Friday, August 4, 2017


ရသေ့တောင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရွာသား ၆၀၀ ခန့်ဝိုင်းဝန်း တိုက်ခိုက်ဟုဆို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၊ အောက်နန်းရာကျေးရွာအတွင်း အကြမ်းဖက်အဖွဲ့အား ငွေကြေးထောက်ပံ့နေသူများ ကို သွားရောက် ဖမ်းဆီးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရွာအတွင်းရှိ လူ ၆၀၀ ဦးခန့်က သြဂုတ်လ ၄ ရက်နေ့တွင် ဝိုင်းဝန်း တိုက်ခိုက် ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးသတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။ အမှတ် (၃) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲမှ ရဲမှူးဥက္ကာအောင် ဦးစီးသော ရဲတပ်ဖွဲ့ဝင် ၂၅ ဦးတို့သည် ယနေ့ နံနက် ၇ နာရီက အောက်နန်းရာ ကျေးရွာအတွင်းမှ အကြမ်းဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့ပေးသည့် တရားခံ ၆ ဦးအား သွားရောက် ဖမ်းဆီးခဲ့ပြီး အပြန်တွင်း ယင်းသို့ တိုက်ခိုက်ခံရခြင်းဖြစ်ကြောင်း သိရသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက တရားခံများအားခေါ်ဆောင်ပြီး ပြန်လည်ထွက်ခွာစဉ် ရွာတွင်းမှ လူစုလူဝေးများဖြင့် အော်ဟစ်ဆူညံကာ ဝိုင်းရံလာသဖြင့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များက လက်နက်ငယ်ဖြင့် ၁၅ ချက်ခန့် ခြောက်လှန့်ပစ်ခတ်စဉ် တရားခံ ၆ ဦးအနက်မှ အဒူစောဘူ အပါအဝင် ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်ဟု ဆိုသည်။ ဖမ်းဆီးခဲ့သည့် တရားခံ ၆ ဦးအနက်မှ နာဆာရူလာ (၃၀) နှစ် ၊ ဟိုင်ဘိုဆောင်း (၂၄) နှစ်၊ အာမိန် ဟူဆောင်း(၁၉) နှစ် နှင့် ရာမောက်ဒူလာ (၅၀) နှစ်တို့ ၄ ဦးကိုသာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရမိသူ ၄ ဦး နှင့်အတူ အောက်နန်းရာရွာ စာသင်ကျောင်းသို့ နံနက် ၇ နာရီခွဲတွင် ရောက်ရှိပြီး ခေတ္တရပ်နားစဉ် စာသင်ကျောင်းအား ကျေးရွာအတွင်းရှိ လူစုလူဝေး ၃၀၀ ကျော်ခန့်မှ ထပ်မံဝိုင်းထားပြီး ကိုက် ၅၀ ခန့် အထိ အနီးကပ်တိုးဝင်လာခဲ့ပြီး လောက်လေးဂွ၊ ဂျင်ကလိ၊ တုတ်၊ ဓားများဖြင့် ပစ်ခတ်ခဲ့သဖြင့် ရဲတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် အချက် ၄၀၊ ၅၀ ခန့် ထပ်မံ၍ ခြောက်လှန့်ပစ်ခတ်ခဲ့ရသည်ဟု ဖော်ပြထားသည်။ ရဲတပ်ဖွဲ့ဝင်များအား ၎င်းလူအုပ်စုကြီးမှ ရွာ၏ အနောက်ဘက် စေတီပြင်- အငူမော်သွား ကားလမ်းအထိ လိုက်လံ တိုက်ခိုက်ခဲ့ သဖြင့် ရဲမှူး ဥက္ကာအောင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင်များသည် ထိုးဖောက်၍ ဆက်လက် ထွက်ခွာခဲ့ရာ နံနက် ၈ နာရီ မိနစ် ၅၀ တွင် သာယာကုန်းကျေးရွာသို့ ရောက်ရှိကြောင်းသိရသည်။ အဆိုပါတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး နှစ်ဘက် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ ထုတ်ပြန်ထားခြင်း မတွေ့ရသော်လည်း လက်ရှိ အချိန်တွင် ရဲတပ်ဖွဲ့ကရွာတွင်းဝင်ရောက်ပြီး တပ်မတော်က အပြင်စည်းဖြင့် ပိတ်ဆို့ရှင်းလင်းလျက်ရှိကြောင်းသိရသည်။ ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံ ၂ ဦး ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များသည် အောက်နန်းရာ ကျေးရွာအတွင်း ဝင်ရောက် ရှာဖွေရှင်းလင်းလျက် ရှိပြီး တပ်မတော်စစ်ကြောင်းများမှ ကျေးရွာ အပြင်ဘက်မှ နေ၍ ပိတ်ဆို့ရှာဖွေခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ သြဂုတ်လ ၃ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ကိုင်းကြီး(မြို)ရွာ သား ၆ ဦး အသတ်ခံရပြီး ၂ ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်း ထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။ အဆိုပါ ထုတ်ပြန်ချက်တွင် မောင်တောမြို့နယ်၊ ကိုင်းကြီး(မြို) ရွာ အနောက်ဘက်၌ သြဂုတ် ၃ ရက် နံနက်ပိုင်းတွင် သေနတ်သံများကြားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ ကိုင်းကြီးကျေးရွာသား ၆ ဦး၏ အလောင်းများအား တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ၂ ဦး ပျောက်ဆုံးလျက်ရှိသည် ဟုဆိုသည်။ The post ရသေ့တောင်မြို့နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရွာသား ၆၀၀ ခန့်ဝိုင်းဝန်း တိုက်ခိုက်ဟုဆို appeared first on ဧရာဝတီ.
Source : http://ift.tt/2u8rur7
via IFTTT

No comments:

Post a Comment