ရခိုင်မြောက်ပိုင်း လုံခြုံရေး တိုးမြှင့်ရန်အဆို ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့် ရခိုင်မြောက်ပိုင်း မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များတွင် အုပ်ချုပ်ရေးနှင့် လုံခြုံရေး အစီအမံများ တိုးမြှင့်ပေးရန် အစိုးရအား တိုက်တွန်းကြောင်း အဆိုုကို ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော် တွင် မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းအဆိုကို ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တင်သွင်းခြင်းဖြစ်ပြီး ဒေသ တွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ နယ်မြေ တည်တံ့ ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြုံရေးတို့ကို များစွာ ထိပါး နှောက်ယှက်လာ၍ ပိုမို ကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး ဖော်ဆောင်ရန် အစိုးရကို တိုက်တွန်းထားသည့် အဆို ဖြစ်သည်။ မဲပေးသူ ၃၉၆ ဦးတွင် ယင်းအဆိုကို ထောက်ခံသူ ၁၅၀ ဦး၊ ကန့်ကွက်သူ ၂၃၂ ဦးနှင့် ကြားနေသူ ၆ ဦးဖြင့် အဆိုမှာ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ ယင်းအဆိုကို ထောက်ခံပေးကြရန် ရခိုင်အမျိုးသားပါတီ ANP၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုး ရေးပါတီ USDP နှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက လွှတ်တော်တွင် တိုက်တွန်းခဲ့ကြသည်။ ရခိုင်အရေးကို အစိုးရက တုံ့ပြန်မှု နှောင့်နှေးပါက ဒေသခံပြည်သူများ၏ အသက်အိုးအိမ်နှင့် နိုင်ငံတော်၏ အချုပ် အခြာ အာဏာကို ရေရှည်တွင် ထိခိုက်လာနိုင်ကြောင်း၊ လတ်တလော ရခိုင်တိုင်းရင်းသား အရေးသည် နောင်အခါ တွင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အရေး ဖြစ်လာနိုင်ခြင်းကြောင့် ကိုယ်စားလှယ်များအနေဖြင့် မဲပေးရာတွင် စိတ် သဘောထားနှင့် လုပ်ဆောင်ချက်တို့ ထပ်တူကျရန် အရေးကြီးကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ဇော်ထွန်းဦးက ပြောသည်။ ဒုတိယ ဗိုလ်မှူးကြီး ဇော်ထွန်းဦးက “လိုအပ်ချက်အရ လွှတ်တော်အတွင်း မဲခွဲ ဆုံး ဖြတ်ကာ မှတ်တမ်းအဖြစ်သာ ထားရှိပါက နောင်မှာ ဖြစ်ပေါ်လာမည့် အကျိုးဆက် တို့ကို လွှတ်တော်က တာဝန်ယူရ မှာ ဖြစ်ပါတယ်။ လွှတ်တော်ရဲ့ လုပ်ရပ်အပေါ်မှာလည်း ဒေသခံ တိုင်းရင်းသားများနဲ့ နိုင်ငံသူ နိုင်ငံသား အားလုံးက အားရကျေနပ်မှာ မဟုတ်ဘူး ဆို တာ ပြောလိုပါတယ်”ဟု ပြောသည်။ သို့သော် ယင်းဆွေးနွေးချက်သည် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆုံးဖြတ်ပိုင်ခွင့်ကို ကျော်လွန် ပြောဆိုရာ ရောက် သဖြင့် ခွင့်မပြုနိုင်၍ ရုပ်သိမ်းရန် လွှတ်တော် ဥက္ကဌ ဦးဝင်းမြင့်က ညွှန်ကြားခဲ့ရာ ယင်းပြောဆိုချက်ကို တပ်မတော်သား ကိုယ်စားလှယ်က ပြန်လည်ရုပ်သိမ်းခဲ့သည်။ အတိုက်အခံ ကြံ့ခိုင်ရေးပါတီမှ ဒုတိယ ဗိုလ်ချုပ်ကြီး(ငြိမ်း)သောင်းအေးကလည်း ယင်းအဆိုကို အကောင်အထည် ဖော်ရန် အုပ်ချုပ်ရေးနှင့် လုံခြုံရေး အစီအမံများကို ပေါင်းစပ်ရမည်ဖြစ်၍ အုပ်ချုပ်ရေးတွင် တာဝန်ရှိသော အစိုးရခေါင်း ဆောင်များနှင့် လုံခြုံရေးတွင် တာဝန်ရှိသော တပ်မတော် ခေါင်းဆောင်များ ပါဝင်သည့် အမျိုးသား ကာကွယ်ရေး နှင့် လုံခြုံရေး ကောင်စီကို ခေါ်ယူ ဆွေးနွေးသင့်ပြီ ဖြစ်ကြောင်း လွှတ်တော်တွင် ပြောသည်။ ထို့ပြင်ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံတွေ ဖြစ်ပေါ်စေရန် ယခင် န.စ.ခ ကဲ့သို့ အဖွဲ့အစည်းများ ကို ဥပဒေနှင့်အညီ ပြန်လည် ဖွဲ့စည်းပြီး နယ်စပ်ဒေသကို လုံခြုံအောင် ကာကွယ်ရန် လိုပါသည်ဟုလည်း ၎င်းက ပြောသည်။ သို့သော် ကာ/လုံ ခေါ်ခြင်းသည် သမ္မတ၏ လုပ်ပိုင်ခွင့်ဖြစ်၍ ယခုအဆိုနှင့် တိုက်ရိုက်မသက်ဆိုင်ဟုဆိုကာ လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြန်လည် ရုပ်သိမ်း ခိုင်းသော်လည်း ဒုတိယ ဗိုလ်ချုပ်ကြီ(ငြိမ်း) သောင်းအေးက မရုပ်သိမ်းနိုင် ကြောင်း တုံ့ပြန်ခဲ့သည်။ ဦးဝင်းမြင့်ကမူ ၎င်း၏ လွှတ်တော် ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်ဖြင့် ပြန်လည် ရုပ်သိမ်းကြောင်း ကြေ ညာခဲ့သည်။ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး အောင်ကျော်နှင်းကမူ “ရခိုင်အရေးကို ကိုင်တွယ်ဆောင်ရွက်ရာတွင် နိုင်ငံတ ကာ ဖိအားကို စိုးရိမ်ပြီး လူ့အခွင့်အရေး ရှု့ထောင့်ကို ရှေ့တန်း တင်နေမယ့် အစား နိုင်ငံတော် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးနှင့် ဒေသခံ ရခိုင်တိုင်းရင်းသားများရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်တို့ ကာကွယ်ရေးအတွက် လုံခြုံရေး ရှု့ထောင့်ကို ဦးစားပေးကာ ဆောင်ရွက်သင့်ကြောင်း အကြံပြုလို ပါတယ်”ဟု ပြောသည်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၄ ရက်နေ့က ရသေ့တောင် မြို့နယ်ရှိ ဘဂါၤလီရွာတခုကို တရားခံ ဖမ်းဆီးရန် ရောက်လာသည့် ရဲတပ်ဖွဲ့ဝင်များကို ဘင်္ဂါလီရွာသား ၆၀၀ ခန့်က ဝိုင်းပြီး တိုက်ခိုက်ခြင်းသည် နိုင်ငံတော်၏ တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်ရေး ယန္တရားကို စိန်ခေါ်လိုက်ခြင်းဟု တပ်မတော်က ယူဆလျက်ရှိသည်။ “အတည်ပြုဆဲ သတင်းများအရ ဘဂါၤလီ အကြမ်းဖက်သမားများဟာ ၎င်းတို့ အခြေပြုနေထိုင်ရာ ကျေးရွာတွေကို လုံ ခြုံရေး တပ်ဖွဲ့တွေ ဝင်ရောက်လာပါက တအိမ်တယောက်ထွက် လူစုလူဝေးနဲ့ ညာသံပေးကာ သေနတ်တွေလုပြီး လုံ ခြုံရေး တပ်ဖွဲ့ဝင်တွေကို ဖမ်းဆီး သတ်ဖြတ်ခြင်းများ ပြုလုပ်ရန် ကြံစဉ်နေကြောင်း သတင်းရရှိပါတယ်”ဟု ဒုတိယ ဗိုလ်မှူးကြီး ဇော်ထွန်းဦးက ပြောသည်။ ဆက်လက်၍” ဒီသတင်း သာ မှန်ကန်မှု ရှိပါက နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရုံသာမက နိုင်ငံတော်ရဲ့ အချုပ် အခြာ အာဏာကို ထိပါးစေတဲ့ လုပ်ရပ်မျိုး လုပ်ဆောင်လာနေခြင်း ဖြစ်ကြောင်း သုံးသပ်ရပါတယ်”ဟု ၎င်းက ပြောသည်။ အခြား တပ်မတော်သား ကိုယ်စားလှယ် ဖြစ်သူ ဗိုလ်မှူးကြီး ထွန်းမြတ်ရွှေကလည်း “မေယုတောင်တန်းပေါ်မှာ ဘင်္ဂါလီ အကြမ်းဖက် သမားတွေရဲ့ ယာယီခြေကုပ် စခန်းတွေကို သိမ်းပိုက်စဉ်တွေ့ရှိရတဲ့ UN အမှတ်အသားပါ ထောက်ပံ့ရေး ပစ္စည်းတွေ ရောက်ရှိ နေမှုကိုလည်း သေချာ စစ်ဆေး၊ ဖော်ထုတ်ဖို့ လိုပါတယ်။ သို့မှသာ နိုင်ငံတကာ အဖွဲ့အစည်း တွေရဲ့ မြန်မာနိုင်ငံ ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း စွက်ဖက်နေမှုတွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေကို ထောက်ပံ့နေမှုတွေကို ကမ္ဘာကို ဖွင့်ချနိုင်မှာ ဖြစ်ပါတယ်”ဟု ဆွေးနွေးသည်။ သို့သော် NLD ပါတီမှ အမတ်များကမူ အစိုးရကို တိုက်တွန်းကြောင်းအဆိုသည် အစိုးရ မလုပ်မှသာ ဆောင်ရွက်ရမည့် ကိစ္စတခု ဖြစ်၍ ရခိုင်အရေးကို ထဲထဲဝင်ဝင် လုပ်နေသည့် အစိုးရအတွက် ယခုအဆိုဖြင့် သီးသန့် တိုက်တွန်းစရာ မလို ကြောင်း၊ အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန်သာ လိုကြောင်း ဆွေးနွေးခဲ့ကြသည်။ အာဏာရပါတီ NLD မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ပြုံးကေသီနိုင်က အစိုးရက ရခိုင်အရေးကို ရေတို၊ ရေရှည် နည်းလမ်း ၂ မျိုးဖြင့် အသုံးပြုလျက်ရှိကြောင်း၊ ရေတိုနည်းလမ်းမှာ လုံခြုံရေးတိုးမြင့်မှု ဆောင်ရွက်မှုကစ၍ နယ်မြေ ရှင်းလင်းမှုကဲ့သို့ စစ်ရေးအရ ပါဝင်ပတ်သက်ရမှု ဖြစ်ပြီး ရေရှည် နည်းလမ်းမှာ နိုင်ငံရေးနှင့် လူမှုရေးအရ ဖြေရှင်း ဆောင်ရွက်မှုများကတဆင့် အရပ်ဘက် အုပ်ချုပ်ရေးကို တည်ငြိမ်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဖြစ်ကြောင်းပြောသည်။ အဆိုနှင့်ပတ်သက်၍ လာရောက်ဖြေရှင်းသူ ပြည်ထဲရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေက အပြစ်မဲ့ အရပ် သားများကို အကာအကွယ်ပေးနိုင်ရေးအတွက် လုံခြုံရေး တိုးမြှင့်သွားမည် ဖြစ်ကြောင်း၊ အစွန်းရောက် အကြမ်းဖက် သမားများနှင့် အားပေး ကူညီသူများကိုလည်း ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်၍ ယခု အဆိုကို မှတ်တမ်းတင်ထားရန် လွှတ်တော်တွင် ပြောသည်။ “ပြည်ထောင်စု အစိုးရနဲ့ ရခိုင်ပြည်နယ်အစိုးရတို့မှ လိုအပ်သည့် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက် ရှိသည့်အပြင် တပ်မတော်၊ ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ပြီး လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကို ဆောင်ရွက်လျက် ရှိသည့်အတွက် အဆိုကို မှတ်တမ်းတင်သင့်ပါကြောင်း တင်ပြအပ်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။ The post ရခိုင်မြောက်ပိုင်း လုံခြုံရေး တိုးမြှင့်ရန်အဆို ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့် appeared first on ဧရာဝတီ.
Source : http://ift.tt/2irXp4g
via IFTTT
No comments:
Post a Comment