Tuesday, August 22, 2017


မေယုဒေသ ထာဝရ လုံခြုံရေး ရှိလာနိုင်မလား အသက် ၄ဝကျော် ဖခင်တဦးက ကျောင်းဝတ်စုံအပြည့်နှင့် သမီးငယ်နှစ်ဦးကို ဖက်ကာ ငိုကြွေးပူဆွေး နေကြသည့် ရင်နှင့် ဖွယ်ရာ ဓာတ်ပုံတပုံက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အင်တာနက် လူမှုကွန်ရက် စာမျက်နှာများပေါ် ပျံ့နှံ့ခဲ့သည်။ ပျံ့နှံ့လာသော ထိုဓာတ်ပုံ မြင်ကွင်းသည် လက်ရှိဖြစ်ပျက်နေသော မောင်တောဒေသ၏ တရားဥပဒေစိုးမိုးမှု မရှိခြင်း၊ အုပ်ချုပ်ရေး ယန္တားရား ပျက်ပြားနေခြင်း၊ လုံခြုံရေးစည်း ကျိုးပေါက်နေခြင်း စသည့် အခြေအနေအရပ်ရပ်ကို မီးမောင်း ထိုးပြနေသည်။ ဓာတ်ပုံမြင်ကွင်းမှာ မကြာသေးခင်က ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် အနောက်ဘက်ခြမ်း ကိုင်းကြီး အကြမ်းဖက်မှု ဖြစ်စဉ် ကြောင့် သေဆုံးခဲ့သော မိသားစုဝင်များ အတွက် ငိုကြွေးနေသည့် ဦးစံထွန်းနှင့် သူ၏ သမီးငယ်များ ဖြစ်သည်။ အကြမ်းဖက်မှုတွင် ဦးစံထွန်း၏ သား ၁ ဦး နှင့်ညီ ၁ ဦး အသတ်ခံခဲ့ရသည်။ မောင်တောမြို့နယ်၏ တောင်ဘက်ပိုင်းတွင် ကိုင်းကြီး ရခိုင်ကျေးရွာနှင့် ကိုင်းကြီး မြိုကျေးရွာ ဟူ၍ ရှိသည်။ ရွှေ့ပြောင်း တောင်ယာ လုပ်ငန်းဖြင့် အသက်မွေးသော ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်းသားများသည် ကိုင်းကြီး ရခိုင် ကျေးရွာ အနီးတွင် ကိုင်းကြီး မြိုရွာကို ၂၀၁၃ ခုနှစ်က စတင် တည်ထောင်ခဲ့ကြသည်။ ထိုသို့ မိရိုးဖလာ လုပ်ကိုင်စားသောက်ကြသော ကိုင်းကြီးကျေးရွာနေ မြိုတိုင်းရင်းသားများသည် မေယု တောင်ကြော ပေါ်တွင် တောင်ယာ စိုက်ခင်းများကို စိုက်ပျိုးကြသည်။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း တဦးတောင်ယာခင်းအား တဦးအလှည့်ကျ လုပ်အားပေး စနစ်ဖြင့် ပေါင်းမြက်များကို သုတ်သင် ရှင်းလင်းကြသည်။ သြဂုတ် လ ၃ ရက်နေ့က ဦးမေရိုင်း တောင်ယာတွင် အလှည့်ကျသည်။ နံနက် ၆ နာရီ ခွဲ ကျော်က တောင်ယာတွင် ပေါင်းရှင်းရန် ရွာမှ ထွက်ခွာသွားခဲ့ကြသည်။ တောင်ယာ၂ ခင်း စိုက်ပျိူးထားသော ဦးမေရိုင်းက အောက်တောင်ယာတွင် စပါးနှံ ထွက်စပြုနေပြီ ဖြစ်သည့် အတွက် ကျေးငှက်များကို စောင့်ရန် ကျန်နေရစ်ပြီး အထက်တောင်ယာသို့ သားနှင့်ချွေးမ အပါအဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၅ ဦး စုစုပေါင်း ၈ ဦး သွားရောက်ကြသည်။ မကြာခင် အောက်တောင်ယာမှ စပါးခင်းစောင့်နေသော