ကြေးသွန်းဘုရားကြီးမုခ်တွင် သပိတ်စခန်းဖွင့်သူများကို တရားစွဲ ရန်ကုန်၊ ဩဂုတ် ၅ ရန်ကုန်မြို့ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်၊ ကြေးသွန်း ဘုရားကြီးရှေ့တွင် သပိတ်စခန်းဖွင့်သူများကို ဩဂုတ်လ ၄ ရက် မွန်းလွဲပိုင်းက ယင်းမြို့နယ်တရားရုံးတွင် ဦးတိုက်လျှောက်ထား တရားစွဲဆိုခဲ့ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ ဗဟန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်နောင်က ဘင်္ဂလားဒေ့ရှကျောင်းတိုက်မှ ဆရာတော်ဥူး ပညာဝံသ အပါအဝင် သံဃာတော်နှစ်ပါး၊ အမျိုးသား ၆ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ “တရားရုံးကနေ အမှုအမှတ် ၃၅၀/၁၇ နဲ့ လက်ခံထားတယ်၊ ဩဂုတ်လ ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲက တရားစွဲဆိုခဲ့တာ၊ ပုဒ်မကတော့ နိုင်ငံတော် အကြည်အညို ပျက်စေမှုပုဒ်မပါ၊ ဗီနိုင်းမှာပါဝင်စာသားတွေက နိုင်ငံတော် အကြည်အညို ပျက်စေတယ်ဆိုပြီး တရားစွဲခဲ့တာ၊ ဖမ်းဝရမ်းပါ တစ်ခါတည်း ထုတ်ထားပေးတယ်”ဟု ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ ရန်ကုန်နှင့် မန္တလေးမြို့များတွင် အစိုးရကိုဆန့်ကျင်သည့် သပိတ်စခန်းများကို ဩဂုတ်လ ၂ ရက်နေ့ ညနေပိုင်းက ပြိုင်တူဖွင့်ခဲ့ပြီးနောက် ဩဂုတ်လ ၅ ရက် နံနက် ၂ နာရီကျော်က မန္တလေးရှိ သပိတ်စခန်း ဖြိုခွဲခံရသည်။ ယင်းသို့ ဖြိုခွဲခံရပြီးနောက် ရန်ကုန်သပိတ်စခန်းမှာ ယနေ့ ညနေပိုင်းတွင် သပိတ်ဦးဆောင်သူများ၏ သဘောဆန္ဒအလျှောက် ယာယီပိတ်သိမ်းသွားခဲ့သည်။ “ရန်ကုန်သပိတ်ကို ယနေ့ (ဩဂုတ်လ ၅ ရက်) ညနေ ယာယီ ပိတ်လိုက်ပါပြီ။ သပိတ်စခန်းကြောင့် ဖြစ်လာတဲ့ အမှိုက်တွေကို ကိုယ်တိုင် ရှင်းလင်းပါတယ်။ ပတ်ဝန်းကျင်ကတော့ နည်းနည်း ဟားတိုက်တာပေါ့။ ရန်ကုန်ရယ် တောင်ကြီးသပိတ်တို့ကို ပိတ်သိမ်းတာပါ။ တောင်ကြီးက ဒီနေ့မနက်ပိုင်းက ပိတ်တာပါ”ဟု ရန်ကုန်သပိတ်စခန်း ဦးဆောင်သူကတစ်ဦးက ပြောကြားသည်။
Source : https://goo.gl/frRqpL
via IFTTT
No comments:
Post a Comment