Saturday, August 5, 2017


ငပုတောမြို့နယ်တွင် တောဆင်ရိုင်းတကောင် သတ်ဖြတ်ခံရ ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ တင်းချောင်းကျေးရွာအုပ်စုအတွင်း၌ တောဆင်ရိုင်းတကောင်ကို အဆိပ်မြှားဖြင့် ပတ်ခတ်သတ်ဖြတ်ခြင်း ခံခဲ့ရကြောင်း သတင်းရရှိသည်။ တောဆင်ရိုင်းများအား ဆင်သတ်မုဆိုးအဖွဲ့တဖွဲ့မှ အဆိပ်မြှားဖြင့် ပစ်ခတ်သတ်ဖြတ်နေကြောင်း ဒေသခံတို့၏ သတင်းပေးချက်အရ သစ်တောဌာန၊ မွေးမြူရေးနှင့် ကုသရေးဌာန၊ ရဲတပ်ဖွဲ့၊ ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် သစ်တောရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် တောအတွင်းရှာဖွေခဲ့ရာ တင်းချောင်း ကျေးရွှာအုပ်စု ယောင်းယင်ကျေးရွာအနီး၌ အဆိပ်မြှားဖြင့် ပစ်ခတ်ခံရပြီး သေဆုံးနေသည့်တောဆင်ရိုင်းကို တွေ့ရှိရခြင်း ဖြစ်သည်။ “ဒေသခံတွေက သတင်းပေးလို့ ကျနော်တို့ တောနင်းရှာတော့ အဆိပ်မိထားတဲ့ဆင်ကို ခြေရာခံမိတယ်။ ဆင်ပစ်တဲ့လူတွေကတော့ အဆိပ်ဒဏ်နဲ့ သေမှဖျက်ယူဖို့ပေါ့။ ဒါပေမယ့် ကျနော်တို့က သတင်းရတာနဲ့ အဆိပ်မိ ထားတဲ့ဆင်နောက်ကို ခြေရာခံလိုက်တာ။ ဒါပေမယ့် ဆင်က မသေသေးဘူး။ အနားကပ်သွားတော့ ကျနော်တို့ ကို ရန်မူလို့ အကုန်ထွက်ပြေးရသေးတယ်။ မနေ့က ညနေ ၃ နာရီလောက်မှာ အဆိပ်မြှားဒဏ်ကြောင့် သေနေတဲ့ အဆင်အလောင်းကို တွေ့ရှိရပါတယ်”ဟု ငပုတောမြို့နယ် သစ်တောဌာနဦးစီးမှူး ဦးတင်စိုးက ဧရာဝတီကိုပြောသည်။ သေဆုံးသည့်ဆင်မှာ အသက် ၂၆ နှစ်အရွယ် ဆင်မ ဖြစ်ပြီး အရောင်မှာ အနက်ရောင်ဖြစ်ကာ ခန္ဓာကိုယ်အလျား ၇ ပေ ၆ လက်မ၊ လုံးပတ် ၁၅ ပေ၊ နှာမောင်းအရှည် ၄ ပေ ၈ လက်မ အရွယ်အစားရှိကြောင်း သိရသည်။ ဆင်သေ၏ ကျောထက်တွင် ဆင်သတ်မုဆိုးများ ပစ်ခတ်ခဲ့သည့် အလျား ၁၆ လက်မ ရှည်လျားသည့် သံမြှားရွက် တပ်ထားသည့် အဆိပ်လူးမြှားတချောင်းကိုလည်း စိုက်လျက်သားတွေ့ရှိရသည့် အတွက် တာဝန်ရှိသူများက သက်သေခံပစ္စည်းအဖြစ် သိမ်းဆည်းခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ ဆင်သတ်မုဆိုးတို့လက်ချက်ဖြင့် တောဆင်ရိုင်း ၈ ကောင် သတ်ဖြတ်ခြင်းခံခဲ့ရပြီး ယမန်နေ့က တွေ့ရှိရသည့်ဆင်မှာ ၉ ကောင်မြောက် အသတ်ခံရခြင်း ဖြစ်သည်။ အဆိုပါဆင်များအားလုံး အဆိပ်လူးမြှားဖြင့် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ဧရာဝတီ တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ဖော်ပြောဆိုထားသည်။ “ဆင်သတ်ခံရမှုနဲ့ ပတ်သတ်ပြီး ကျနော်တို့ ရဲစခန်းမှာ အမှုဖွင့်ထားပြီး ဖြစ်ပါတယ်။ ဆက်လက်ပြီး ဆင်သတ် မုဆိုးတွေ ဖမ်းဆီးရမိရေးအတွက် ကျနော်တို့ ဆက်လက်ဆောင်ရွက်နေပါတယ်”ဟု ငပုတောမြို့နယ် သစ်တော ဦးစီးမှူး ဦးတင်စိုးက ပြောသည်။ တောဆင်ရိုင်းသတ်ဖြတ်သည့် မုဆိုးများမှာ မကွေးတိုင်းဒေသကြီး မင်းဘူး၊ ငဖဲ၊ စေတုတ္တရာစသည့် ဒေသများမှ ဧရာဝတီတိုင်းသို့လာရောက်၍ ဆင်ပစ်ကြခြင်းဖြစ်ပြီး မိုးရာသီကာလအတွင်း တောအတွင်း၌ သွားလာရေး ခက်ခဲမှုကို အခွင့်ကောင်းယူကာ ဆင်သတ်မုဆိုးများက ပုသိမ်၊ ငပုတောနှင့် သာပေါင်းမြို့နယ်ရှိ သစ်တော ကြိုးဝိုင်းများအတွင်း ဆင်ပစ်ကြခြင်း ဖြစ်သည်။ ဆင်သတ်မုဆိုးများမှာ တောဆင်ရိုင်းများအား သတ်ပြီးနောက် အစွယ်၊ အရေပြား၊ အသားနှင့် အမြီးများကို ယူငင်ကာ သစ်တောထွက်ပစ္စည်း မှောင်ခိုရောင်းဝယ်သူများနှင့် ချိတ်ဆက်၍ ပုသိမ် – မော်တင် ကားလမ်းကို အသုံးပြုကာ အရောင်းအဝယ် ပြုလုပ်ကြကြောင်း သိရသည်။ အဆိုပါ ဆင်သတ်၍ ရသောပစ္စည်းများကို ပုသိမ် – မော်တင် ကားလမ်းမှတဆင့် ပုသိမ် – မုံရွာကားလမ်းကို အသုံးပြုကာ ပဲခူးတိုင်း၊ မကွေးတိုင်းတို့ကို ဖြတ်၍ မန္တလေးမြို့သို့ ပို့ဆောင်ပြီး မန္တလေး – မူဆယ်လမ်းမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချကြောင်း သိရသည်။ သစ်တောကြိုးဝိုင်းအတွင်း ဆင်ပစ်မုဆိုးများကို လိုက်လံဖမ်းဆီးခြင်းအပြင် ဆင်သတ်၍ ရရှိလာသည့် ဆင်အသား၊ ဆင်အရေပြားကဲ့သို့သော ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်းကို တားဆီးရန်အတွက် ငပုတောမြို့နယ် ငရုတ်ကောင်းတောင်ဒေသနှင့် ပုသိမ်မြို့အဝင် မြစ်ကူးကြိုးတံတားထိပ်ကဲ့သို့ လမ်းဆုံလမ်းခွနေရာများတွင် ဆင်ထွက်ပစ္စည်းများ စစ်ဆေးသည့်ဂိတ်များ ထားရှိသင့်ကြောင်း ငပုတောဒေသခံများက အကြံပြုပြောဆိုကြသည်။ ဧရာဝတီတိုင်းဒေသကြီးတွင် ယမန်နှစ်က ဆင်သတ်မုဆိုးများလက်ချက်ဖြင့် တောဆင်ရိုင်း ၁၃ ကောင် သတ်ဖြတ်ခံခဲ့ရပြီး ဆင်သတ်မှု ၁၃ မှုအနက် ၄ မှုကို တရားခံဖမ်းဆီး တရားစွဲဆိုနိုင်ခဲ့သည်။ ဆင်သတ်မှု ၆ မှု၏ တရားခံများကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲဖြစ်ပြီး တရားခံ မပေါ်သည့် ဆင်သတ်မှု ၃ မှုကို ပိတ်သိမ်းခဲ့ရကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးစာရင်းများအရ သိရသည်။ The post ငပုတောမြို့နယ်တွင် တောဆင်ရိုင်းတကောင် သတ်ဖြတ်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2wu7tvY
via IFTTT

No comments:

Post a Comment