ယူလာခဲ့ကြပြီး နိုင်ငံသားအများစုက လေးစားလွန်းသဖြင့် အမေစုဟုပင် အမြတ်တနိုးခေါ်ဝေါ် ခဲ့ကြသည်။ နိုဘယ်လ် ငြိမ်းချမ်း ရေးဆုု အပါအဝင် နိုင်ငံတကာဆုပေါင်းများစွာကို ရရှိခဲ့ပြီး နိုင်ငံတကာ အသိုင်း အဝိုင်းတွင် သြဇာရှိသော လူ ပုဂ္ဂိုလ် ၁၀၀ စာရင်းတွင် အမြဲတမ်းလိုလို ပါဝင်ခဲ့သည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်များ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး လွှတ်တော်အတွင်းသို့ ဝင်ရောက်လာခဲ့သည်။ လွှတ်တော်ထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် ဒီမိုကရေစီ လှုပ်ရှားမှုများ ပိုမို မြိုင်ဆိုင်လာခဲ့ကာ ပြည်သူလူထု ကြားတွင်လည်း ဒီမိုကရေစီ အငွေ့အသက်များ ပိုမိုကိန်းဝပ်လာခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ သြဇာအရှိန်အဝါများ တစတစ ကြီးထွားလာခြင်းနှင့်အတူ လူထု က အဘက်ဘက်က ကျရှုံး နေသော အခြေအနေမှ မြန်မာ နိုင်ငံကို ပြန်လည် အဖတ်ဆယ်နိုင်မည့် ကယ်တင်ရှင်သဖွယ် မှတ်ယူကာ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် သောင်ပြိုကမ်းပြို မဲပေး ရွေးချယ်ခဲ့ရာ NLD ပါတီ မဲအပြတ် အသတ်နှင့်အနိုင်ရရှိခဲ့ပြီး အစိုးရ ဖွဲ့စည်းနိုင်ခဲ့သည်။ အစိုးရ တာဝန်ကို လွှဲပြောင်းရယူခဲ့ပြီးလျှင်ပြီးချင်း ပါတီ၏ ရွေးကောက်ပွဲ ကြေညာစာတမ်းပါ ငြိမ်းချမ်းရေး လုပ် ငန်း စဉ်ကို အကောင် အထည်ဖော်ရန် နှစ်ပေါင်း ၇၀ နီးပါး ဖြစ်ပွားလာခဲ့သည့် ပြည်တွင်းစစ်ကို အဆုံးသတ် စေရေး ဆောင်ရွက်လျက် ရှိသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အစိုးရသစ် တာဝန်ကို လွှဲပြောင်းရယူပြီးချိန်မှ တစ်နှစ်ကျော် ကြာချိန် အထိ NCA လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင် ၁၃ ဖွဲ့ အနက် တစ်ဖွဲ့မှ ပါဝင်လာနိုင်ခြင်း မရှိသေး၍ ဝေဖန်မှုများ၊ စိတ်ပျက်မှုများ ရှိလာခဲ့သည်။ ထို့ကြောင့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ သူရဲကောင်း မြန်မာ့ငြိမ်းချမ်းရေးနှင့်တွေ့မှ အရှုံးပေးရတော့မည်လား ဆိုသည့် မေးခွန်းများ ဖြစ်တည်လာခဲ့ပြီး ၎င်း၏ သြဇာအရှိန်အဝါများ မှေးမှိန်လာမည်ကိုပင် စိုးရိမ်လာစ ပြုနေရပြီ ဖြစ်သည်။ “မြန်မာ အစိုးရဘက်က NCA လမ်းကြောင်းပေါ်လာဖို့ နှုတ်နဲ့ တဖွဖွ ပြောဆိုနေပေမယ့်လည်း NLD အစိုးရမှာ ပြည်တွင်းစစ် ရပ်စဲရေးကိစ္စကို ထဲထဲဝင်ဝင် ပါဝင်ပြီး ဆုံးဖြတ်ပိုင်ခွင့် ရရှိမထားပါဘူး။ မြန်မာနိုင်ငံ ပြည်တွင်းစစ် ရပ်စဲရေးကိစ္စမှာ တပ်မတော်က သာလျှင် အပြည့်အဝ ဆုံးဖြတ်ပိုင်ခွင့် ရှိထားတာပါ။ ဒါကြောင့် အစိုးရ ဘက်က NCA လမ်းကြောင်းပေါ်လာဖို့ ပြောနေတဲ့ကိစ္စက သူတို့ဆန္ဒကို သူတို့ ဖော်ပြ၊ ဖော်ထုတ်တဲ့ အဆင့်ထက် ပိုပြီး လေးနက်မှု မရှိပါဘူး” ဟု TNLA ၏ နိုင်ငံခြားရေးဌာနမှူး ဗိုလ်မှူး တာပန်လက ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မြန်မာပြည်နိုင်ငံရေးနှင့် စီးပွားရေးကို ဖြေရှင်းရန်အတွက် အမျိုးသားရင်ကြား စေ့ရေးကို ဖော်ဆောင်သွားမည်ဟုဆိုခဲ့သော်လည်း အမျိုးသားလိုက်လျောရေးဖြစ်နေပြီး တပ်မတော်နှင့် ရင်းနှီး မှုရအောင် လုပ်နေရခြင်းကြောင့် ငြိမ်းချမ်းရေးမှာ ထိရောက် အောင်မြင်မှု မရှိခြင်းဖြစ်သည်ဟု နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင် က ဆိုသည်။ “အားလုံးပါဝင်ရေးကို ဒေါ်အောင်ဆန်းစုကြည်က ယေဘုယျအားဖြင့် သဘောတူညီပေယ့် တပ်မတော်က လိုက်လျောမှု မရှိဘူး။ စစ်ဆင်ရေးပိုင်းတွေမှာလည်း ဒေါ်အောင်ဆန်းစုကြည်က ဝင်ရောက်ပြောပိုင်ခွင့်မရှိဘူး ဖြစ်နေတယ်။ ဒီတော့ အဖွဲ့က သုံးဖွဲ့ ခွဲလာတယ်။ ရင်ကြားစေ့ရေးမှာ အရင် အရာရှိတွေကို သုံးနေရတယ်။ လူ ဟောင်းတွေနဲ့ လုပ်ကိုင်နေရတော့ အဆင်ပြေမယ် မပြောနိုင်ဘူး”ဟု ၎င်းက ပြောသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်လိုပါက တပ်မတော်အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် လိုအပ်ပြီး အားလုံးပါဝင်ရေးကို လက်ခံပေးရန် လိုအပ်သကဲ့သို့ NCA တွင် ပြင်ဆင်သင့်သည် များ ပြင်ဆင်ခွင့်ပြုရန် လိုအပ်ကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်တွင် KNU၊ RCSS၊ KNU/KNLA-PC၊ DKBA၊ PNLO၊ CNF၊ ALP၊ ABSDF တို့က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ထိုး ခဲ့ကြသည်။ ယခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်နေသော NLD အစိုးရသစ် လက်ထက်တွင် NCA ထိုးရန် ကျန်ရှိနေသော UWSA၊ NDAA၊ KIA၊ SSPP၊ NMSP၊ KNPP၊ TNLA၊ MNDAA၊ AA၊ ANC၊ WNO၊ LDU၊ NSCN-K စသည့် လက်နက်ကိုင်အဖွဲ့များ ပါဝင်လာနိုင်ခြင်း မရှိသေးဘဲ မတူညီသော သဘောထား ကွဲလွဲမှုများပင် ဖြစ်ပေါ်လာခဲ့သည်။ UWSA၊ NDAA၊ KIA၊ SSPP၊ TNLA၊ MNDAA၊ AA တို့က ၂၀၁၇ ခုနှစ်၊ဖေဖော်ဝါရီ ၂၄ ရက်က NCA လက်မှတ်မ ထိုးရန်၊ စာချုပ်အသစ် ဖော်ဆောင်ပေးရန်၊ တဖွဲ့တည်း မတွေ့ပဲ ခုနစ်ဖွဲ့ပေါင်း ဖွဲ့စည်းထားသော ပြည် ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) နှင့်သာ တွေ့ဆုံဆွေးနွေးရန် ဟု ထုတ်ပြန်ခဲ့သည်။ အလားတူ SSPP၊ NMSP၊ KNPP၊ ANC၊ LDU တို့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသော UNFC က နိုင်ငံလုံး အပစ် အခတ် ရပ်စဲကြောင်း ကြေညာပေးရန် အချက် အပါအဝင် အဆိုပြုချက် ရှစ်ချက်ကို တင်ပြထားကာ အစိုးရ၊ တပ်မတော်ဘက်မှ သဘောတူပါက NCA လက်မှတ်ထိုးမည်ဟု သဘောထား မှတ်ချက်ပေးထားရာ ယနေ့ အချိန်ထိ သဘောတူညီချက် မရသေးပေ။ NCA လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ၏ မတူညီသော သဘောထားအပေါ် အစိုးရ ဘက်မှ မတူညီသော နည်းလမ်း နှစ်သွယ်ဖြင့် စေ့စပ်ညှိနှိုင်းရေးထက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်တို့ အနေဖြင့် NCA လမ်းကြောင်းအတိုင်းသာ ဆက်လက် ဆွေးနွေးသွားမည်ဟု ဆိုထားသည်။ NCA လက်မှတ် မထိုးရသေးသည့် ၁၃ ဖွဲ့နှင့် အစိုးရကြား မည်သည့် သဘောတူညီချက်မှ မဆောင်ရွက်နိုင် သေးမီ သမ္မတ ဟောင်း ဦးသိန်းစိန် လက်ထက်က လက်မှတ်ထိုးထားသော ရှစ်ဖွဲ့နှင့်ပါ ငြိမ်းချမ်းရေး အပေါ် အဓိပ္ပာယ် ဖွင့်ဆိုချက်များ ကွဲလွဲလာနေခြင်း၊ စာချုပ်ပါ သဘောတူညီချက်များ အကောင်အထည်ဖော်မှု အားနည်း နေခြင်း၊ တိုက်ပွဲများ ဖြစ်ပွားလာနေခြင်း၊ အဖွဲ့ဝင်များ ဖမ်းဆီးခံနေရခြင်း၊ ဆွေးနွေးပွဲများ ပိတ်ပင် တားဆီးခံနေရခြင်း စသည့် ကိစ္စရပ်များ ဖြစ်ပေါ် လာရာမှ ယုံကြည်မှုများ ယိုယွင်းလာကြောင်း သိရသည်။ “လွန်ခဲ့တဲ့ အနေအထား အတိုင်း၊ အဲဒီ အနေအထား အတိုင်းသာ ဆက်လက် သွားနေမယ်ဆိုရင်တော့ လုံးဝ မဖြစ်နိုင်ပါဘူး။ ငြိမ်းချမ်းရေးနှစ် ဖြစ်ဖို့အတွက်ဆိုရင် နံပါတ်တစ် အနေနဲ့ကတော့ သဘောထားကြီးကြဖို့ လိုပါတယ်။ ကျနော်တို့ ခေါင်းဆောင်တွေ အနေနဲ့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ကြဖို့ လိုပါတယ်။ ကျနော် တို့ NCA အပေါ်ရော၊ ပြည်နယ် အဆင့်၊ ပြည်ထောင်စု အဆင့် လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေ အပေါ်မှာ အားလုံး သဘောထား တူညီကြဖို့ လိုပါတယ်။ အခု အဲဒီအချက် သုံးချက် လုံးဝ မရှိပါဘူး”ဟု NCA ထိုးထားသော RCSS/SSA ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ထောက်ပြသည်။ နိုင်ငံတော်သမ္မတ ဦးထင်ကျော် ၂၀၁၇ ခုနှစ်၊ နှစ်သစ်ကူး မိန့်ခွန်းပြောကြားခဲ့စဉ်က ၂၀၁၇ ခုနှစ်အား ငြိမ်း ချမ်းရေးနှစ်အဖြစ် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သင်္ကြန် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကားတွင် ထိုသို့ ပြောကြားခဲ့သည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း မေ ၂၄ ရက်တွင် ကျင်းပခဲ့သော ၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအကြိမ် အစည်းအဝေး အဖွင့်မိန့်ခွန်း၌ ထိုသို့ပင် ပြောကြားခဲ့သေးသည်။ သို့သော်လည်း လက်ရှိ မြန်မာ့ငြိမ်းချမ်းရေးသည် မတူညီသော အခက်အခဲများကြောင့် ခြိမ်းခြောက်ခံလာနေရ ပြီး မြန်မာ့ ဒီမိုကရေစီ သူရဲကောင်း ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ငြိမ်းချမ်းရေး စေ့စပ်ညှိနှိုင်းမှု လမ်းကြောင်းကို ပုံစံအသစ်ဖော်၍ ဆောင်ရွက်ခြင်းမရှိပါက မြန်မာ့ငြိမ်းချမ်းရေးတွင် သူမ၏ အနိုင်မခံ အရှုံး မပေးသော ဒီမိုကရေစီတိုက်ပွဲ စိတ်ဓာတ်မှာ အရှုံးပေးရလေမလားဟုပင် ဝေဖန်မှုများ ရှိလာခဲ့သည်။ NCA လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များသည် သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်က ပါဝင် လက်မှတ်ရေးထိုး လာနိုင်ခြေရှိခဲ့သော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသည့်အတွက် လက်မှတ် မထိုးဘဲ နောက်အစိုးရကို စောင့်ခဲ့ကြသည်။ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီ အနိုင်ရမည်ဟု ယုံကြည်ထားကြသကဲ့သို့ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရက အားလုံးပါဝင် လက်မှတ်ထိုးခွင့် မပြုသည့် အချက်ကို ဒေါ်အောင်ဆန်းစုကြည် အစိုးရ အနေဖြင့် လက်ခံလာနိုင်ကြောင်း မှတ်ယူခဲ့ခြင်းကြောင့် ဖြစ်သည်။ သို့သော် NCA မထိုးရသေးသော အဖွဲ့များ၏ တွက်ကိန်း မှားယွင်းသွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဟောင်း ဦးသိန်းစိန် အစိုးရ၏ ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ အချိန်ထိ လမ်းကြောင်းအသစ် ဖော်ဆောင်ခြင်း မရှိ၍ ၎င်းတို့ လက်မှတ် ရေးထိုးရေး ကြန့်ကြာနေခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ယခင်က အားလုံးပါဝင် လက်မှတ်ရေးထိုးခွင့်ပြုရေး လမ်းကြောင်းကို ဦးတည် ဆွေးနွေးလာခဲ့သော UNFC သည် ဒေါ်အောင်ဆန်းစုကြည်၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို တနှစ်စောင့်ကြည့်ခဲ့ပြီးနောက် ယခု အခါ UNFC အဖွဲ့မှ နုတ်ထွက်သည့် အဖွဲ့များ(KIA၊ TNLA၊ MNDAA၊ WNO) ရှိလာပြီး မတူညီသော ချဉ်းကပ်မှုများ ဖြင့် မြန်မာ့ငြိမ်းချမ်းရေးကို ဆောင်ရွက်မှုများ ရှိလာခြင်းကြောင့် ဒေါ်အောင်ဆန်းစုကြည် အတွက် ပိုမို ခက်ခဲသွားစေခဲ့သည်။ မြန်မာ့ငြိမ်းချမ်းရေး ဆောင်ရွက်မှု