ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့် ယနေ့ ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတခု ဆွေးနွေးစဉ် အမတ် တဦးက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)ကို ဖျက်သိမ်းရန် ကြိုးပမ်းခဲ့သော်လည်း မဲခွဲဆုံးဖြတ်ချက်ဖြင့် ၆၆(ဃ) ဖျက် သိမ်းရေး မအောင်မြင်ခဲ့ကြောင်း သတင်းရရှိသည်။ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ လှိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ကျော်ဦးက ပုဒ်မ ၆၆ (ဃ)ကို ဖျက်သိမ်းရန် တင်ပြခဲ့ရာတွင် ၎င်းကို ထောက်ခံသူ ၁၉ ဦး၊ ကန့်ကွက်သူ ၃၇၂ ဦး ရှိ၍ ရှုံးနိမ့်သွားရသည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကိုက်ညီမှု မရှိ ခြင်း၊ ရာဇသတ်ကြီး ဥပဒေအရ အရေးယူနိုင်ခြင်းနှင့် ဥပဒေကို ကျင့်သုံး ရာတွင် တလွဲ ကျင့်သုံးနေခြင်းတို့ကြောင့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ကို ဖျက်သိမ်းရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း ဦးအောင်ကျော်ကျော် ဦးက လွှတ်တေ်ာတွင် ပြောသည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၅၄ တွင် လွတ်လပ်စွာ ပြောဆိုခွင့်ကို အာမခံထားကြောင်း၊ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၈၃မှ ၃၈၉၊ ၄၉၉ မှ ၅၀၂၊ ၅၀၄၊ ၅၀၅ တို့သည် ပုဒ်မ ၆၆ (ဃ) ပြစ်မှုများကို အပြစ်ပေးနိုင်သဖြင့် ထပ်မံ ပြဌာန်းရန် မလို ကြောင်း၊ ပြစ်မှု တခုကို ဥပဒေ ၂ မျိုးနှင့် အရေးယူသလို ဖြစ်နေကြောင်း ၎င်းက ဆွေးနွေးသည်။ “စာသားကိုပဲ အရေးယူနိုင်ပြီး ဆက်သွယ်ရေးကွန်ရက် မပါဘူးလို့ မေးခွန်း ထုတ်စရာ ရှိပါတယ်။ အဲဒီအတွက် သက်သေခံ ဥပဒေကို ပြင် ဆင်တဲ့ ဥပဒေအရ Document ဆိုသည့် စကားရပ် အဓိပ္ပါယ်နောက်တွင် Electronic Record and Information are record ဆိုတာ ထပ်ဖြည့်ထားပြီး ဖြစ်တဲ့အတွက် အွန်လိုင်းက ပြစ်မှုတွေ အားလုံးကို ရာဇသတ်ကြီး ဥပဒေနဲ့ အရေးယူဖို့ လုံလောက်ပါတယ်”ဟု လှိုင်မြို့နယ် လွှတ်တော် အမတ်က ပြောသည်။ ၎င်းက ဆက်၍ “ပုဒ်မ ၆၆(ဃ)ကို လိုရင်လိုသလို မလိုရင် မလိုသလို တလွဲအသုံးပြုနေတာကြောင့် ပြည်သူကို ဒုက္ခပေး ခဲ့လို့ လွှတ်တော် က ဖျက်သိမ်း လိုက်ရတဲ့ ၁၉၅၀ အရေးပေါ် စီမံမှု ဥပဒေ၊ ၁၉၇၅ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီး လိုသူများ ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေနဲ့ ဧည့်စာရင်း ဥပဒေများကဲ့သို့ပဲ ကျင့်သုံးပုံ လွဲမှားမှု ကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားနေပါတယ်”ဟု ပြောဆိုသည်။ သို့သော် ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီ ဥက္ကဌ ဦးထွန်းထွန်းဟိန်ကမူ ဥပဒေတခုကို ကိုင်တွယ်ဆောင်ရွက် သူများ၏ ချို့ယွင်း ချက်ကြောင့် ချို့ယွင်းချက် မရှိသည့် ဥပဒေတခုကို ပယ်ဖျက်လိုက်ရမည် ဆိုပါက တရားမျှတမှု မရှိ ကြောင်း၊ ဥပမာ လိမ်လည်မှု၊ ခိုးမှုတို့ ကို ကျူးလွန်သော်လည်း ကျင့်ထုံး မှားယွင်းသည့် အတွက် ယင်းပုဒ်မများကို ပယ်ဖျက်ပါမည်လားဟု လွှတ်တော်တွင် မေးခွန်းပြန်ထုတ် သည်။ ဦးထွန်းထွန်းဟိန်က “လွတ်လပ်စွာ ပြောဆိုခွင့် Totally Freedom ဆိုတာ ဒီမိုကရေစီ နိုင်ငံတွေမှာတောင် မရပါဘူး။ ဘယ်သူမှ လွတ် လွတ်လပ်လပ် ပြောဆို ခွင့်ဆိုတာ မရနိုင်ပါဘူး။ သူတို့ကို တည်ဆဲ ဥပဒေများနှင့်အညီသာ လွတ်လပ်ခွင့် ပေးရတာ ဖြစ်ပါတယ်။ ကျနော် တို့ ပြဌာန်းထားတဲ့ ၂၀၁၃ ခုနှစ်၊ ဆက်သွယ်ရေး ဥပဒေဟာ တည်ဆဲ ဥပဒေဖြစ်ပါတယ်။ ဒီတည်ဆဲ ဥပဒေနှင့်အညီသာ လွတ်လွတ် လပ်လပ် ပြောဆိုခွင့်ရမှာ ဖြစ်ပါတယ်”ဟု ပြောသည်။ ထို့အပြင် လွှတ်တော် ကိုယ်စားလှယ်တချို့က အသရေဖျက်သည်ဆိုသည့် ဝေါဟာရကို ပုဒ်မ ၆၆(ဃ)တွင် ဖြုတ်ပစ်ရန် တင်ပြခဲ့သော် ဥပဒေကြမ်း ကော်မတီက သဘောမတူသဖြင့် မဲခွဲရာ ဥပဒေကြမ်း ကော်မတီက အနိုင်ရခဲ့သည်။ ထို့အတူ တရားစွဲရာတွင် ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် ယူရန် လို၊ မလိုကိုလည်း မဲခွဲရာ ခွင့်ပြုချက် ယူရန် လိုကြောင်း တင်ပြသည့် ဥပဒေကြမ်း ကော်မတီကပင် အနိုင်ရခဲ့သည်။ မဲခွဲဆုံးဖြတ်မှုတိုင်းတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက ဥပဒေကြမ်း ကော်မတီ၏ နောက်သို့ လိုက်ပြီး ရပ်တည် ခဲ့သည်ကိုလည်း တွေ့ရသည်။ “ပုဒ်မ ၆၆ (ဃ)မှာ အသရေဖျက်မှု အပိုင်းကို ထုတ်ပယ်လိုက်မယ်ဆိုရင်လည်း ကျနော်တို့က ဘာနဲ့ အလားသဏ္ဍာန် တူ လည်းဆိုရင် ဆက် သွယ်ရေး ကွန်ရက်ကို အသုံးပြုပြီးတော့ ကြိုက်သလောက် အသရေဖျက်ပါ။ ပြစ်မှု မဖျက်ပါဘူးလို့ အားပေးရာ ရောက်သွားပါတယ်။ အဲလိုဆိုရင် လောကကြီးရဲ့ ကောင်းကျိုးကို အများကြီး ထိခိုက်သွားနိုင်ပါတယ်”ဟု ဦးထွန်းထွန်းဟိန်က ဆွေးနွေးသည်။ သို့သော် ပုဒ်မ ၆၆(ဃ) အရ အပြစ်ရှိကြောင်း ထင်ရှားပါက အရေးယူနိုင်သည့် ပြစ်ဒဏ်ကို ၃ နှစ်ထက် မပိုသော ထောင် ဒဏ် ဟု ပြဌာန်း ထားရာ ဥပဒေကြမ်း ကော်မတီက ၃ နှစ်အောက် ထောင်ဒဏ်ဟု ပြင်ဆင်သော်လည်း ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး နှင့် အခြား အမတ် ၁၀ ဦးတို့က ၂ နှစ်ထက် မပိုသော ထောင်ဒဏ်ဟု ပြင်ဆင်လိုကြောင်း တင်ပြသဖြင့် မဲခွဲရာ ဦးတင်ထွေးတို့ အနိုင်ရခဲ့သည်။ ဥပဒေကြမ်း ကေ်ာမတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက “ကျနော်တို့က ၆၆(ဃ)ကို အာမခံပဲ ပေးချင်တာ။ ပြည်သူ လူထု ရဲ့ လိုလား ချက်အတိုင်း အာမခံပေးနိုင်ရုံလောက်ပဲ လွှတ်တော်က ပြင်ဆင်ပေးလိုက်တာ။ ဖြုတ်သိမ်းရေးကတော့ မဖြစ်နိုင် ပါဘူး။ မီဒီယာတွေ အပါ အဝင် အများစုမှာ တရားစွဲဆိုခံရရင် အချုပ်ကျနေတဲ့အတွက် ဒီလိုမဖြစ်အောင် ၂ နှစ် ထက် မပိုသောဆိုပြီး ပြင်ဆင်ခြင်း ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။ အမျိုးသား လွှတ်တော်တွင်လည်း ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေးကို အမတ်တချို့ ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ သလို ပြည်သူ့ လွှတ်တော်တွင်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။ လက်ရှိတွင် ၆၆ (ဃ)ဖြင့် တရားစွဲခံရမှုပေါင်းသည် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၇ ရက်နေ့အထိ ၈၈ မှုရှိပြီး အမုန်းစကား ပြောဆို ၍ တရား စွဲခံရသည့် အမှု တမှုမှ မရှိကြောင်း၊ ၎င်းတို့ထဲတွင် သတင်းမီဒီယာ အမှုပေါင်း ၁၀နှင့် လူပုဂ္ဂိုလ် ၁၇ ဦး ရှိကြောင်း ဆက်သွယ်ရေး ဥပဒေ ပြင်ဆင်ရေး သုတေသန အဖွဲ့ထံမှ သိရသည်။ ယခု ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ပြင်ဆင်ချက် ၉ ခုပါရှိပြီး အမျိုးသား လွှတ်တော်သို့ ပြည်လည် ပေးပို့မည် ဖြစ်ရာ အမျိုးသား လွှတ်တော်က ပြင်ဆင်ချက်များကို သဘောမတူပါက လွှတ်တော် ဥပဒေနှင့်အညီ ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရမည်ဟု ဆိုသည်။ The post ပုဒ်မ ၆၆ (ဃ) ဖျက်သိမ်းရေး ပြည်သူ့လွှတ်တော်တွင် ရှုံးနိမ့် appeared first on ဧရာဝတီ.
Source : http://ift.tt/2uWUeDK
via IFTTT
No comments:
Post a Comment