သမဂ္ဂအဆောက်အအုံတည်ဆောက်ရေး ကျောင်းသားမျိုးဆက်များ ညှိနှိုင်းဆွေးနွေးမည် ကျောင်းသားသမဂ္ဂအဆောက်အအုံကို အစိုးရပိုင်းက ဦးဆောင် ပြုလုပ်တော့မည်မဟုတ်ဘဲ ကျောင်းသားမျိုးဆက် အသီး သီး၏ သဘောထားကို ညိနှိုင်းဆွေးနွေးပြီးမှ တည်ဆောက်တော့မည်ဟု ၈၈ မျိုးဆက်ကျောင်းသားဟောင်း ကိုမြအေးက ဧရာဝတီသို့ ပြောသည်။ “အရင်တုန်းကတော့ အစိုးရက ဦးရွက်ဦးဆောင် လုပ်တဲ့သဘောပဲ။ အခုကတော့ အစိုးရကနေ ဒီဘက်က ကျောင်းသား မျိုးဆက် အသီးသီးရဲ့ ဆုံးဖြတ်ချက်တွေကို လိုအပ်တဲ့အပိုင်းကို ထောက်ပံ့ပေးတာကိုပဲ လုပ်တော့မှာ။ အစ ကနေပြန်စတာပါ” ဟု ၎င်းက ဆိုသည်။ အစိုးရနှင့် ကျောင်းသားမျိုးဆက်များ အကြား သဘောထားကွဲလွဲမှု၊ နားလည်မှုလွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အအုံ တည်ဆောက်ရေးမှာ ကြန့်ကြာနေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “အရင်တုန်းက လုပ်ခဲ့တဲ့ဟာက တဖက်နဲ့တဖက် နားလည်မှု လွဲမှားစေတဲ့ အခြေအနေတွေ ဖြစ်ခဲ့ကြတယ်။ အဓိကကတော့ အခုက မျိုးဆက်အသီးသီးကနေ သဘောထား ဆန္ဒတွေကို အရင်ဆုံး ညှိနှိုင်းလိုက်တဲ့ သဘော၊ တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု ပြန်တည်ဆောက်တဲ့သဘောပဲ။ ဘာမှကြိုတင် သတ်မှတ်ချက်တွေမထားဘူး။ ကြိုတင်ပြီးတော့ အကောင်အထည်ဖော် တာတွေ မထားဘူး။ အားလုံးညှိနှိုင်းကြမယ် တိုင်ပင်ကြမယ်”ဟု ကိုမြအေး က ဆိုသည်။ သြဂုတ်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ရှိ ရန်ကုန်တက္ကသိုလ်တွင် ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရေး ကျောင်းသားမျိုးဆက်များ တွေ့ဆုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ရာ အဖွဲ့ဝင် ၂၂ ဦး ပါဝင်သည့် ကျောင်းသားသမဂ္ဂများ ရှင်သန် ဖွံ့ဖြိုးရေးနှင့် တကသအဆောက် အအုံဆိုင်ရာ ဆွေးနွေးပွဲဖိတ်ကြား ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ အဆိုပါ အဖွဲ့မှ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည်တည်ဆောက်ရေးအတွက် မျိုးဆက်အသီးသီးကို ဖိတ်ကြားပြီး ပြန်လည်ညှိနှိုင်းသည့် အစည်းအဝေး တရပ်ကို သြဂုတ်လကုန်ပိုင်းတွင် ပြုလုပ်ရန် စီစဉ်နေကြောင်း သိရသည်။ “ကျောင်းသားသမဂ္ဂအဆောက်အအုံပြန်လည် တည်ဆောက်ရေးက အားလုံးညီညီညွတ်ညွတ်နဲ့ လုပ်တယ်ဆိုရင်တော့ တကယ်ကောင်းတဲ့ ရလဒ်ပါ။ ကျောင်းသားသမဂ္ဂအဆောက်အအုံ ဆိုတာ သမိုင်းဆိုင်ရာ အရ တကယ်ကို ကြီးမားတယ်။ ပြန်လည်တည်ဆောက်ရေးကို အားလုံးက မျှော်လင့်နေတဲ့ ကိစ္စဖြစ်တယ် ဒါပေမဲ့ သိပ်မလောစေချင်ဘူး။ အဓိကဖြစ်နေတာကလည်း မူဝါဒတွေ ညှိနှိုင်းတာပေါ့ အဲဒီ အဆောက်အအုံကြောင့် ညီညွတ်ရေးကို ထိခိုက်လာမှာကို စိတ်ပူတာပေါ့” ဟု ဖိတ်ကြားရေး အဖွဲ့ဝင်၊ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း တဦးလည်း ဖြစ်သည့် ကိုနန္ဒာစစ်အောင်က ဧရာဝတီသို့ပြောသည်။ ကျောင်းသားသမဂ္ဂအဆောက်အအုံ ပြန်လည် တည်ဆောက်ရေးအတွက် ယခုနှစ် ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကျောင်းသားမျိုးဆက်များ ၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီမှ တာဝန်ရှိသူများ နှင့် ဆွေးနွေးခဲ့သော်လည်း သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့နောက် ဇူလိုင်လ ၃ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ဦးဆောင်ပြီး ကျောင်းသားသမဂ္ဂ အဆောက်အအုံ ပြန်လည် တည်ဆောက်ရန်အတွက် ပြည်ထောင်စုက ဘတ်ဂျက် ချပေးပြီးဖြစ်၍ ယခုဘဏ္ဍာနှစ်အတွင်း လုပ်ငန်း စတင်နိုင်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းအစည်းအဝေး တခုကို ပြုလုပ်ကျင်းပခဲ့သည်။ The post သမဂ္ဂအဆောက်အအုံတည်ဆောက်ရေး ကျောင်းသားမျိုးဆက်များ ညှိနှိုင်းဆွေးနွေးမည် appeared first on ဧရာဝတီ.
Source : http://ift.tt/2w8oe3o
via IFTTT
No comments:
Post a Comment