အကောင်အထည်ဖော်ဆောင်နိုင်ခြင်းမရှိသည်နှင့်အမျှ နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများ ဝင်ရောက်လာရန် ပိုမိုခက်ခဲလာနိုင်ပြီး ပြည်တွင်း လုပ်ငန်းရှင်များ လုပ်ကိုင်နိုင်မည့် စီးပွားရေး မူဝါဒများ လည်း ချမှတ်နိုင်မည်မဟုတ်သည့်အတွက် နိုင်ငံ၏ စီးပွားရေးမှာ ကျဆင်းလာနိုင်ပါသည်။ စီးပွားရေး ပညာရှင်တစ်ဦးက လက်ရှိ အခြေအနေအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ၂၀၁၈ ခုနှစ်တွင် နိုင်ငံ၏ စီးပွားရေးမှာ သိသိသာသာ ကျဆင်းလာနိုင်ကြောင်း၊ စီးပွားရေး ကျဆင်းလာသည့်နှင့်အမျှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဖော်ဆောင်မှုအပေါ် အားနည်းသွားနိုင်ကြောင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု အားနည်းလာလျှင် တရား ဥပဒေ စိုးမိုးရေးလည်း အားနည်း သွားနိုင် သုံးသပ်သည်။ ယင်းသို့ အကျပ်အတည်းများဖြင့် ရင်ဆိုင်နေရသော ဒီမိုကရေစီ သူရဲကောင်း အနေဖြင့် မြန်မာ့ ငြိမ်းချမ်းရေးကို ယခုထက် ပိုမို ထိရောက်စေမည့် လမ်းကြောင်းများ၊ မူဝါဒများ ချမှတ်၍ ဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်သည်။ သို့မဟုတ်ပါက မြန်မာ့ ငြိမ်းချမ်းရေးနှင့်တွေ့မှ ဒီမိုကရေစီ သူရဲကောင်း အရှုံးပေးရတော့မည်လားဆိုသည့် မေးခွန်းများ ပိုမိုကျယ်ပြန့် လာဖွယ်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဇွဲသတ္တိ၊ နှလုံးရည်နှင့် လုပ်ဆောင်မှုများအပေါ်ယုံကြည်သူအများစုကတော့ ၎င်းတို့၏ ဒီမိုကရေစီ သူရဲကောင်းသည် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် စိန်ခေါ်မှု အကြပ်အတည်းများနှင့် ရင်ဆိုင် နေရသော်လည်း လက်ရှိ NLD အစိုးရ သက်တမ်း မကုန်ဆုံးမီမှာပင် သမိုင်းတွင်မည့် ရလာဒ်ကောင်းများကို အတိုင်း အတာတခုထိ ဆောင်ရွက်သွားနိုင်လိမ့်မယ်ဟု ယုံကြည်မျှော်လင့်နေကြသည်။ ထို့ကြောင့် ဒီမိုကရေစီ သူရဲကောင်းအနေဖြင့် အားလုံးပါဝင် လက်မှတ်ရေးထိုးလာနိုင်သည့် စေ့စပ်ညှိနှိုင်းရေး အခင်း အကျင်း သစ်ကို ဖန်တီးခြင်းဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အရှုံးမပေးကြောင်း သက်သေပြရန် လိုအပ် လာပြီ ဖြစ်သကဲ့သို့ ၎င်း၏ ပုံရိပ်ကို ထိန်းသိမ်းရန်လည်း လိုအပ်လာပြီဖြစ်သည်။ The post မြန်မာ့ဒီမိုကရေစီ သူရဲကောင်း ငြိမ်းချမ်းရေးမှာ အရှုံးပေးရတော့မလား appeared first on ဧရာဝတီ.
Source : http://ift.tt/2u3Fdzk
via IFTTT

No comments:

Post a Comment