အစိုးရ ဆန့်ကျင်ရေး သပိတ်စခန်းများ ဖျက်သိမ်း မန္တလေး တိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မဟာမုနိဘုရားကြီး အနောက်ဘက် ၂၅၀၀ ခန်းမရှေ့မှ သပိတ်စခန်းကို မနက် ၂ နာရီခွဲခန့်က အစိုးရ၏ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှင်းလင်းပြီး များမကြာမီ ရန်ကုန်တိုင်းဒေသကြီး၊ ရွှေတိဂုံ စေတီတော် အရှေ့ဘက်မုခ်အနီး မဟာဇေယျ အတုလမာရဇိန် ကြေးသွန်းဘုရားရှေ့မှ သပိတ်စခန်းသည်လည်း အစိုးရဆင်းပေးရေး တောင်းဆိုနေသည့် အမျိုးသားရေးလှုပ်ရှားသူ အမည်ခံ သံဃာတော်နှင့် လူပုဂ္ဂိုလ်တို့ ကိုယ်တိုင် ဖျက်သိမ်းသွားကြပြီ ဖြစ်သည်။ အဆိုပါ သပိတ်စခန်းကို သြဂုတ်လ ၂ ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ပြီး သြဂုတ်လ ၅ ရက်နေ့ ညနေပိုင်းတွင် သံဃမဟာနာယက ဆရာတော်ကြီးများ၏ သြဝါဒ ပေးမှုကြောင့် ဟုဆိုကာ ကိုယ်တိုင်ဖျက်သိမ်းသွားကြခြင်းဖြသည်။ အမျိုးသားရေးလှုပ်ရှားသူ အမည်ခံ ပုဂ္ဂိုလ် တဦးက “ဆရာတော်ကြီးတွေရဲ့ သြဝါဒ ပေးမှုကြောင့် ဖျက်သိမ်းလိုက်တာပါ” ဟု သပိတ်စခန်း ဖျက်သိမ်းနေရင်းမှ မီဒီယာများကို ပြောဆိုသည်။ ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် အမျိုးသားရေးလှုပ်ရှားသူ အမည်ခံများက အစိုးရဖြုတ်ချရေး သပိတ်စခန်းများဖွင့်လှစ်၍ ပြုလုပ်နေသော သပိတ်စခန်းများသည် ခိုင်လုံသည့် အကြောင်းပြချက် မရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီး သူရ ဦးအောင်ကိုက ယနေ့ ရန်ကုန်မြို့တွင် ပြုလုပ်သော ကမ္ဘာ့ငြိမ်းချမ်းရေး ညီညွတ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဘာသာပေါင်းစုံ ညီလာခံအပြီးတွင် သတင်း မီဒီယာများကို ပြောသည်။ ဝန်ကြီး သူရ ဦးအောင်ကိုက “ခိုင်မာတဲ့အကြောင်းပြချက်မရှိပါဘူး။ ဒါတွေကို လုပ်ထုံးလုပ်နည်းနဲ့ အညီ ဓမ္မစက်နဲ့ ကျနော်တို့က ဒါကို သတိပေးပါတယ်။ ဓမ္မစက်နဲ့ သတိပေးလို့မရဘူးဆိုရင်တော့ အာဏာစက်နဲ့ ရှင်းလင်းရပါမယ်” ဟု ပြောသည်။ သြဂုတ်လ ၅ ရက်နေ့ မနက် ၂ နာရီကျော်က မန္တလေးမြို့က သပိတ်စခန်းကို အေးချမ်းစွာ ရှင်းလင်းခဲ့ကြောင်း၊ ထိုသပိတ်တွင် ပါဝင်သူများကို လူပုဂ္ဂိုလ်ဆိုလျင် လူပုဂ္ဂိလ်အလျှောက် ရဟန်းလည်း ရဟန်းအလျှောက် ဥပဒေ ချိုးဖောက်သူများကို တည်ဆဲ ဥပဒေများနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ရှင်းလင်းပြောကြားသည်။ မန္တလေးမှ သပိတ်စခန်းကို အစိုးရ၏ လုံခြုံရေး တပ်ဖွဲ့ဝင်များက ဥပဒေနှင့် အညီ စနစ်တကျ ဝင်ရောက် ရှင်းလင်းခဲ့ကြောင်း မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကလည်း သတင်းမီဒီယာ များကို ဖိတ်ကြား၍ ရှင်းလင်းခဲ့သည်။ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် က “ကျနော်တို့ ဆောင်ရွက်ခဲ့မှု အားလုံးဟာ ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့ အညီဖြစ်ပါတယ်။ မည်သည့် အကြမ်းဖက်မှုမျိုးမှ မပါဘူးဆိုတာ ကျနော်တို့ ရဲရဲကြီး အာမခံရဲပါတယ်” ဟု ရှင်းပြသည်။ မန္တလေး သပိတ်စခန်းရှင်းလင်းမှုပြုလုပ်ရန်အတွက် ပြည်ထောင်စု အစိုးရ နှင့် သာသနာရေးဝန်ကြီးဌာန တို့မှ အကြံညာဏ်များကို ယူခဲ့သလို တိုင်းဒေသကြီး အစိုးရအနေဖြင့် အစည်းအဝေးထိုင်၍ ဆုံးဖြတ်ချက်ချပြီးမှ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။ မန္တလေး သပိတ်တွင် ပါဝင်သော လူပုဂ္ဂိုလ်များနှင့် သံဃာတော် အချို့ကို လူဝတ်လဲ ဖမ်းဆီးထားသလို လွတ်မြောက်နေသည့် သံဃာတော်အချို့နှင့် လူပုဂ္ဂိုလ် အချို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ အမျိုးသားရေးလှုပ်ရှားသူများဟု ကိုယ့်ကိုယ်ကိုယ် အမည်ခံထားသော ရဟန်းများနှင့် လူပုဂ္ဂိုလ်များ ပါဝင်သော ယခု အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများသည် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ)အဖွဲ့ ဆိုင်းဘုတ်များအား ဖြုတ်သိမ်းရန် နိုင်ငံတော် သံဃမဟာ နာယက (မဟန) အဖွဲ့က ညွှန်ကြားထားသော နောက်ဆုံးနေ့ ဇူလိုင် ၁၅ ရက် နောက်ပိုင်း ထုတ်ပြန်သော ဗီဒီယိုတခုတွင် ဘုန်းတော်ကြီး ဦးဝီရသူက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် – NLD အစိုးရ နှုတ်ထွက်ပေးရန် တောင်းဆိုလိုက်အပြီး ပေါ်ထွက်လာခြင်းဖြစ်သည်။ The post အစိုးရ ဆန့်ကျင်ရေး သပိတ်စခန်းများ ဖျက်သိမ်း appeared first on ဧရာဝတီ.
Source : http://ift.tt/2whgBEM
via IFTTT
No comments:
Post a Comment