ဦးမေရိုင်းတယောက် သေနတ်သံများကို ကြားလိုက်ရသည်။ သေနတ်သံအား ခန့်မှန်းကြည့်သော် သူ၏ အပေါ်တောင်ယာစိုက်ခင်း အနီးဝန်းကျင်မှ ဖြစ်ကြောင်း ဦးမေရိုင်း ကောက်ချက် ချသည်။ “သေနတ်သံကြားတော့ ဒီနေ့တော့ ထူးတယ်ဟ။ ကျနော်ထင်တာက အကြမ်းဖက်သမားတွေနဲ့ တပ်မတော် ထိပ်တိုက် တိုးပြီး တိုက်ပွဲဖြစ်နေကြတယ်ပေါ့။ အတွဲလိုက် ပစ်သံတွေကြားတယ်။ ဘာပဲဖြစ်ဖြစ် ကျနော့် တောင်ယာနားမှာ ဖြစ် တာ ဆိုတော့ ကိုယ့်လူတွေ ထိသွားပြီလား။ ပါသွားပြီးလားဆိုပြီးတော့ စိုးရိမ်တာပေါ့”ဟု ဦးမေရိုင်းက အကြမ်းဖက်မှု ဖြစ်ပွားခဲ့သောနေ့က အဖြစ်အပျက်ကို ပြန်လည် ပြောပြသည်။ တောင်ယာပတ်ဝန်းကျင်တွင် သေနတ်သံများကြားလိုက်ရသည့်အတွက်အပေါ်တောင်ယာပေါ်မှသူ၏ သားနှင့်ချွေးမ အပါအဝင် ကျေးရွာသားများ ပြန်လာကြည့်မည်အထင်နှင့် ဦးမေရိုင်းတယောက်စောင့်မျှော်ခဲ့သည်။ အပေါ် တောင်ယာ ခင်းနှင့် အောက်တောင်ယာခင်းသည် နာရီဝက်ခန့်သာ လမ်းလျှောက်ရသည်။ ၁ နာရီခန့် စောင့်မျှော်ခဲ့သော်လည်း သူ့ လူများ ဆင်းလာကြသည်ကို အရိပ်အယောင်ပင် မတွေ့ရပေ။ “သေနတ်သံကြားတာက မနက် ၈ နာရီ လောက်မှာကြားတာ။ ကျနော် သူတို့ပြန်ဆင်းလာမှာလား ဆိုပြီး ၁ နာရီ လောက် စောင့်နေသေးတယ်။ ဆင်းလာတာမတွေ့တော့ ကြောက်ကြောက်နဲ့ပဲ သွားကြည့်တာပေါ့”ဟု ဦးမေရိုင်းက ပြောပြသည်။ အခြေအနေကို သိလိုသည့်အတွက် ဦးမေရိုင်း အပေါ်တောင်ယာသို့ လိုက်သွားခဲ့ရာ တောင်ယာရောက်သည်နှင့် ပထမ ဆုံး မြင်လိုက်ရသည့် မြင်ကွင်းက ဦးမေရိုင်းအတွက် သွေးဆုတ်သွားသည်။ ဒဏ်ရာများနှင့် လဲကျသေဆုံး နေသော အမျိုးသား၂ ဦးနှင့် အမျိုးသမီး ၁ ဦး။ ထိုအမျိုးသား ၂ ဦးထဲတွင်သူ၏သား လိုင်ကြတ် ၂၄ နှစ် လည်း ပါသည်။ ဦးမေရိုင်း ရှေ့ဆက် မသွားရဲတော့ဘဲ ကျေးရွာသို့ ပြန်ပြေးလာခဲ့သည်။ ရွာသို့ ပြန်ရောက်လာသောအခါ သူ၏ တောင်ယာ စိုက်ခင်းတွင် ပေါင်းရှင်းသွားသူ ၈ ဦးမှလွဲပြီး ယင်းနေ့ တောင်ပေါ်တက် အလုပ်သွားသော ရွာသားများ သည် သေနတ်သံများကြား၍ ရွာသို့ ဆင်းပြေးလာကြသည်ကို တွေ့မြင်ရသည်။ ဦးမေရိုင်း ကျေးရွာလူကြီး ဦးစံထွန်းကို သတင်းပို့သည်။ လဲကျ သေဆုံးသူထဲတွင် ရွာလူကြီး ဦးစံထွန်းသား မောင်ကိုင်ဝိုင်ကိုလည်း တွေ့မြင်ခဲ့ကြောင်း ပြောပြလိုက်တော့ ၎င်း တို့ နှစ်ဦးစလုံးမှာ အချင်းချင်းဖက်ကာ ငိုကြွေးလိုက်ကြသည်။ “ကျနော့်သားနဲ့ သူ့သား သေသွားပြီးဆိုတာ ဦးမေရိုင်းလာပြောတော့ သူလည်းငိုတယ်။ ကျနော်လည်း ငိုတယ်။ ကျနော် တို့ မြိုတိုင်းရင်းသား ဆိုတာ ဓားတချောင်းနဲ့ ခုတ်ပြီး တောင်ယာပဲ လုပ်စားတတ်တာ။ ဒီလို အဖြစ်ဆိုမျိုး တခါမှ လည်း မကြုံဖူးဘူး”ဟု ဦးစံထွန်းက ပြောသည်။ ရွာလူကြီး ဦးစံထွန်းသည် နယ်မြေ စစ်ကြောင်းမှူးထံသို့ အဖြစ်အပျက်များကို ဖုန်းဆက် အကြောင်းကြား လိုက်သည်။ ကိုင်းကြီး မြိုကျေးရွာတခုလုံး ထိတ်လန့်တုန်လှုပ် သွားကြသည်။ အမျိုးသမီးများနှင့် ကလေးများသည် ရွာအပြင်ကို ထွက်ခွာ၍ ကားလမ်းမပေါ် သွားရောက်စုဝေးကြသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များကို အားကိုးတကြီး စောင့်မျှော်နေကြသည်။ ရွာလူကြီး ဦးစံထွန်း၏ ဖုန်းဆက် သတင်းပေးမှုကြောင့် တပ်မတော် စစ်ကြောင်းများက ကိုင်းကြီးကျေးရွာသို့ ရောက်ရှိ လာပြီး ဖြစ်ရပ်များကို မေးမြန်းကာ ကျေးရွာသားများနှင့် အတူ အကြမ်းဖက်မှုဖြစ်ပွားခဲ့သော ဦးမေရိုင်း တောင်ယာသို့ သွားရောက်ခဲ့ကြောင်း ဦးစံထွန်းက ပြောသည်။ “တပ်မတော် စစ်ကြောင်းတွေ ရောက်လာပြီ ဆိုတော့ အမျိုးသမီးတွေကလွဲပြီး ကျနော်တို့ တရွာလုံး လိုက်သွားကြ တယ်။ တုတ်တွေ၊ ဓားတွေ ကိုင်ပြီးတော့။ အလောင်း ၆ လောင်းတွေ့တယ်။ အဲဒီအထဲမှာ ကျနော့်သား အကြီးနဲ့ ညီ အထွေးဆုံး တယောက် ပါတယ်။ ဦးမေရိုင်းမှာတော့ သားနဲ့ ချွေးမ နှစ်ယောက်လုံး ပါတယ်” ဟု ဦးစံထွန်းက ရှင်းပြ သည်။ ကိုင်းကြီးကျေးရွာ အကြမ်းဖက်မှုတွင် သေဆုံး သူများ၏ မိသားစုဝင် ဖြစ်သော ဦးစံထွန်းမင်းအောင်ခိုင်/ဧရာဝတီ သေဆုံးသွားသော အနီးပတ်ဝန်းကျင်တွင် သေနတ် ကျည်ခွံများကို တွေ့ရသည်ဟု ဆိုသည်။ လဲကျ သေဆုံးနေသည့် အနေအထားကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်သမားများသည် ကြိုတင်ကြံစည် ထားခြင်း ဖြစ်ပြီး ပေါင်းမြက်ရှင်းရန် ယာတဲရှေ့တွင် ဝိုင်းဖွဲ့ ဓားသွေးနေစဉ် အတွဲလိုက် သေနတ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး သေဆုံးပြီးမှ ဓားနှင့် ခုတ်သွားခြင်း ဖြစ်သည်ဟု ရွာလူကြီး ဦးစံထွန်းနှင့်အတူ ကျေးရွာသားများက ယူဆကြသည်။ အကြမ်းဖက်ခံခဲ့ရသော မြိုတိုင်းရင်သား ၈ ဦးထဲတွင် ပထမ အလောင်း ၆လောင်း တွေ့ပြီး နောက်တနေ့တွင် ပျောက် ဆုံး နေသော အမျိုးသမီး၂ဦးထဲမှ ၁ ဦး၏ အလောင်းကို စမ်းချောင်းထဲတွင် တွေ့ရှိခဲ့ကြောင်း၊ ကျန်အမျိုးသမီး ၁ ဦးမှာ ယနေ့အချိန်ထိ ပြန်မတွေ့သေးကြောင်း ကျေးရွာသားများက ပြောသည်။ ၎င်းတို့ မည်သို့မည်ပုံ ဖြစ်ခဲ့ကြသည်ကိုတော့ အကြမ်းဖက်ခံ ၈ ဦးထဲမှ လွတ်မြောက်လာသူ မရှိသည့်အတွက် တိတိ ကျကျ မပြောပြနိုင်ကြပေ။ လက်ရှိ မေယုဒေသအတွင်း ဖြစ်ပျက်နေသာ အခြေအနေများနှင့် ပတ်သက်၍ သြဂုတ်လ ၁၆ရက်နေ့က မောင်တော မြို့ပေါ်တွင် ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော(မေယုဒေသ) စသည့် မြို့နယ် ၃ မြို့နယ်မှ ပြည်သူများနှင့် အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် သေဆုံးသွားခဲ့သူ မိသားစုဝင်များက ဒေသအခြေအနေနှင့် တွေ့ကြုံ ခံစားချက်များ ကို သတင်းစာ ရှင်းလင်းပွဲလုပ် ပြောကြားခဲ့သည်။ ထိုရှင်းလင်းပွဲသို့ ကိုင်းကြီး ကျေးရွာသားများလည်း တက်ရောက်ခဲ့ကြသည်။ ဖြစ်စဉ်အမှန်နှင့် လက်ရှိကြုံတွေ့ နေရ သော အခက်အခဲများကို နိုင်ငံတော်အစိုးရနှင့် ကမ္ဘာက သိစေချင်သည့်အတွက်ကြောင့် လာရောက်ကြသည်ဟုလည်း ကိုင်းကြီး ရွာသား ဦးစံထွန်းက ပြောသည်။ “ရွာမှာတပ်နဲ့ ရဲလုံခြုံရေးရှိတယ် ဆိုပေမယ့် ကျနော်တို့ မလုံခြုံဘူး။ ရေခပ်ဖို့လည်း လုံခြုံရေးကို ခေါ်ရတယ်။ ကျန်းမာ ရေး သွားဖို့တောင် လုံခြုံရေးပါမှ သွားရဲတယ်”ဟု အကြမ်းဖက်မှုကြောင့် မိသားစုဝင်များသေဆုံးခဲ့ရသူ ဦးစံထွန်းက ပြောပြသည်။ မေယုဒေသ၏ အခြေနေသည် အစိုးရက လုံခြုံရေး တိုးမြှင့်ပေးထားသည်ဟု ဆိုသော်လည်း ကောက်ရိုးမီး လုံခြုံရေး အဆင့်သာ ရှိပြီး တရားဥပဒေ စိုးမိုးမှုနှင့် အုပ်ချုပ်ရေး ယန္တားရားလည်း ပျက်ပြားနေသည်ဟု ဒေသခံများက ဝိုင်းဝန်း ပြောဆိုကြသည်။ “မေယုဒေသမှာ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပေါ် နေရတာကတော့ အစိုးရအနေနဲ့ ဒေသလုံခြုံရေး အတွက် ကြိုတင် ကာကွယ် ပြင်ဆင်မှုတွေမရှိဘူး။ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားပြီးမှ နောက်ကနေ လိုက်လံ ဆောင် ရွက် တယ်။ ဒါဟာ ဘာနဲ့တူသလဲဆိုရင် မီးမလောင်ခင် ကြိုတင်တားဆီးဖို့ မစီစဉ်ဘဲ မီးလောင်ပြီးမှ ပြာကောက်တဲ့ သဘောဖြစ်ပါတယ်” ဟု မောင်တော မဲဆန္ဒနယ် အမှတ်(၂ ) မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ဝေဖန်သည်။ မောင်တောမြို့နယ် လောင်းဒုန်ကျေးရွာနေ ဦးကျော်ဝင်းကတော့ ဒေသတွင်း လုံခြုံရေး တိုးမြှင့်ပေးထားသည် ဆိုသော် လည်း ကျေးရွာအချင်းချင်း ကူးလူးဆက်သွယ်မှု ပြတ်တောက်သွားသည့်အတွက် နေအိမ်တွင် ခိုအောင်းနေရသော အကျယ်ချုပ်ကျခံ ဘဝမျိုး ရောက်နေရသည်ဟု ဆိုသည်။ “ကိုယ့်ရွာထဲမှာပဲ ခိုအောင်းနေရတဲ့ အခြေအနေဖြစ်သွားပြီ။ အကြမ်းဖက်သမားနဲ့ ဘင်္ဂါလီဆိုတာ ခွဲခြားလို့ရတာမှ မဟုတ် တာ။ ကျနော်တို့ လုံခြုံရေးမရှိရင် ညမအိပ်ရဲတော့ဘူး”ဟု ဦးကျော်ဝင်းက ပြောသည်။ ဦးသိန်းစိန် အစိုးရ လက်ထက် ၂၀၁၂ ခုနှစ်က ရခိုင်တွင် ရခိုင်-ဘင်္ဂါလီ ပြဿနာ စတင်ခဲ့သည်။ နှစ်ဘက် အခြေအနေ တင်းမာမှုများ မြင့်တက်ခဲ့ပြီး ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် အရှိန်လျော့ခဲ့သည်။ အစိုးရ အဆက်ဆက်သည် ရခိုင်ပြည်နယ် ကိစ္စကို ဖြေရှင်းနိုင်ခြင်း မရှိဘဲ နိုင်ငံတကာ ဖိအားများ ရှိနေသည်ဟု အကြောင်း ပြကာ အမှိုက်ဆိုးကို ဖျာအောက်မှာ ထိုးထားခဲ့သလို ထားခဲ့ကြသည်။ NLD အစိုးရလက်ထက် ၂၀၁၆ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့တွင် အကြမ်းဖက်အုပ်စုက မောင်တောဒေသကို ဝင်ရောက်၍ နယ်ခြားစောင့် ဌာနချုပ် အပါအဝင် လုံခြုံရေး ကင်းစခန်းများကို လက်ဦးမှုယူ တိုက်ခိုက်ခဲ့သည်။ ဒေသခံတိုင်းရင်းသားများ နီးစပ်ရာ မြို့ရွာများသို့ ထွက်ပြေးတိမ်ရှောင်ခဲ့ကြရသလို ပြည်ထောင်စုအဆင့် ဝန်ကြီးများနှင့် ပြည်နယ်အစိုးရ အဖွဲ့များ သွားရောက်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို တိုးမြှင့်ချထားပြီ ဖြစ်သည့်အတွက် အလွန် အမင်း မစိုးရိမ်ကြရန် အားပေးနှစ်သိမ့်သော်လည်း အကြမ်းဖက်မှုရန်စွယ်များက လုံခြုံရေး တပ်ဖွဲ့ဝင်များသာမက ဒေသခံ တိုင်းရင်းသားများကိုပါ အကြမ်းဖက် သတ်ဖြတ်လာပြန်သည်။ ယင်းအပြင် အာဏာပိုင်များနှင့် ပတ်သက်ဆက်နွယ်သော မွတ်စလင် ဘင်္ဂါလီများကိုလည်း ပစ်မှတ်ထား သတ်ဖြတ်မှု များ ရှိနေရာ သြဂုတ်လ ၉ ရက်နေ့အထိ သေဆုံးသူ ၅၉ ဦး၊ ပျောက်ဆုံးနေသူ ၃၃ ဦးအထိ ရှိလာကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သြဂုတ် ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းမတိုင်မီ ဇွန်လ ၃၀ ရက်နေ့က ကျင်းပသော ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် ဘူးသီးတောင် အမတ် ဦးထွန်းအောင်သိန်းက ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် (မေယုဒေသ)ရှိ ရခိုင်နှင့် မျိုးနွယ်စု တိုင်းရင်းသား များကို လက်ရှိအခြေအနေထက် ပို၍ အာမခံချက် ပေးနိုင်သည့် ကာကွယ်ရေး၊ လုံခြုံရေး အစီအမံများကို အကောင် အထည်ဖော် ဆောင်ရွက်ပေးရေး ရခိုင်ပြည်နယ် အစိုးရအား တိုက်တွန်းကြောင်း အဆိုတရပ်ကို တင်သွင်းခဲ့ရာ ရခိုင် ပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်ဝန်ကြီး