တနိုင်း စစ်ဘေးရှောင် စခန်း၌ ၃ နှစ်ကျော် မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ခံရ ကချင်ပြည်နယ် တနိုင်းမြို့နယ်ရှိ စစ်ရှောင်စခန်းတခု၌ ၃ နှစ်အရွယ် မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ခံရကြောင်း သိရ သည်။ လွန်ခဲ့သည့် ၃ ရက်ခန့်က ကလေးငယ်ကို အဓမ္မပြုကျင့်သူသည် ကလေးအမေ၏ နောက်အိမ်ထောင် ဖြစ်ပြီး ၎င်းအား ဥပဒေ ကြောင်း အရ အရေး ယူ ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ကချင်အမျိုးသမီး အဖွဲ့ (KWU) အဖွဲ့ဝင် တချို့က ဧရာဝတီ ကို ပြောသည်။ KWU မှ ဒေါ်ခေါန်နန်း က ထိုအမှုနှင့်ပတ်သက်၍ အသေးစိတ် အချက်အလက်များ ရရှိစေရန် KWU အဖွဲ့ဝင် တချို့က တနိုင်းမြို့သို့ သွားရောက်နေပြီး ကလေးမိသားစုဝင်များနှင့် တွေ့ဆုံနေကြောင်း၊ ပြစ်မှု ကျူးလွန်သူအား ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ဧရာဝတီ ကို ပြောသည်။ ဒေါ်ခေါန်နန်းက “ကလေးက ၃ နှစ်နဲ့ ၆ လ ပဲ ရှိသေးတယ်၊ အဓမ္မပြုကျင့်သူက ပထွေးဖြစ်သူပါ၊ ကလေးအမေကတော့ သူ့ယောကျ်ားနဲ့ ကွာရှင်းမယ်၊ တရားရုံးကို မသွားချင်ဘူးလို့ ပြောပါတယ်၊ ဒါပေမယ့် ဥပဒေကြောင်းအရ အရေးယူနိုင် အောင်တော့ ကျမတို့က ဆောင်ရွက်သွားမှာပါ” ဟု ဆိုသည်။ ကလေးငယ် အဓမ္မပြုကျင့်ခံရသည့် စစ်ဘေးရှောင် စခန်းသည် တနိုင်းမြို့နှင့်ကောင်ရာ ကျေးရွာ ကြားတွင် တည်ရှိ ကြောင်း သိရသည်။ ကလေးငယ်သည် ယခုအခါ တနိုင်းမြို့ဆေးရုံ၌ ဆေးကုသမှု ခံယူနေပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း KWU အဖွဲ့ က ပြောသည်။ စစ်ဘေးရှောင် စခန်းများ၌ အဓ္မပြုကျင့်မှုများ ဖြစ်ပွားပါက ပတ်ဝန်းကျင်တွင် အရှက်ရမည်ကို စိုးရိမ်၍ လူသူမသိဘဲ ပျောက်ကွယ် သွားတတ်ကြောင်း၊ ထို့ကြောင့် အဓမ္မမှု အားလုံးကို ဥပဒေကြောင်းအရ အရေးယူနိုင်ရန် အသိပညာပေးမှု များကိုလည်း KWU က ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်ခေါန်နန်း က ပြော ဆိုသည်။ ကလေးငယ်၏ အဓမ္မမှုနှင့်ပတ်သက်၍ ကချင် ဘာသာရေးဆိုင်ရာ တာဝန်ရှိသူများက အမှုကို ကျယ်ပြန့်မသွားရန် ဖုံးကွယ် ထားသည်ဟုလည်း ကချင် လူမှုအသိုင်းအဝိုင်းကြား ဝေဖန်မှုများရှိနေသည်။ ကချင် နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ် (KBC) မှ အထွေထွေ အတွင်းရေမှူး ဒေါက်တာ ခလမ်ဆမ်ဆွန် က အဓမ္မမှုများအား အသင်းတော် အနေဖြင့် ဖုံးကွယ်ထားခြင်း မရှိကြောင်း၊ တနိုင်းက ကလေးငယ်၏ အဓမ္မမှု ကိစ္စကိုလည်း ၎င်း တို့အနေဖြင့် အတိအကျ မသိရသေးကြောင်း ဧရာဝတီ ကို ပြောသည်။ ဒေါက်တာ ခလမ်ဆမ်ဆွန် က “တနိုင်းက ကိစ္စကို ကျနော်တို့ ဘာမှ မသိရသေးပါဘူး၊ တကယ်လို့ အမှု ဖြစ်တယ်ဆိုရင် လည်းပဲ ဥပဒေအတိုင်း ဆောင်ရွက်ဖို့ တိုက်တွန်းသွားမှာပါ၊ ဘာသာရေး အရ စီရင်တာမျိုး၊ ဖုံးကွယ်ထားတာမျိုးတော့ မရှိပါဘူး၊ ကချင်ရိုးရာ အရ စီရင်တာမျိုးတွေတော့ ရှိပါတယ်” ဟု ပြောဆိုသည်။ တနိုင်းမြို့ပေါ်နှင့်မြို့အနီးတဝိုက်၌ ဒုက္ခသည် စခန်း ၅ ခု ဝန်းကျင်ရှိပြီး ထိုစခန်းများသည် ဇွန်လအတွင်း က ဖွင့်လှစ် ထား သည့် စခန်းများ ဖြစ်သည်။ စစ်ဘေးရှောင်လာသည့် ဒေသခံများသည် ထန်းပလားမှော်၊ ဝမ်းပလာ၊ အောင်လွတ်၊ တုံမဏီ၊ ချောင်းဆုံ၊ နန်ဗြူ၊ ဂျာ အောင်ဘာ၊ ဇီးဖြူကုန်း၊ ညောင်ပင်ကုန်းမှော်နှင့် နမ့်ကွမ်းမှော်များတွင် လုပ်ကိုင်နေကြသူများ ဖြစ်ကြောင်း သိရသည်။ ၎င်းတို့အား မှော်များမှ ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ထွက်ခွာကြရန်၊ တပ်မတော် က နှိုးဆော်ပြီးနောက် ထွက်ပြေး ခိုလှုံနေကြသူများ ဖြစ်ပြီး ယနေ့အထိ မိမိတို့ နေရပ်အား ပြန်နိုင်ခြင်း မရှိသေးပေ။ The post တနိုင်း စစ်ဘေးရှောင် စခန်း၌ ၃ နှစ်ကျော် မိန်းကလေးငယ်တဦး အဓမ္မပြုကျင့်ခံရ appeared first on ဧရာဝတီ.
Source : http://ift.tt/2wimXXK
via IFTTT
No comments:
Post a Comment