အမှုပိတ်ခဲ့သည့် ဒေါ်ခင်ဝင်း သေဆုံးမှု ပြန်လည် စစ်ဆေးမည် စစ်ကိုင်းတိုင်း ဒေသကြီး လက်ပံတောင်း ကြေးနီစီမံကိန်း အဓိကရုဏ်းတွင် သေနတ်ထိမှန် သေဆုံးခဲ့သော ဒေါ်ခင်ဝင်း အမှုအား ကနဦး လက်ခံ ကြားနာခွင့်ကို သြဂုတ်လ ၂၃ ရက်နေ့တွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ခွင့်ပြု လိုက်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်မှ သိရသည်။ “လူတစ်ယောက်လုံးလည်း သေနတ်ဒဏ်ရာနဲ့ သေတယ်။ နောက်ပစ်တဲ့ နေရာလည်း သိတယ်။ သူက ဘာမှ ရန်သွား လုပ်တာ မဟုတ်ဘဲ ပစ်လို့ သေရတာဆိုတော့ ဒီကိစ္စကြီးက ထင်ထင်ရှားရှားဖြစ်နေတယ်။ လူလည်းသေတယ် သေနတ် ဒဏ်ရာလည်း ရတယ်။ ဒီအပေါ်မှာ သေမှုသေခင်း ဖွင့်ရုံနဲ့ မလုံလောက်ဘူး။ ပစ်တဲ့ နေရာသိနေပြီ။ ပစ်တဲ့သူ ဘယ်သူလဲ ဆိုတာလည်း စစ်ရင်သိပြီ” ဟု မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်မှ ဦးဆောင်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးမောင်မောင်စိုးက ဧရာဝတီသို့ ပြောသည်။ ဆေးစာအရရော တရားသူကြီး စစ်ဆေးချက်အရပါ သေနတ်ဒဏ်ရာဖြင့် သေဆုံးကြောင်း သိရှိရသော်လည်း ဆက်လက် ဖော်ထုတ်ပေးခြင်းမရှိဘဲ အမှုပိတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။ ဆားလင်းကြီး မြို့နယ်ရဲစခန်းက ဒေါ်ခင်ဝင်း သေဆုံးခဲ့ရသည့် အမှုကို ခရိုင်ရဲတပ်ဖွဲ့မှူးနှင့် ခရိုင်ဥပဒေအရာရှိတို့၏ မှတ် ချက်ဖြင့် ၂၀၁၅ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့က အမှုပိတ်ခဲ့ခြင်းဖြစ်သည်။ ကာလအတော်ကြာမှ မြန်မာနိုင်ငံ ရှေ့နေများ ကွန်ရက်က သိရှိသဖြင့် အမှုပြန်လည် စစ်ဆေးပေးရန် စာချွန်လွှာကို မေလတွင် တင်သွင်းခဲ့ပြီး ယခုလတွင်မှ ကနဦး လက်ခံ ကြားနာခွင့် ရရှိခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ဝမ်ပေါင်ကုမ္ပဏီက ဒေသခံများ၏ မြေယာများကို အတင်းအကျပ် ခြံစည်းရိုး ခတ် သဖြင့် ဒေသခံရွာသားများနှင့် လုံခြုံရေးများအကြား အဓိကရုဏ်းဖြစ်ခဲ့ရာမှ ဒေသခံတောင်သူ ဒေါ်ခင်ဝင်း သေနတ် ထိမှန် သေဆုံးခဲ့ခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက် မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်သိန်းက “နှစ်ဖက်လျှောက်လဲချက် ပေးဖို့ နှစ်ဖက်ကို စစ်မှာပေါ့။ ဒီဟာက အမှုပိတ်သိမ်းတယ်ဆိုတဲ့ အထောက်အထားရယ်၊ ဘယ်ဟာက ခိုင်လုံတယ် ဆိုတာရယ် လျှောက်လဲ ချက် ပေးရမှာပေါ့။ သူတို့ဘက်ကတော့ ရှေ့နေချုပ်ရုံးက ရှေ့နေ လာမှာပေါ့။ ကျနော့်ဘက်ကတော့ ကျနော်တို့ ရှေ့နေ အဖွဲ့က သွားပြီးတော့ ဆောင်ရွက်မှာပေါ့’’ ဟု ဧရာဝတီသို့ ပြောသည်။ ၂၀၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ခဲ့သည့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ထွက်ပေါ်ခဲ့သော အစီရင်ခံစာ၌ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်စေသည့် စံချိန်စံညွှန်း များနှင့် စီမံကိန်းကို ဆက်လက် လုပ်ကိုင်မည်ဖြစ်ကြောင်း၊ ဒေသခံများကို ကာလပေါက်ဈေးအတိုင်း မြေယာလျော်ကြေး ပေးရန်နှင့် ဒေသအတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများ လုပ်ကိုင်နိုင်ရေး အခွင့်အလမ်းများ ဖန်တီးပေးရန် စသည့် အချက်များ ပါဝင်ခဲ့သည်။ အစီရင်ခံစာတွင် ပါဝင်သည့် အချက်တချက်ဖြစ်သည့် အစားထိုးမြေဧက ၁၉၀၀ အား ဖော်ဆောင်ပေးခြင်း မရှိသောကြောင့် ဒေသခံပြည်သူများ အနေဖြင့် စိုက်ပျိုး မြေယာများ လက်လွတ်ဆုံးရှုံးနေရပြီး အလုပ်အကိုင် ရှားပါးမှုများနှင့် စားဝတ်နေရေး ကျပ်တည်းမှုများ ရင်ဆိုင်နေရ၍ တောင်းဆို ဆန္ဒပြကြခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။ အဆိုပါ ကြေးနီစီမံကိန်းကို တပ်မတော်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်ကော်ပိုရေးရှင်းနှင့် တရုတ်နိုင်ငံသားပိုင် ဝမ်ပေါင် ကုမ္ပဏီ တို့က ၂၀၁၀ ခုနှစ်က စတင်လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ The post အမှုပိတ်ခဲ့သည့် ဒေါ်ခင်ဝင်း သေဆုံးမှု ပြန်လည် စစ်ဆေးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2xfn0AL
via IFTTT
No comments:
Post a Comment