ဦးမင်းအောင်က မောင်တောဒေသတွင် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး များကို စနစ်တကျ ဆောင်ရွက်နေကြောင်း၊ အဆိုအား မှတ်တမ်းအဖြစ်သာ ထားသင့်ကြောင်း တင်ပြခဲ့သည်။ သြဂုတ်လ ၃ ရက်နေ့ ကိုင်းကြီး အကြမ်းဖက်မှု ပြဿနာ ပေါ်ပေါက်လာပြန်သည်။ ထိုအခြေအနေ အရပ်ရပ်ကြောင့် အစိုးရအဖွဲ့နှင့် ရခိုင် လူထုကြားတွင် ယုံကြည်မှု ပျောက်ဆုံးနေသည်။ မကျေနပ်မှုများ မြင့်တက်လာသည့် အတွက် သြဂုတ်လ ၁၃ ရက်နေ့ ရခိုင် မြို့ကြီး ၁၅ မြို့တွင် ရခိုင်ပြည်နယ်အတွက် အစိုးရက အလုံးစုံ လုံခြုံရေး ယူပေးရန် တပြိုင်နက် ဆန္ဒပြ တောင်းဆိုခဲ့ကြသည်။ ရခိုင်တွင် လက်ရှိဖြစ်ပျက်နေသော ပြဿနာကို လူမျိုးစွဲ၊ ပါတီစွဲ မထားဘဲ အမျိုးသားရေး အမြင်ဖြင့် ဒေါ်အောင်ဆန်း စုကြည် ဦးဆောင်သော NLD အစိုးရ အပါအဝင် တပ်မတော်၊ ရခိုင်ဒေသခံ ပါတီများက ဆွေးနွေး အဖြေရှာသင့်ပြီ ဖြစ် သည်။ ကိုင်းကြီး မြိုကျေးရွာကို မြင်တွေ့ရစဉ်မင်းအောင်ခိုင်/ဧရာဝတီ မောင်တောဒေသ ထာဝရ လုံခြုံရေးအတွက် ခံတပ်မြို့တော်များ တည်ဆောက်ခြင်း၊ စံပြကျေးရွာများ ဖော်ဆောင်ပေး ခြင်း၊ စက်မှုဇုန်များ ထူဆောင်ပေးခြင်း တို့ကို နိုင်ငံတော်က စောလျင်စွာ အင်တိုက်အားတိုက် ဆောင်ရွက် အကောင် အထည် ဖော်သင့်နေပြီ ဖြစ်သည်။ ကိုင်းကြီး မြိုရွာ အကြမ်းဖက်မှုမဖြစ်ခင် ၄ ရက်ခန့်က ကိုင်းကြီး ကျေးရွာသားများ၏ တောင်ယာစိုက်ခင်း ပတ်ဝန်းကျင် တွင် တောစီးဖိနပ်ခြေရာ အများအပြားနှင့် ဆေးလိပ်တို အစအနများကို တွေ့ရှိရသည့်အတွက် ထိုကျေးရွာနှင့် အဆက် အသွယ်ရှိသော ခမရ ၃၈၀ မှ စစ်ကြောင်းမှူးအား ဖုန်းဆက် သတင်းပို့ခဲ့ကြောင်း ဦးစံထွန်းက ပြောသည်။ “ဒီလို ဒီလိုပဲ တောစီးဖိနပ်ခြေရာ အများကြီးတွေ့တယ်။ သူတို့ထိုင်ခဲ့တဲ့ နေရာတွေမှာလည်း သတင်းစာနဲ့လိပ်ပြီး သောက်ထားတဲ့ ဆေးလိပ်တိုတွေ့တယ် ဆိုပြီး ခမရ ၃၈၀ စစ်ကြောင်းမှူးကို သတင်းပို့တယ်။ သူ့နာမည်တော့ ကျနော် မသိဘူး။ စစ်ကြောင်းမှူးက ကျနော်တို့ လစာထုတ်မှာမို့ ခင်ဗျားတို့ရွာ ကျေးရွာကာကွယ်ရေး လူငယ်တွေနဲ့ သွားရောက် တောရှင်းလိုက်ပါလို့ ပြောတယ်”ဟု ဦးစံထွန်းက ပြန်ပြောပြသည်။ အစိုးရ ခမရ ၃၈၀ ခြေမြန် တပ်ရင်းသည် ၎င်းတို့ ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများ အတွက် နယ်မြေရှင်းလင်း ရေး တာဝန်ယူထားသည် ဟုလည်း ကျေးရွာသားများက ဆိုသည်။ ကိုင်းကြီး မြိုရွာတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များ အရောက်အပေါက် နည်းသောကြောင့် ကျေးရွာရှိ လူငယ်များဖြင့် ကျေးရွာ ကာကွယ်ရေးအဖွဲ့ ဆိုပြီး ဖွဲ့စည်းထားကြောင်း ဦးစံထွန်းက ပြောသည်။ အကြမ်းဖက်မှု မဖြစ်ခင် တရက်အလိုက ကျေးရွာလူကြီး ဦးစံထွန်းသည် ရွာသားများ သတင်းပေးပို့ချက်အရ ယာခင်း ပတ်ဝန်းကျင်တွင် ဓားကိုင်ပြီး ခရု ဆင်းကောက်နေသော သံသယဖြစ်စရာ လူတဦး တွေ့ရှိကြောင်းကို ခမရ ၃၈၀ စစ်ကြောင်းမှူးအား ဖုန်းဆက် သတင်းပို့ခဲ့သည်ဟု ဆိုသည်။ “တောင်ယာသွားတဲ့ ရွာသားတွေက ဓားတလက်နဲ့ ခရု ဆင်းကောက်နေတဲ့ လူတဦးကိုတွေ့တော့။ ဘယ်သူလဲ ဆိုပြီး သွားကြည့်တော့ အဲဒီလူက လူမြင်တာနဲ့ တောထဲ ပြန်ဝင်ပြေးသွားတယ်။ အခြေအနေ စိုးရိမ်ရတယ် ဆိုတာကို စစ်ကြောင်းမှူးကို သတင်းပို့တော့ ဖုန်းဆက်လို့ မရဘူး။ ဆက်သွယ်မှု ဧရိယာ အပြင်ဘက်ကို ရောက်နေတယ်” ဟု ဦးစံထွန်းက ပြောပြသည်။ အကြမ်းဖက် သမားများက ကိုင်းကြီး မြိုရွာသားများအား ယင်းသို့ လာရောက် သတ်ဖြတ်ခဲ့ခြင်းမှာ ၎င်းတို့ ရွာရှိနေခြင်း ကြောင့် ရိက္ခာသယ်ယူရန် အခက်အခဲတွေ့ရပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၂၀ ရက်နေ့က မောင်တောမြို့နယ် ကင်းချောင်း ကျေးရွာ အရှေ့ဘက် မေယုတောင်တန်းပေါ်တွင် အကြမ်းဖက်သမားများ ခိုအောင်း နေထိုင်သော တဲအိမ်များ၊ လိုဏ် ခေါင်းများနှင့် သေနတ်များကို တွေ့ရှိခဲ့ပြီး အကြမ်းဖက်သမား ၃ ဦး အသေဖမ်းမိသော ဖြစ်စဉ်တွင် ကိုင်းကြီး ကျေးရွာ သားများက လမ်းပြသည်ဟု ထင်၍ လာရောက် သတ်ဖြတ်ခြင်း ဖြစ်နိုင်သည်ဟု ရွာသားများက သုံးသပ်သည်။ မေယု တောင်ကြောပေါ်ရှိ တောင်ယာစိုက်ခင်းပေါ်တွင် ကိုင်းကြီးရွာသား ၈ ဦး အကြမ်းဖက် သတ်ဖြတ်ခံရမှုကြောင့် နို့စို့ အရွယ် ကလေးငယ်များ၊ ကျောင်းနေ အရွယ် ကလေးငယ်များ မိခင်ဖခင် ရင်ခွင် ပျောက်ဆုံးခဲ့ရသည်။ ဦးမေရိုင်းတွင်လည်း သားလိုင်းကြတ် နှင့် ချွေးမ ထီးကော် သေဆုံးခဲ့ရသည့် အတွက် မိဘမဲ့ မြေးကလေး ၁ ဦး ကျန်ရစ် ခဲ့ရသည်။ ညနေစောင်း တောင်ယာသိမ်း၍ မိဘများ ပြန်လာနေကျ အချိန်တိုင်းတွင် ထို ၁ နှစ်သားအရွယ် မြေကလေး မောင်မန်နီယာ တယောက် မိဘနှစ်ပါးကို ငိုကြွေးလျက် ရှာဖွေနေပါသည်။ ။ The post မေယုဒေသ ထာဝရ လုံခြုံရေး ရှိလာနိုင်မလား appeared first on ဧရာဝတီ.
Source : http://ift.tt/2wsC8xF
via IFTTT

No comments:

Post a Comment